Monday, October 31, 2022

လူ့လောကထဲ
တနေ့ထက်  တနေ့ 
အရူးတွေပို ပိုပေါလာနေပြီ

စာရူး
ကဗျာရူး  
အချစ်ရူး
အာဏာရူး

တစ်ချို့သော အရူးများ
အာဏာရှင်ကို တော်လှန်ဖို့တဲ့
အသက်တောင်. စွန့်သွားလေရယ့်
ဪ.....တော်လှန်အရူးတွေ

ကျည်ခွံတွေ ဟိုနားတစ်စ ဒီနားတစ်စ
ယမ်းငွေ့တလူလူနဲ့  ကမ္ဘာကြီးထဲမှာ
ဒီအရူးတွေဟာလည်း ငြိမ်းချမ်းစွာပဲ
အနားယူကုန်ကြတယ်

ငါမျှော်လင့်ပါတယ်
တရားသော ရူးသွပ်ခြင်းများ  ခိုင်မြဲပါစေ
ငိုသံတွေလည်း  နိဂုံးချုပ်နိုင်ပါစေတော့.......

                                       ThaeNu

ငှက်တို့ရဲ့လမ်း



ငှက်တို့ရဲ့လမ်း
---------------


ဥမကွဲ
အသိုက်ပျက်နေတဲ့
ငါတို့တွေက
ဥကွဲ
အသိုက်ပျက်နေတဲ့
ဘဝတွေအတွက်
မျက်ရည်ကျကြရတယ်

အနာဂတ်မှာ
မျိုးဆက်တွေ
ဥမကွဲ 
အသိုက်မပျက်ဖို့
ပစ္စုပ္ပန်မှာ
ဥကွဲကြ
အသိုက်ပျက်
ပေးနေကြရတယ်

မျက်ရည်တွေ
ထပ်မကျဖို့
သွေးစက်တွေ
ချပေးနေကြတယ်


San Zuren 🌸

ကျွန်တော် ငိုတယ် အမေ

ကျွန်တော် ငိုတယ် အမေ

ကဗျာဆရာတစ်ယောက်က ရီဝေဝေနဲ့ထပြောတယ်
“ကဗျာတွေလည်း ဆန်မနေတော့ပါဘူးကွာ”တဲ့

…………………………….
………………………………
……………………………………

မမွှေးတော့တဲ့ သနပ်ခါးတို့ရဲ့ မြေ
ကျက်သရေကင်းမဲ့နေတဲ့ ဝင်းဝင်းဝါဝါ ဘုရားတွေ
ဒါတွေက ငါတို့နိုင်ငံရဲ့ အမှတ်အသားတွေဆိုပြီး…
ကြွားရတာ အဟုတ်ထင်နေကြသေးသလား
ကျွန်တော်မြန်မာလူမျိုးပါ

ရှက်စရာကောင်းလှပါဘိ…

တချို့က…ဝတ်စုံပြည့်ကြီးဝတ်လို့…
တချို့က…ဝတ်စုံအပြဲအစုတ်နဲ့ လှည်းစုတ်ကို တွန်းနေတုန်း…
တချို့က…ဘာကိုမှ မဝတ်တော့ဘူး…

ဆွဲဖြတ်ခံလိုက်ရတဲ့ လျှာဖျားလျှာစကို အတင်းပြန်လိုက်ရှာနေတာ တစ်ဘဝလုံး
အသံထွက်နိုင်စွမ်းကင်းမဲ့သွားတဲ့သူတွေအတွက်
အသံတစ်ခုအဖြစ် ရေးခဲ့တဲ့ ကလောင်တံ
လိပ်ပြာလုံတယ်
သေချာလား မိတ်ဆွေ
သေချာလား…
ငါတော့ မလုံဘူး
ဘယ်စိတ်နဲ့မှ မလုံတတ်တော့ဘူး
ဘာမှလုပ်လို့မရတော့ပါဘူးဆိုပြီး
တယောကို ဆက်ထိုးနေရတာကို မလုံဘူး

အနည်းဆုံးတော့…

ဒီတယောနဲ့…

ဒီကောင်တွေကို ရိုက်လိုက်ဖို့ကောင်းနေပြီ

ငါတို့ဖန်တီးတဲ့ ပန်းချီကား
စာအုပ်
ကဗျာ
ဂီတ
အားလုံးက တစ်မနက်နိုးလို့ စားစရာမရှိတဲ့အခါ
တန်ဖိုးမရှိတော့တဲ့အရာတွေသက်သက်ပဲ

တစ်ယောက်ထဲ မြင်ယောင်နေတဲ့ သီအိုရီတွေကြားမှာ
လူသားဆန်မှုပျောက်ဆုံးသွားတဲ့ ကဗျာဆရာတစ်ယောက်…

အာဏာက နံပါတ်(၁)
ငွေရှာနိုင်စွမ်းက လူ့တန်ဖိုး
အနုပညာဆိုတာ အနုကြမ်းစီးဝင်ရောက်လာမှုကို ချီးမြှောက်သော လှုပ်ရှားမှု

ဒီလိုနိုင်ငံကမွေးတဲ့သူပါဆိုတာကို ဘာကိုဂုဏ်ယူသလဲ မအေလိုးတွေ
မရယ်ရတဲ့ အမှားကြီးကို လက်ခံတတ်ဖို့ပဲ စိတ်ကိုတွန်းပို့နေကြတယ်
အဆက်ဆက်သော
လက်ထိပ်တွေ စွပ်ထားရတဲ့ ကလောင်ကိုင်လက်တွေကို အားမနာဘူးလား

………………..
……………………..
…………………………….

ကဗျာက ငတ်နေတဲ့သူပါးစပ်ထဲလည်း အစာမဖြစ်
အေးနေတဲ့သူကိုလည်း စောင်မခြုံပေး
နေမကောင်းနေတဲ့သူအတွက်လည်း ဆေးမဖြစ်
ဘာလုပ်ဖို့ အဲ့တာဆို ငါက ရေးနေရတာလဲ

စံချိန်ပေတံက နိမ့်ကျသထက် ကျသွားတာပေါ့လေ

ဆရာဝန်တောင် ကုမပေးနိုင်တဲ့ ငါ့စိတ်ထဲက မကောင်းဆိုးဝါးဟာ ငါ့ညတွေမှာ စကားအများကြီးပြောတယ်
ဝတ္ထုတွေရေးတယ်
ကဗျာတွေရေးတယ်
သီချင်းတွေ ဆိုပြတီးပြတယ်
အတ္တကို မီးမြိုက်ပေးနေလျက်ပေါ့

တစ်ရက်ကျ ဒီကောင်ထပြောပါရဲ့

သူ့မကျေနပ်ချက်တွေ
မနာလိုမှုတွေ
ကမ္ဘာက ဘယ်နှဒီဂရီစောင်းလို့

အကြောင်းမဆုံလိုက်ရသော ဘဝတစ်ကွေ့က အချစ်ဟောင်းတွေဆီသို့တဲ့…
အစပျိုးပြီး ငါ့ဆီထားသွားတယ် ဒီကဗျာကို

သေလိုက်ပါတော့
သေလိုက်ပါတော့ကွာ…

…………………….
…………………………….
………………………………………

မာန
ပညာ
အသိ
နောင်တ
အချစ်
ဝမ်းနည်းမှု
မုန်းတီးမှု
မနာလိုမှု
ယစ်မူးခြင်း

တံစက်မြိတ်ထဲမဝင်ခင် ပစ်ချခဲ့
အမေ့ပေါင်ပေါ် အိပ်ပါ ငါ့သားငယ်
ငါ့သားလေး အတွေးအရမ်းများတတ်တာ အရင်အတိုင်းပဲနော်
အမေ့ကို ယုံပါသားငယ်
အဆင်ပြေသွားမှာပါ
အဆင်ပြေသွားမှာပါကွယ်…
တစ်နေ့နေ့ပေါ့ သားရယ်…

………………………
…………………………….
…………………………………

#Tommy

Saturday, October 29, 2022

ပစ်မှတ်



ပစ်မှတ်

ပြေး၊ပြေး ဆိုတာနဲ့၊
ဦးတည်ရာမဲ့ပြေးကြရ
မြို့ပြရဲ့လမ်းများပေါ်မှာ။

ဘာကြောင့်ပစ်ရမှန်း
မသိတဲ့ကောင်တွေဟာ၊
ဘာကြောင့်ပြေးရတာလဲလို့
ဝေခွဲတတ်မှာမဟုတ်ဘူး။

ရုတ်ရုတ်သဲသဲပြေးကြ၊
အရသာခံပစ်သူတွေရှေ့မှာ။

ကစဉ့်ကလျားပြေးကြ၊
အရသာခံရိုက်နှက်သူတွေရှေ့မှာ။

ဖရိုဖရဲပြေးကြ
​ဆေးချထားတဲ့သေနတ်သမားတွေရှေ့မှာ။

အလဲလဲအကွဲကွဲပြေးကြ၊
ဦးနှောက်ကိုဆေးထားတဲ့
ကြေးစားတွေရဲ့ရှေ့မှာ။

ပြေး ပြေး ပြေး ပြေး၊
ဝေး ဝေး ဝေး ဝေး သွားကြပေါ့။

ဟော 
ကြည့်လိုက်စမ်းပ၊
မြို့ပြရဲ့လမ်းများပေါ်မှာ၊
သံသရာတစ်ပတ်လည်လို့
သူတို့ပြန်လှည့်လာကြ။

အရင်တုန်းက
ကျောနဲ့ပြေးတဲ့သူတွေ
အခုရင်ဘတ်နဲ့ပြေးလာနေပြီ။

အရင်တုန်းကတဖြေးဖြေး
ဝေးဝေးသွားတဲ့ပစ်မှတ်၊
အခုကပို ပိုနီး
ကြီး၊ ကြီးလာတဲ့ပစ်မှတ်။

ကျောကိုပစ်ရတာနဲ့
ရင်ဘတ်ကိုပစ်ရတာ
အရသာကွာသလား။

ဓါးဓါးချင်း
လှံလှံချင်းမှာ၊
လိပ်ပြာချင်းကွာသလား၊
သိက္ခာချင်းကွာသလား။      ။

ခိုင်ဝင်း(ပုဏ္ဏဝတီ)

"ဒေါင့်ချိုးများ"

"ဒေါင့်ချိုးများ"

ဒုက္ခဆိုတာ ဒိုင်ယာရီတစ်အုပ်ပဲ
သုခဆိုတာ အတိုအစတွေရတဲ့ Snack ဘားလေးတစ်ခုပဲ
ချစ်သူဆိုတာ လေညင်းသာသာမှာ
လွင့်ပါးသူ ပုဝါစကလေးပဲ
ပျော်ရွှင်ခြင်းဆိုတာ ခုန်ပေါက်စားခြင်းတစ်မျိုးပဲ
ဘဝဆိုတာ ဓားချက်တွေမွှန်းထားတဲ့ အရှင်လတ်လတ်ငါးပဲ
ယုံကြည်ချက်ဆိုတာ မြစ်လိုမဖြာ
သစ်ပင်လို သီးပွင့်ခြင်းပဲ
ခံစားချက်ဆိုတာ ရေတံခွန်နဲ့ စက္ကူစွန်ပဲ
လောကကြီးက ခရီးသည်ကြီးပါပဲ
တိမ်တွေကို ကျောပိုးအိတ်လို လွယ်လို့
သစ်တောနဲ့ တောင်တန်းတွေဝတ်ဆင်
အိမ်ရာပြုလို့
သေခြင်းတရားဆိုတာ သောက်ဖော်စားဖက်ပါပဲ။

-မောင်ချောနွယ်

.၁ မိနစ်ငြိမ်....



.....၁ မိနစ်ငြိမ်....
==============

၂၀၂၁၊ ဖေဖော်ဝါရီ(၁) ....

ခင်ဗျားတို့မြင်လား...
အဲ့ဒီနေ့ကတည်းက....
အနာဂတ်တွေ ...
တဖြုတ်ဖြုတ် ကြွေနေတာကို...

သူတို့ခမျာ..
စစ်ခွာသံ ပြင်းပြင်းအောက်...
သေရမှာထက် ...
နေရမှာ ပိုကြောက်ခဲ့ကြ....

ဒီသမိုင်းဟာ...
ချွေးနဲ့ ​သွေးနဲ့ ရေးရမှန်းလည်း...
သူတို့သိရဲ့...

အိမ်မှာဟင်းမကောင်းရင်...
ထမင်းပန်ကန် လွှင့်ပစ်တတ်တဲ့...
ကောင်လေးဟာ...

တောနဲ့တောင်စွယ်ကို ခြေကုတ်...
၁၀၀ တန် ငပိဘူးကို...
ဟင်းလုပ်ခဲ့တာသာ...
သူတို့ မိဘတွေသိခဲ့ရင်...

ရယ် လေမလား..???
ငို ​ကြ လေ မလား..???

တစ်ချို့ ပြန်မလာနိုင်တာတောင်...
အမျှဝေတာ မကြိုက်...
" ကျွန်တော်တို့အလှည့် ကျန်သေးသတဲ့ "

ကိုယ့်မှာ..
" မိုက်လိုက်တာ" လို့လဲ မပြောရက်...
သိပ်ခက်တဲ့ကောင်တွေ...

ကိုယ့်ကမ္ဘာလာထိမှ ...
ပျက်တယ်လို့ထင်သူတွေအတွက်...
ကြွေခဲ့ရတဲ့ ကြယ်တွေကို..
အားနာမိပါရဲ့..။

                      သွေးသစ်
                   

"ကြွေတာကိုကပွင့်ခြင်းပဲ"



"ကြွေတာကိုကပွင့်ခြင်းပဲ" 

ပန်းဆိုတာက

ကြွေတာကိုကပွင့်ခြင်းပဲ။

တစ်ပွင့်ချွေရင်

တစ်ပွင့်ဝေလွင်နေမှာပဲ။

နှစ်ပွင့်ချွေရင်

နှစ်ပွင့်ဝေလွင်နေမှာပဲ။

ကဲ...ချွေစမ်းပါဦး

လေရူးလေနော့၊ သော့နှင်မဆုံး

လေသင်ဓုန်းလား၊ မုန်တိုင်းလားပဲ

တအားတိုက်စမ်း၊ ချွေစမ်းပါဦး

ပန်းအဖူးတွေ၊ မြေမှာကြွေအောင်

မွချွေစမ်းလေ၊ မမှုပါဘူး

ကြွေတာကိုကပွင့်ခြင်းပဲ။

ပန်းအဘိဓမ္မာ

ဒါပဲလေ ချွေလို့ကြွေကြွေ

ကြွေလို့နေနေ၊ ကြွေတာကိုက ပွင့်ခြင်းပဲဟေ့။  ။
                                           #မောင်ချောနွယ်

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်



ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်
_______________________________________  မောင်ချောနွယ် 

ဟိုး ခပ်ဝေးဝေး
ကြီးကောင်စဝင်စ အသံလေးမှာ
ပြန်စရာအိမ် မရှိရှာပါဘူး အမေရယ်
ကမ္ဘာမြေကြီးပေါ်မှာ
အကုသိုလ်ပန်းတွေဝေပုံကလည်း
အဖူးပေါ် အညွှန့်တက်လို့
တပ်မက်စရာပါလား အမေ
သံသရာလေးတေးချင်းတွေက စီစီ
ပုရစ်ကလေးလို သားကမြည်လို့ပေါ့
တစ်ခါတစ်ရံတော့ အမေရယ်
သားဘဝဟာ
မြေငွေ့ပျံ ညလေးတစ်ည ဖြစ်ခဲ့ရတယ် ။
 
သားလေ
သူ့ကိုယ်ပိုင် အသီးတွေ
ညွတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမယ့်
ပျော်ရှာတဲ့
ကုန်ထမ်းသမား သလဲပင်ကလေးကို
အားကျမိတယ် ။
 
အမေရယ်
လေတွေထန်နေလေလေ
သားမှာ ကြေကွဲရလေလေပါပဲ
မိုးဦးအကျစောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ ညတွေမှာ
မိုးတွေသိပ်ရွာတာပဲ အမေရယ် ။
 
အမှောင်နဲ့ စိုစွတ်
မိုးရေတွေ ရွှဲရွှဲနစ်လို့
အသံတွေတောင် ငုတ်နေခဲ့ပါပြီ အမေ ။
 
ဆုံးရှုံးမှု သစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘဝရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အေမရဲ့ ။
 
တကယ်တော့လည်း အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာ ။
အမေရယ်
ဟောဒီ ကမ္ဘာလောကကြီးမှာ
အမေ့သား ကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလား အမေ
သားရဲ့ အချစ်မှာလေ
ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေရယ် ။
 
ခုတော့
တခြားသူတွေ မမြင်မိတဲ့ အသံကလေးကို
ခေါင်းအုံးအိပ်မိလို့
အကြင်နာအမဲ့ဆုံး ဆုလဒ်ကို သားရခဲ့ပါတယ် ။
 
အမေမသိဘူးလား
လူတွေရဲ့ အပြုံးမှာ
ကုန်စျေးနှုန်းတွေပါတယ် အမေရဲ့ ။
ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့လူတွေရဲ့ သဘောထားကို
သား တူးတူးခါးခါး မုန်းတယ်အမေ ။
 
အမေရယ်
တခြားသူတွေ အတွက်တော့
အရာရာဟာ
လက်တစ်ပစ်စာရယ်ပါ ။
သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး ။
 
သားရဲ့ ' ဘီး ' ကလေးဟာလေ
ဘယ်လောက်တောင် ပါးလှပ်နေသလဲဆိုတော့
ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင်
ဘီးက ထပေါက်သွားနိုင်ပါတယ် အမေ ။
 
အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့စဉ် ခုန်ခုန်ချနေရတဲ့ ဘဝခရီး
အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျနော် ဘယ်လောက်မှားယွင်းမိလို့လဲ အမေ
အဆုတ်က ကြပ်ခိုးစွဲမီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲ မီးထ ထတောက်တာမြင်ရ
အမေရယ်
အတွင်းလူမမာ တစ်ယောက်ပါ ။
 
ဒါပေမယ့်
သစ်သားဘတ်စ်ကားအိုအိုကြီး ခိုစီးလို့
ကဗျာဆရာ မာယာကော့စကီးဆိုတဲ့ လူလည်းပါတယ်လေ
လူနဲ့သူနဲ့ မတူတဲ့လူလို့
လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့
ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာပြိုလဲခဲ့ပါသလဲ
ဘယ်တော့များမှ သမ္မဒေဝတွေလက်ထဲ ရောက်မှာတဲ့လဲ
တစ်ယောက်ကို တစ်ယောက် မေးရင်းပေါ့
မျက်စေ့တစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ
သောမဂြိုဟ်တွေ ချောင်းကောဖြစ်သွား
ဘဝကို ဖြစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးကလေးမှာ
အချိုရည် ကျန်သေးတယ်
အို...
အသည်းနှလုံးထဲမှာ
ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ် ။
 
ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို
အသေခံသောက်ချင်တဲ့ မြက်ပင်ကလေးရယ်
လမင်းကို
ပြည့်ပြည့်ဝဝ တိုက်ရိုက်မမြင်ချင်တဲ့ အပြုံးရယ်
အနေအထိုင်မတတ်တဲ့ ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက် ကဗျာပေါ် အချစ်ရယ်
မကြာခဏ
လူလိမ္ခံရတဲ့
ရင်ထဲက ကြယ်ပြာလေးရယ်
နက္ခတ်မိမိ ပျော်ချင်ရှာတဲ့
အပျော်လေးရယ်
သားလက်ဖဝါးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားလို့
တဆတ်ဆတ်တုန်နေတဲ့ သားဘဝလေးရယ်
အမေ့သားမှာ ပိုင်ဆိုင်ပါတယ် ။
 
ထမင်းစစ်စစ် စားချင်တယ် အမေရယ်
အိမ်နံ့မွှေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖိုအငွေ့ပေးချင်တယ်
ဗမာ ပရဆေးသန့်သန့် သောက်ချင်တယ်
ပြီးတော့ ဟောဒီလို
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်ပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ကရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ
 
အမေရယ်
အမေ့ဆိပ်ကမ်း မကပ်တာ ကြာပြီဖြစ်တဲ့
သားသင်္ဘောလေ အမေရဲ့ ။
ကျနော် ရိုးသားခဲ့ပါတယ် အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ် ။     ။
 
 
မောင်ချောနွယ်

Monday, October 24, 2022

မမနွေမွန် စစ်ကိုင်းအထက်ပိုင်းရောက်ဖူးလား



မမနွေမွန် စစ်ကိုင်းအထက်ပိုင်းရောက်ဖူးလား

--------------------------------------------------------------------------

စစ်ကိုင်းတိုင်း အထက်ပိုင်းဆိုတာလေ
စကားသံဝဲဝဲနဲ့ အိမ်ရှေ့ဖြတ်သွားသူတိုင်းကို
ထမင်းစားခေါ် 

အေးကွယ် မောင် ညယ် ရှင် ဝေ့ 
စကားဆန်းပြားပြားနဲ့ ဖော်ရွေလွန်းသူတွေ
နေထိုင်ကြတဲ့ ဒေသပေါ့

ထန်းပင် ထန်းတောတွေ မပေါပေမယ့်
ကျွန်း သံမလန်း အင် နဲ့ ကညင်
အင်ကြင်း သစ်စေး လောက်ယား သစ်မွှေး
ဝါးပိုး ထီးရိုး ချင်ဝါး ပြတ်သပ် 
သစ်စုံ ဝါးစုံ လူမျိုးစုံတဲ့ ဒေသပေါ့ မမနွေမွန်

ရွှေမျှော မော်တော် ပေါ်လိမ် လောပန်း
ကုန်သည်ကြီးတွေလဲ ပေါပါဘိသနဲ့
စပါး ပြောင်း နှမ်း ပဲ နဲ့ နေကြာ
ရွှေဖြူ ​ရွှေဝါလည်း ထွက်သေးတယ် မမနွေမွန်ရဲ့

ချင်းတွင်းတစ်ကြောဆိုရင်
မင်းကင်း ကလေး မော်လိုက် ဖောင်းပြင်
ဟုမ္မလင်း ခန္တီး ငှက်ဖျားပေါတဲ့ ဆယ်ဇင်းရွာကြီး

ကားလမ်းတစ်ဖြောင့်ဆိုရင်
ဝန်းသို ကောလင်း ပင်လည်ဘူး အင်းတော်
အို ..... မမနွေမွန်ရယ် ပြောပြရင် ရွာတောင်လည်ပါရဲ့

ကဒူး ၊ကနန်း ၊ရှမ်းနီ ၊လအယ် ၊နာဂ ၊ကသဲ ၊
ဗမာစတဲ့ လူမျိုးပေါင်းစုံ နေထိုင်ရာ ဒေသပေါ့ 
မမနွေမွန်

ရိုးသားမှုကို ရင်ဝယ်ထား
လောဘသားတွေ မနေတတ်တဲ့ ဒေသပေါ့

မမနွေမွန်တို့ရဲ့ ရန်ကုန်မြို့ကြီးလိုမျိုး
တိုက်တာ အိုးအိမ် စူပါမားကပ် မီနီမတ်တွေ
မရှိပေမယ့်

တောတောင်စိမ့်စမ်း ဘုရားကျောင်းကန်
​ရှေးဟောင်းပုထိုးတွေ အလွန်ပေါတဲ့ ဒေသပေါ့ 
မမနွေမွန်

မမနွေမွန် ပြောဖူးပါတယ်

ဘာတဲ့  ဗန်းမောက်က "ဇလုံတောင်ဘုရား"
ဖူးချင်သေးပါရဲ့ဆို!

အခုတော့ မမနွေမွန်ရယ်
နှင်းမှုံတွေအစား ........ ယမ်းငွေ့တွေ တလူလူ

တောတောင်တွေလည်း အရင်လိုစိမ်းလန်းခွင့်
မရကြတော့ 

မိန်းမသားတွေက အထုတ်ပြင်

ယောကျ်ားသားတွေက ကင်းလှည့်

ဓားရှည်တစ်လက်နဲ့ သေနတ်ကိုကာကွယ်မယ်ဆိုပြီး

အပြေးအလွားနဲ့ စတေးသွားကြတဲ့သူတွေလည်း
မနည်းမနောဘဲ မမနွေမွန်ရဲ့

လွမ်းရေးထက် ဝမ်းရေးကပိုခက်ဆိုသလို
အခုတော့ ရှင်ရေးထက် သေရေးခက်နေကြပြီ

ကျောင်းဆရာတွေက တောထဲဝင်
သင်ပုန်ကြီးမကြေတဲ့ကောင်တွေ မြေဖြူကိုင်တော့
ကလေးတွေလည်း ညအခါ လမသာနိုင်ကြတော့ဘူး
မမနွေမွန်

အင်တာနက်လိုင်းတွေဖြတ်တောက်
ကုန်းလမ်း ရေလမ်း အကုန်ပိတ်ထားတော့
ဓာတ်ဆီစျေးတက် ဆီစျေးတက် ကုန်စျေးနူန်းတွေ
အကုန်တက်

စျေးမတက်တာဆိုလို့ လူ့အသက်တွေပဲ 
ရှိတော့တယ် မမနွေမွန်

အဖေကြီးက တူမီးကိုင်
အမေအိုက နွားကိုဆွဲ
ရယ်ရယ်မောမောနဲ့စကားဝိုင်းလေးဟာလည်း
လွမ်းမောစရာအဖြစ်နဲ့ ကျန်ခဲ့ပီ မမနွေမွန်ရေ........

နိုင်ငံတော်ကြီး ကျန်းမာလာတဲ့တနေ့တော့
မမနွေမွန်နဲ့အတူ ဗန်းမောက်က ဇလုံတောင်ဘုရား
ဖူးချင်ပါသေးတယ် မမနွေမွန်........

# Nay Zhan Ye Htet

ရည်ညွန်း = 

မမလီဆာ လိုင်ဇာရောက်ဖူးလား(ဇေယျာလင်း)
မမချို မကွေးရောက်ဖူးလား (ရိုးနီ)






အရာရာဟာ 
အာဏာသိမ်းပြီးခါစ ညနေခင်းတုန်းကအတိုင်း
ခြေရာလက်ရာမပျက်

မိုးသားမည်းမည်းတွေက
မျက်နှာကြက်ဆီမှာ ဒီအတိုင်း
သွေးရူးသွေးတန်း အော်ဟစ်သံတွေက
လေထဲမှာ ဒီအတိုင်း

ဖုံးထားတဲ့ အဝတ်ဖြူကို ဖယ်လိုက်တော့
ရုပ်ပျက်ဆင်းပျက် သေဆုံးနေတဲ့ နိူင်ငံတော်

#အောင်ခင်မြင့်
#နိူင်ငံတော်သီချင်း


အသည်းနှလုံး ပတ်ပတ်လည်မှာ
သံတွေလို စိုက်ဝင်နေမယ့်
မှတ်ဉာဏ်တွေ ငါတို့ လိုတယ် ။

မှတ်ဉာဏ်တွေ မရှိခဲ့ရင်
သေသူတွေ လာလည်တဲ့အခါ
ငါတို့ ဘာနဲ့ ဧည့်ခံကြရမှာ ... ။

#အောင်ခင်မြင့်


အမှောင်ထဲက တံခါးတစ်ချပ်ကို
တွန်းဖွင့်လိုက်တိုင်း

လက်ရှိဘဝကနေ လွတ်မြောက်သွားမယ်လို့
ငါတို့ ထင်နေခဲ့တယ်

#‌တကယ်မရှိသောနှစ်များ
#အောင်ခင်မြင့်
ဝမ်းနည်းစရာတွေကိုသာ 
ပုံစံအမျိုးမျိုးနဲ့ လက်ခံနေရတဲ့ရက်တွေပဲ ။ 

ဘဝမှာ မျှော်လင့်ချက်မှ မရှိတော့ဘူးဆို 
ဘာအတွက်ရှင်သန်နေရဦးမှာလဲနော် ။ 

သွေးစွန်းသွားတဲ့ ပန်းအကြွေတွေ ၊ 
ယမ်းငွေ့ဝေနေတဲ့ မနက်ခင်းတွေ၊ 
ပျောက်ဆုံးသွားတဲ့ အနာဂတ်တွေ ၊ 
အောက်စီဂျင်ငတ်မွတ်နေတဲ့ အသက်ရှူသံတွေ ၊
သင်္ဂြိုဟ်ဖို့တန်းစီနေရတဲ့ ရုပ်အလောင်းတွေ ၊

ငါတို့က ပျော်ရွှင်မှုနဲ့ မထိုက်တန်ဘူးလားဟင် ... 

မျက်ဝန်းရဲ့အဓိပ္ပာယ်ဟာ 
မျက်ရည်တွေရှိမှပြည့်ဝလိမ့်မယ်လို့ ငါကြားဖူးတယ်။ 
ဒီလိုဆိုရင်လည်း ပျော်လို့ကျတဲ့မျက်ရည်တွေနဲ့ပဲ ပြည့်ဝချင်တယ်လေ 
ငါတို့လည်း ပျော်ချင်လို့...  

နားကြပ်ထဲကသီချင်းတွေဟာ 
ဒုက္ခမိုးသည်းတွေကြားထဲကငိုသံတွေကို 
မဖုံးလွှမ်းနိုင်ဘူး သိလား ။ 

ဘယ်အချိန်ထိ ငါတို့တောင့်ခံကြရမှာလဲဟင်...

 တချို့သူတွေ ပြန်စရာအိမ်မရှိတော့ဘူး ။ 
တချို့အိမ်တွေ ပြန်လာမယ့်သူမရှိတော့ဘူး ။ 

မနက်ဖြန်ထက် နီးချင်နီးသွားနိုင်တဲ့ နောက်ဘဝတွေတော့ ငါတို့မှာရှိတယ် ။ 

ကမ္ဘာဟာ ငါတို့ကို မျက်ကွယ်ပြုပြီး 
ပုံမှန်လည်ပတ်နေပြီ ထင်ပါရဲ့ ။ 

#ပိုပိုဖီးနစ်
( pic from pins)

#credit to Po Po Pheonix

Sunday, October 23, 2022

"လူအတွက်လူ"

"လူအတွက်လူ"

လူတွေကို
လူတွေက မကူညီရင်
ဘယ်နတ်က လာကူညီမှာလဲ

လူတွေကို
လူတွေက မစောင့်ရှောက်ရင်
ဘယ်ဂြိုဟ်သားက လာစောင့်ရှောက်မှာလဲ

လူလားမမြောက်ခြင်းများ
လူစဥ်မမီခြင်းများ
လူညွန့်တုံးခြင်းများ
လူဖြစ်ရှုံးခြင်းများ

ထိုလူများ မသေဆုံးမီ

လူကို လူချင်း ကူညီကြစမ်းပါ
လူကို လူချင်း စောင့်ရှောက်ကြစမ်းပါ။

သင် လူတစ်ယောက်ဖြစ်ခဲ့တာ
သေချာချင်တယ် ဆိုရင်ပေါ့။

#လှသန်း

နာမည်များနဲ့ နေ့တစ်နေ့

နာမည်များနဲ့ နေ့တစ်နေ
-----------------------------------

မှောင်ရီပျိုး မိုးချုပ်တာနဲ့
ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတယ်
' ဒီနေ့ကို မိမိရရ ဆုပ်ကိုင်မိရဲ့လား...' လို့

လက်ထဲက အရက်ခွက်ရေ
မင်း ငါ့ကို ပြက်ရယ်ပြုနိုင်ပါတယ်
တကယ်တမ်းကျတော့လည်း
ပြောစရာ စကားက မည်မည်ရရ မရှိလှ
' ကူရိုဆာဝါ... ' တဲ့
' ကက်သရင်းဒင်းနျူ့ဗ်... ' တဲ့
' ထရူးမင်းကပို့တ်...' တဲ့
' အင်ဒီဝါးဟိုး... ' တဲ့

လွယ်လွယ်လေး မှားလိုက်ကြ
ပန်းချီဆရာက ပြောတယ်
' မဲလ်ဂစ်ဘ်ဆင်နဲ့ ငါက အသက်အတူတူ... ' တဲ့

လွယ်လွယ်လေး မှားလိုက်ကြ
ချာတိတ်မက ပြောတယ်
' ကျွန်မ ဖြစ်နေပြီ... ' တဲ့

လွယ်လွယ်လေး မှားလိုက်ကြ
မိတ်ဆွေက ပြောတယ်
' ကိုယ့်နံရိုးနဲ့ ကိုယ်ပြန်အရိုက်ခံရတာလောက်
နာတာ မရှိဘူး... ' တဲ့

မြစ်တွေဟာ မဖြောင့်မတ်သလို
ကံကြမ္မာဆိုတာ ထောင့်ဖြတ်မျဥ်းတစ်မျိုးပ
ဆိုက်ဗေးရီးယားကျောရိုး မဟုတ်ပါဘူး
ဒဏ္ဍာရီဆန်ဆန် မာကျောမှုမျိုးကို ပြသ
ပင်ကိုဗီဇနဲ့ စိတ်အားထက်သန်
သြော်... ဂျင်မော်ရစ္စဆန်လည်း သေခဲ့ပြီ
ခု... ကတ်ကိုဘိန်းလည်း သေသွားပြန်ပြီ

ပျင်းပျင်းရှိတိုင်း
ရှုခင်းတွေ ပြတင်းပေါက်ထဲ ထည့်ဖျော်သောက်
ကြောက်ရွံ့နေမိတယ်

ခင်ဗျားအိပ်ရာထဲကို
ဆီလ်ဗီယာပလပ် ရောက်ဖူးလား
မာရီလင်မွန်ရိုး ရောက်ဖူးလား
ဂျင်းနစ္စဂျိုပလင် ရောက်ဖူးလား
( အဲဒီမိန်းမ သုံးယောက်စလုံး ) 
ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ...

ကောင်းပြီ
ဟောဒီ အမှောင်ထုထဲမှာ
ဘာမဆို ဖြစ်နိုင်တယ်
ဒါပေမဲ့ ချစ်နိုင်စွမ်းကို မြှင့်တင်ကြ ။     ။

#လှသန်း

အကြာကြီးနေဖို့ မလိုဘူး

အကြာကြီးနေဖို့ မလိုဘူး
______________________
                
                                              
လူ့ဘဝမှာ
အကြာကြီးနေဖို့ လိုအပ်သလား။

လူတွေ နေခဲ့တယ်။
မြို့မငြိမ်းလည်း လိုအပ်သလောက်ပဲ နေခဲ့တယ်။
ကတ်ကိုဘိန်းလည်း လိုသလောက်ပဲ နေခဲ့တယ်။

ဗင်းဆင့်ဗင်ဂိုး
ဂျက်လန်ဒန်
မာယာကော့ဖ်စကီး
ဟဲမင်းဝေ
သူတို့ လမ်းကို သူတို့ ရွေးခဲ့တယ်။
သူတို့ ဘဝကို သူတို့ သိခဲ့တယ်။
လူ့ဘဝမှာ
အကြာကြီးနေပြီး အသုံးမကျ
ဆန်ကုန်မြေလေး ဘဝတော့ မလိုချင်။
ဘဝမှာ
အာကာသမှာ
အချိန်ကာလမှာ
အချိန်အကြာကြီး နေစရာ မလိုပါဘူး။

ဗာဂျီးနီးယားဝုဖ်
ဆယ်လ်ဗီယာပလပ်
ဂျင်းနစ္စဂျိုပလင်
ကမ္ဘာကြီးကို ချစ်လို့ စွန့်သွားခဲ့တယ်။

ဘဝကို ခင်တွယ်မှု ဆိုတာ
အသေခံ ဗုံးခွဲသမားတွေက
ဟားတိုက်ရယ်လိမ့်မယ် ။      ။

#လှသန်း

ကျန်းမာတဲ့လွမ်းချင်း

ကျန်းမာတဲ့လွမ်းချင်း

ငါ့ဆာလောင်မှုကို
မင်း ကြားသင့်ပါရဲ့
မင်းရဲ့ ဆာလောင်မှုကို
ငါ နားစွင့်နေမိခဲ့

ငါတို့ဟာ ကြိုးနှစ်ချောင်းလို ငြိခဲ့ပေမဲ့
တစ်ယောက်နဲ့တစ်ယောက် ကတိတွေနဲ့
မချည်နှောင်ရက်ခဲ့ကြ

လူမျိုး ၊ ကိုးကွယ်တဲ့ဘာသာ ၊ ပထဝီ အနေအထား
ဘာသာစကားး အတားအဆီးတွေကို ကျော်လွှား
တစ်ယောက် အသားထဲ တစ်ယောက် စူးဝင်ခဲ့ကြ

မမျှော်လင့်တဲ့အခိုက်
တစ်ယောက် ဖိနပ်ကို တစ်ယောက်
ပင်အပ်နဲ့ စိုက်ခဲ့ကြ

ငါက ရက်စက်မိပြီး
မင်းက ရက်စက်ကြည့်တယ်

ငါတို့ဟာ မထင်မှတ်ဘဲ
အာရှကျားတွေရဲ့ ပါးစပ်ထဲ
ဖြတ်ပြေးခဲ့ကြ

အာရှတန်ဖိုး ဆိုတာကို စုံစမ်းရင်း
အာရှကြမ်းပိုးတွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရ

မိတ်ဆွေတစ်ယောက် ပြောသလို
တစ်ရက်နေရလည်း အမြတ်
နှစ်ရက်နေရလည်း အမြတ် ဆိုတဲ့ ခေတ်ကျပ်ကြီးထဲမှာ
တို့ဘဝတွေ အရင်းကြေခဲ့ပြီလား

ခုတော့ ငါ့အလွမ်းတွေက ကျန်းမာသန်စွမ်းနေပြီး
ငါ့ကျန်းမာရေးက လွမ်းနာကျနေရဲ့ ။       ။

#လှသန်း

Thursday, October 20, 2022

လူငယ်ဘဝ နောက်ဆုံးနေ့ရက်များ

လူငယ်ဘဝ နောက်ဆုံးနေ့ရက်များ
_________________________________

လိပ်ပြာလေးတွေ နေဝင်သွားချိန်
ပန်းကလေးတွေ နွမ်းဖျော့သွားချိန်
လွယ်အိတ်ကလေးတလုံး အတိတ်ရုပ်ပုံဖြစ်သွားချိန်
ဘယ်တော့ဖြစ်ဖြစ်ပါ
အနာတရ မကင်းစင်ခြင်းမှာ
လူငယ်ဘဝကို ဇာတ်မြှုပ်ခဲ့ရတယ်

အမှန်တရားဟာ
အကျွမ်းကျင်ဆုံး ငရဲပါပဲ

အစွဲအလန်းပဲပြောပြော
အတ္တလို့ပဲဆိုဆို
ကိုယ်ဆန်တက်ခဲ့တဲ့ အရပ်မှာပဲ 
ပျော်ပျော်ကြီး ခေါင်းချချင်တယ်

အရမ်းခေါင်းမာတဲ့ကောင်
နောင်တဆိုတဲ့ ဆေးလိပ်မီးနဲ့ ပြာခြွေချပစ်ခဲ့ရတယ်
တကြိမ်တခါမှာတော့
ငယ်ဘဝရဲ့ မျက်နှာလေးကို သတိရပါတယ်

ရှပ်အိမ်ကျီ လက်ပင့်ပြီး
လမ်းမလျှောက်တတ်သေးခင်
လူကြီးသူမတွေရှေ့ ခါးညွတ်တတ်တဲ့
အဖြူစင်ဆုံး လူ့ယဉ်ကျေးကောင်လေးတယောက်ကို
အဲ့ဒီ့ လူ့ယဉ်ကျေးမှုကြီးကပဲ ‌
ကြေမွစေခဲ့တာပဲ

လွတ်တဲ့ငါးတွေ ကြီးခဲ့ပေါ့
ငါနေထိုင်တဲ့ ကမ္ဘာကြီးဟာ 
ရယူလိုမှုနဲ့ ပေးဆပ်လိုမှုတွေကြား
မြေပြင်နဲ့ကောင်းကင်တွေ ခြားနားနေဦးမယ်

ပျော်လည်းဒီလောက်
မပျော်လည်းဒီလောက်ပါပဲ
တနေ့တော့ ဒီနေရောင်တွေအောက်မှာပဲ
ဗင်ဂိုးလိုလားခဲ့တဲ့ ဂျုံတခင်းပေါ်
ဆိုရှယ်လစ်အတောင်ပံတွေ ဖြန့်မယ်။။ 

#ရွှေကြယ်မိုး



သောက်လက်စရေနွေးခွက်ထဲ ဆေးလိပ်ပြာ
မှားခြွေမိတယ်
ကြည့်လက်စ ရှူခင်းဆိုတာ
ကျည်ဆံတွေနဲ့ လုပ်ထားတာ
တောထဲတောင်ထဲကရေးတာဆိုတော့
တောရေးတောင်ရေးတော့ဖြစ်နေမှာပဲ
နွေဦးတော်လှန်ရေးတဲ့
အရင်ဆုံးတိုက်ပွဲကျတာတော့
ငါတို့ရဲ့နှလုံးသားတွေပါပဲ ရဲဘော်ရေ။

#Aမွန်


စစ်ကြီးပြီးအောင် မစောင့်တော့ဘူးလား အကိုရယ်..
ခေတ်ကြီးကလည်း မှောင်လိုက်တာ ။ 

နောက်ဆုံးခရီးတဲ့လား
တောပန်းလေး တပွင့်ချိုးပြီး …
တောလမ်းကလေးမှာ ထိုးစိုက်လိုက်ရုံပဲ 

ကျွန်တော် တတ်နိုင်ပါတော့တယ် .. …..။ 

#Aမွန်

"ငါတော့မရှက်ရမယ့်အခြမ်းမှာ နေခဲ့တယ်”




“ငါတော့မရှက်ရမယ့်အခြမ်းမှာ နေခဲ့တယ်”

ဖေဖော်ဝါရီ ၁ရက်
အောင့်သက်သက်နဲ့နိုးထ
ငါအသက်ရှူမဝခဲ့...။

ရာဇပုလ္လင်ကို ဖက်ဆစ်ခွေးလုသတဲ့
ငါ့နှယ့် လုပ်ရက်လေခြင်း
သက်ပြင်းများ တွင်တွင်ချရင်းပေါ့...။

စက်ဆုတ်ရွံရှာစိတ်က
ငယ်ထိပ်မက တက်ပြီမို့
အာဏာဖီဆန် ငါတော်လှန်တယ်...။

တကယ်တော့လဲ ခက်ခဲတာပေါ့
ဇွဲတော့ဖြင့်မလျှော့ပါဘူး
နေ့ထူးကို အောင်စိတ်ကချီဆောင်လိမ့်မယ်...။

တိမ်မှောင်ကင်းစင် ပြာလွင်နေ့ဝယ်
တို့တတွေရဲ့ ဒီမိုဖယ်ဒရယ်
ငါတို့ကိုယ်တိုင် သယ်လာမယ်...။

ငါ့နိုင်ငံအတွက် ငါရေးတဲ့သမိုင်း
ရာဇဝင်လုံးဝ မရိုင်းစတမ်းပေါ့
မှတ်တမ်းမော်ကွန်း ထိုးစေရော့
ငါ့ရင်ကိုကော့ ငါ့ခေါင်းမော့လျက်
ငါတော့ မရှက်ရမယ့်အခြမ်းမှာပဲနေခဲ့တယ်…။

Aeron

#စိတ်ခွန်အားဖြစ်စရာ CDMer တို့ ကဗျာကဏ္ဍ
#credit to original post

Tuesday, October 18, 2022

"တချို့တွေ နေနိုင်လွန်းတယ်"

"တချို့တွေ နေနိုင်လွန်းတယ်"


ကြယ်တွေစုံရင် ကောင်းကင်ဟာ
လှမှာသိပေမဲ့ တိမ်တွေဝိုင်းဖယ်ဖို့
တချို့တွေ တာဝန်မဲ့ကြတယ်

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါလျက်နဲ့
ရေသာခိုကြတဲ့သူတွေအတွက် 
တချို့ပိုတွန်းကြရတဲ့အခါ
ပိုတွန်းကြရတဲ့ တချို့မှာ ပိုနွံနစ်ကြရတယ်

ဓမ္မနဲ့ အဓမ္မကြား ရွေးရတဲ့အခါ
အတ္တကြီးတဲ့ဆင်ခြေတွေ ပေးကြတဲ့အခါ
တချို့နှောင်ကြိုးတွေက ရင်နာနာနဲ့
ပိုစွန့်လွှတ်‌နေကြရတယ်

ဂေါ်ပြားတချက် မယက်ပေမဲ့လဲ
စမ်းရေထွက်လာတဲ့အခါ
အတူသောက်ခွင့်ပေးမှာပါ
မင်းလက်တဖက်နဲ့ ကူယက်ခဲ့ရင်တော့
စမ်းရေမြန်မြန်ထွက်မှာပေါ့

ဒါပေမဲ့   ဒါပေမဲ့လေ
တချို့တွေ နေနိုင်လွန်းတယ်
တချို့တွေ  နေနိုင်လွန်းလှတယ်
တချို့တွေ နေ  နိုင်  လွန်း  ပါ   တယ်   လေ



San Zuren 🌸

"အောင်ပန်း ဆွတ်ခူးကြမယ်"

"အောင်ပန်း ဆွတ်ခူးကြမယ်"


နှစ်ဆယ့်တစ်ရာစုမှာ
သမိုင်းပေး တာဝန်ကြောင့်
ကြီးငယ် အရွယ်မရွေး
နိုင်ငံအရေးမှာ ပါဝင်လို့
"ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး" ဖို့
ရဲရဲ‌တောက် ဟစ်ကြွေးခဲ့တယ်

အာဏာရှင်ကို ခြေမှုန်းဖို့
ငါတို့ရဲ့ တွန်းလှန်မှုက
ကမ္ဘာတစ်လွှား ဖိန့်ဖိန့်တုန်‌စေတယ်

ပြည်သူ့မေတ္တာ ပြည်သူ့စေတနာနဲ့
ပေါက်ဖွားလာတဲ့ ပြည့်သူ့စစ်သား
ငါတို့ လူငယ်မျိုးဆက်တွေ
အကြမ်းဖက် မိစ္ဆာတပ်ကို
မြန်မာ့မြေပေါ်မှ အပြီးနှင်ကြမယ်

အာဏာရှင်ကို အပြုတ်တိုက်ဖို့
ငါတို့အားလုံးဟာ ခေါင်းဆောင်တွေပဲ
ဖြူနီဝါပြာစိမ်း ခွဲစရာမလိုဘူး
အာဏာရှင် မလိုလားရင်
အဲ့ဒါ ပြည်သူ့စစ်သား

အနာဂတ် ပြန်ရဖို့ အာဏာရှင်ကို
အပြီးသတ်ချေမှုန်းမယ်
ကြမ်းချင်ကြမ်း ပန်းချင်ပန်းပါစေ
သားစဉ်‌မြေးဆက်ထိ မပါစေရဘူး
ငါတို့ရဲ့ အသက်တွေ စတေး
အမှန်တရား ဖြစ်ထွန်းရေးအတွက်
ဒီလမ်းကို ငါတို့လျှောက်မယ်

ရောင်နီသမ်းမယ့် ပန်းခင်းလမ်းမှာ
အောင်ပန်းတွေ ဝေပီးသားမို့
အရိုးကြေကြေ အရေခမ်းခမ်း
အောင်ပန်းကို ဆွတ်ခူးဖို့
ပန်းတိုင် အရောက်လှမ်းကြမယ်



San Zuren 🌸
ဒီလိုပါဘဲ
စောက်ပြဿနာတွေဆိုတာ လူတိုင်းရဲ့
နေ့စဥ်ဘဝမှာ ရှိခဲ့တယ် ရှိနေမြဲ ရှိအုံးမှာ
လူမကြပ်တဲ့ ဘတ်(စ်)ကားကိုမမှီလိုက်ဘူး
ဝယ်စားလိုက်တဲ့အစားအစာထဲမှာ
ဆံပင်မွှေးတွေပါတယ်
အလုပ်နောက်ကျရတဲ့အထဲ
ကား​လမ်းပိတ်နေတယ်
ကော်ဖီကိုရိုးရိုးရေနဲ့ဖျော်မိတယ်
တံခါးပေါက်ကြားထဲ လက်ညှပ်တယ်
ပြတ်သွားတဲ့ဖိနပ်က ဝယ်ထားတာမကြာသေးဘူး
အိမ်ဌားခ ဆိုင်ခန်းခ လစဥ်ကြေးတွေကြောင့်
ဝင်ငွေထွက်ငွေမမျှတဘူး
ကြိုးစားသလောက်အရာမထင်ဘူး
ပြီးတော့
ကိုယ်အရမ်းချစ်ရတဲ့သူတစ်ယောက်က
ကိုယ့်ကိုပြန်မချစ်နိုင်ဘူး
ဒါလည်း စောက်ပြဿနာ

-ကျွန်တော်
"တစ်ခုတည်း​​သောတူညီမှု"
မင်းကအဖြူဆို
ငါကအမဲ
မင်းကကော်ဖီ
ငါက လက်ဖက်ရည်
မင်းက ခေါက်ဆွဲ
ငါက မုန့်တီ
မင်းက ကွင်းထိုး
ငါက ညှပ်ဖိနပ်
အဲလို အကြိုက်မတူသူ
ငါတို့နှစ်ယောက်
ဒီပွဲမှာ သဘောထားတူနေတာ
အံသြစရာမရှိ
ငါတို့မှာ
စုတ်ချာနေပေမဲ့
လူဆန်တဲ့ နှလုံးသားရှိသေးတာကို။
နောင်တ
လမ်းဆုံရောက်တုန်းက
မတွေဝေခဲ့ဘူး
သွားချင်တဲ့လမ်းက
သေချာတာမို့
လမ်းဆုံးမရောက်ခင်
လမ်းမတွေ့တော့
ရှေ့သို့လှမ်းကြည့်လဲ
ဝေဝါးနေဆဲ
အတိတ်ကို
ဆန်းစစ်ကြည့်​ေတာ့
ငါ့ရွေးချယ်မှုအတွက်
နောင်တ ဆိုတာ
တစ်စက်မှမရှိ
တချိန်ကျလို့
နောက်လှည့်မိရင်
အခုလိုဘဲ့
နောင်တကင်းချင်ပါရဲ့။ ။
Nothing

Sunday, October 16, 2022

ကျောင်းပြန်မလာတဲ့ကျောင်းသားတွေ

ကျောင်းပြန်မလာတဲ့ကျောင်းသားတွေ

နွေအလယ်ညတွေမှာ
နေ့ဘက်ကြွေတဲ့ ကြယ်တွေအကြောင်းတွေးရင်း
အိပ်ပျက်ရတယ်
ကျောင်းတံခါးတွေဖွင့်ပေမယ့်
ထောင်တံခါးနောက်က 
ကျောင်းသားတွေပြန်မလာကြသေးဘူး ။

အဓိပတိလမ်းမှာ ကျောင်းသားခြေရာတွေမရှိသေးဘူး
ပေတစ်ရာလမ်းပေါ်မှာ အချုပ်ကားဘီးရာတွေ
အရင်လိုကန်တင်းတွေက သီချင်းသံတွေအစား
လမ်းမထက်မှာ ကြွေးကြော်သံတွေ
အာဏာရှင်ဟာ ကျောင်းသားတွေကို
ကျောင်းဖွင့်ပြီး ချွေးသိပ်ခဲ့တယ် ။ 

ငါတို့ကျောင်းပြန်မလာခဲ့ဘူး
လမ်းပေါ်မှာ ကျကွဲသွားတဲ့ဘဝတွေကို လိုက်ကောက်တယ် ။
ပြိုလဲသွားတဲ့ မိသားစုတွေမှာကူရုန်းပေးကြ
တချို့ ခုံနံပါတ်တွေဟာ လမ်းပေါ်မှာကျပျောက်ခဲ့တယ် ။
နံရံက ကျောပိုးအိတ်လေးမှာ ကျည်ပေါက်ရာရှိသေးတယ် ။

ဟိုးအရင်ကပြောနေကြစကားလိုပေါ့
"ကျောင်းနံရံတစ်ဝိုက်မှာ 
ဒေါင်းအလံတွေ စိုက်တဲ့တစ်နေ့
ငါတို့ပြန်လာမှာပေါ့ကွယ်"
ခုတော့ လွမ်းရစ်တော့ အဓိပတိရေ
​ကချင်လွယ်အိတ်နဲ့ အဆောင်သူရဲ့ အဝေးတစ်နေရာ
ရိုးမ တောင်တန်းတစ်နေရာ
စစ်ဖိနပ်တွေကို လှန်ပစ်ဖို့ ငါတို့ ဆူးချိုးနေတယ် ။

မျိုးဆက်ဟာ မျိုးဆက်ကို ရေလောင်းပေါင်းသင်ရမယ်
ကျောင်းမတက်တဲ့ ကျောင်းသားတွေအကြောင်း
တစ်ချိန်မှာ သမိုင်းကပြောလိမ့်မယ်

-ရဲဘော်ဒဂုံ


#credit to ကဗျာဖတ်ရင်းလှူ
တော်လှန်ရင်း ကဗျာများရေးကြည့်ကာ
ငါကိုယ်တိုင်လည်း ငါဘာရေးမှန်းသေချာမသိ
အဖြေရှာဖွေနေသော်လည်း
အဖြေဟာ  ရှာမတွေ့ ။

တော်လှန်ကဗျာတွေရေးတော့ရော ရေးထားတဲ့ ကဗျာဖတ်ကြပြီး
စစ်ပွဲတွေ ရပ်လို့လား
ဂရုဏာတရားတွေ များလာကြလို့ လား ။

ပြောင်းလဲ လာကြလို့လား
သွေးအေးအေးနဲ့ အရှေ့ဆက်နေကြဆဲပဲ ။

ဒီလိုပဲ အီးရော အီးရောနဲ့ ပြည်တွင်းစစ်ကြာရှည်အုံးမည် ။

လူတွေ အကြောင်းရော ဘဝရော မသိချင်မှ အဆုံး သိပြီးပြီ ။

အမြင်ကမ္ဘာထဲမှာ နေထိုင်ကြဆဲ
မျက်စိအမြင်နှင့် လူအများစုဟာ ပျော်နေဆဲ။

သွေးအေးပြီး မဆိုင်သလို နေနေကြသူများကို ကြည့်ပြီး ဒီခရီးမှရောက်ပါ့မလား။

ဆရာကြီးအောာင်ခင်မြင့်ရဲ့ကဗျာထဲကလို
"ကိုယ့်တိုင်းပြည်ဟာအရေးအခင်းကြီးတစ်ခုဆီ
နောက်ထပ်တစ်ကြိမ်အာဏာသိမ်းမှု
ဆီသွားနေမှန်းဘယ်သူသိမှာလဲ။ "တဲ့

သဘာဝ တောင်တန်းတွေ
ကြားထဲက ယမ်းငွေ့တွေမရှူဖူးသေးသ၍
နေသာသလိုနေနေကြအုံးမည်။

ကိုယ့်အသားထိမှာ နာတတ်ကြတဲ့သူတွေကြောင့်

လွတ်လပ်မှုနဲ့ တရားမျှတမှုတွေကို ပြန်ရတဲ့အခါ
နွေဦးအိမ်ပြန်ချိန်မှာ ကျွန်တော် ရှိပါအုံးမလား။

-Juno
ရှေ့ဆက်လည်း မသွားချင်တော့ဘူး

ဒီခရီးကို ဒီမှာပဲ အဆုံးသတ်ချင်ပြီ

ရပ်လိုက်ချင်ပြီ

ပင်ပန်းနေပြီ

ပြိုလဲချင်နေပြီ

တစ်ချို့ရက်တွေမှာ ပြန်မထချင်တော့အောင်

ပြိုလဲနေတတ်တယ်

ကျွန်တော် သိပ်ကို ပင်ပန်းနေပြီး

ဒါပေမဲ့ မလျှောက်ပဲ ရပ်နေလို့

ထူးခြားသွားမှာမဟုတ်

ကျွန်တော့်အမေနဲ့ အဖေ  ပေးထားတဲ့  ခြေထောက်နှစ်ယောက်က

ရန်သူရှေ့မှာ ဒူးထောက်ခစားဖို့ မဟုတ်

ရန်သူကို  ခြေနင်းဖို့ ချေမှုန်းဖို့
တိုက်ထုတ်ဖို့ ပေးထားတာ

တရားသောစစ်မှာ အမှန်တရားအတွက်

တိုက်ပွဲဝင်သူတွေ ရန်သူရှေ့ ဒူးထောက်လေ့မရှိ

အမှန်တရားအတွက် ၊ယုံကြည်ရာလမ်းအတွက်

တော်လှန် အသက်ကိုသာ အသေခံမယ်
ရန်သူရှေ့ ဘယ်တော့မှ ဒူးမထောက်။

-Juno

Friday, October 14, 2022

မတရားသော "တရား"

မတရားသော "တရား"
💔💔💔💔💔💔💔💔💔
ကလေးငယ်လေးတေွငိုနေကြတယ်..
မျက်ရည်တေွကိုမျက်နှာသစ်လို့ပေါ့..
ဒါပေမယ့်..
သူတို့အသံမထွက်ရှာဘူး💔

အဘိုးအိုနဲ့အဘွားအို..
အလုအယက်ပြောပြနေကြတယ်..
နှုတ်ခမ်းတေွလည်းတုန်..
လက်ကလေးတေွလည်းတုန်လို့ပေါ့..
ဒါပေမယ့်..
သူတို့အသံမထွက်ရှာဘူး💔

လူငယ်လေးတွေ အော်ပြောနေကြတယ်..
လက်သီးတေွလည်းဆုပ်..
လက်ညိုးတွေလည်းတထိုးထိုးနဲ့ပေါ့..
ဒါပေမယ့်..
သူတို့အသံမထွက်ရှာဘူး💔

နာကျင်လို့ ငိုနေတာတေွ..
ကြောက်ရွံ့လို့
အကူအညီတောင်းနေတာတေွ..
နာကြည်းလွန်းလို့ ကျိန်ဆိုနေတာတေွ..
မြင်ကြပါသလားလို့..
လှမ်းမေျှာ်ကြည့်လိုက်တဲ့အခါ..
လက်သုံးခေျာင်းထောင်..
ဟန်ဆောင်ခဲ့ကြသူတေွကိုသာ
အထင်းသားမြင်လိုက်ကြရရှာတယ်.💔

ဂိမ်းဆော့နေကြသူတေွသာ..
ိဝိုင်း Click ခဲ့ကြရင်..
ဇာတ်လမ်းကြည့်ဖို့အကြောင်း
ပြောနေကြသူတေွသာ..
Click ဖို့အကြောင်းပဲပြောခဲ့ကြရင်..
ဒီတော်လှန်ရေးမှာ..
ဒီလောက်ထိဆုံးရှုံးခဲ့ရမှာမဟုတ်ဘူး.💔

အခုတော့..
Justic  ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ဟာ..
ရေပြင်မှာအရုပ်ရေးခဲ့လိုက်သလိုပဲ..
ဂိမ်းဆော့ရင်းရယ်လိုက်..
ဇာတ်ကားအကြောင်းပြောရင်းရယ်လိုက်..
သွားချင်ရာသွားပြီးရယ်လိုက်..
စားချင်တာစားပြီးရယ်လိုက်နဲ့...
လက်သုံးခေျာင်းထောင်ဟန်ဆောင်မျက်နှာဖုံးတေွကြားမှာ..
သေွးအလိမ်းလိမ်းဒဏ်ရာအထပ်ထပ်နဲ့..
အမေရယ် သားကိုသတ်လိုက်ပါတော့လို့..
နာနာကျင်ကျင်အော်ခဲ့ရတဲ့အသံလေးက
မကြာသေးတဲ့ကာလလေးမှာတောင်..
တိတ်တိတ်လေးပဲ..
ပေျာက်ကွယ်ပေးရရှာတယ်..
သြော်..
မတရားသော 'တရား' တေွပါလား💔

-Biss Boss

( Click ချင်းပြိုင်ဘယ်သူနိုင်)
ဒီနိုင်ငံမှာ တရားမျှမှုရှာရတာ သွေးတွေအလိမ်းလိမ်းနဲ့ ။

လမ်းမပေါ်က သွေးတွေဟာ  ခုထိမခြောက်သေးဘူး။

နေ့စဉ်နဲ့အမျှ သွေးတွေဟာ ရေလိုစီးကျနေတုန်း ။

အနာဂတ်တွေလည်း မသေချာမရေရာနဲ့။

ဘဝတွေလည်း ပျက်ရ။

အသက်တွေလည်း အမှန်တရားအတွက် ခုထိပေးဆပ်လို့ မကုန်နိုင်။

နေ့စဉ်နဲ့အမျှ စိတ်ဓာတ်ကျပြီး အဆုံးစီရင်ကြတာတွေ များလာပြီး။

အကူညီမဲ့နေတဲ့ ကျွန်တော်တို့ရဲ့ ဘဝတွေ။

တစ်ချို့တွေက ကိုယ်နဲ့မဆိုင်သလို နေနေကြသည်။

ဒီနိုင်ငံမှာ စည်းလုံးခြင်းသည်
အင်အားဆိုပြီး
အပြောသာရှိကြတဲ့သူတွေ။

ဒီနိုင်ငံကြီးဟာ
အတော်ကို စုတ်ပြတ်သတ်နေသည်။

ယမ်းငွေတွေနဲ့ ဗုံးသံတွေနဲ့ ပစ်ခတ်သံတွေကြောင့် လေထု ညစ်နွမ်းနေသည်။

လှပစိမ်းစိုတဲ့တောင်တန်းတွေဟာလည်း မီးခိုးငွေ့တွေနဲ့ ဖုံးလွှမ်းနေပြီ။

မသေခင် လတ်ဆတ်သော လေကလေးတွေ ရှူရှိုက်သွားချင်မိ။

ပြည်သူတွေရဲ့ စည်းလုံးမှု အင်အားကို တွေ့မြင်ချင်မိသေး။

-Juno

'ယုံကြည်မှုရဲ့ ခရီးလမ်း''

''ယုံကြည်မှုရဲ့ ခရီးလမ်း''

မိတ်ဆွေတို့ စိတ်ညစ်စရာတွေ၊ အားမရတာတွေ၊ ကျရှုံးမှုလို့ ခံစားရတာတွေ ရှိကြပါလိမ့်မယ်။

ကိုယ်ရော သူရော​ ပေါ့လေ
ကိုယ်တွေအောင်မြင် နေတာတကယ် မရှိတော့ဘူးလား  ၊  စေ့စေ့ ပြန်စဥ်းစားကြပါဦး။ 

ကိုယ့်ရန်သူဖက်က ကျရှုံးမှုတွေ
မအောင်မြင်မှုတွေကိုလည်း တွေးမြင်ကြည့်ကြပါဦး။

တကယ်တော့ လူဆိုတာ ကိုယ့်ဒုက္ခမှ
ကိုယ်ကြီးတတ်ကြတာ သဘာဝပါ။

ကိုယ့်ဝမ်းနာ ကိုယ်သာသိ တဲ့၊သူတို့ဝမ်းနာ သူတို့ရှိကြပါတယ်။

တခုတော့ ကွာတယ်နော်၊သူတို့ဘက်က
တသွေး တသံ တမိန့်နဲ့သွားတာဆိုတော့ ၊ နောက်ပြီး နောက်ပြန်လှည့်စရာ တကယ်မရှိလေတော့ စိတ်ပျက်အားလျော့တဲ့ အသံ လုံးဝ မထွက် ကြပါဘူး။

ငါတို့တတွေက ယုံကြည်ရာ လမ်းတူကြပေမယ့် အမြင်အမျိုးမျိုး လုပ်နည်းလုပ်ဟန်အသွယ်သွယ်နဲ့ တဦးချင်းစီ စုဖွဲ့ထားကြတဲ့သူတွေ ဆိုတော့ တယောက်နဲ့တယောက် ပွတ်တိုက်မှုတွေရှိမယ်။

အချင်းချင်းအားမလိုအားမရ ဖြစ်ရာကနေ တော်လှန်ရေးကို အားမရတာ ဖြစ်လာပြီ ဆိုရင်တော့ လမ်းလွဲ နေကြပြီ။

မတူညီမှုတွေရဲ့ အင်အားကို ဒီမိုကရေစီလိုလားသူတွေမှ မယုံကြည်ရင် ဘယ်သူယုံကြည်မလဲ။

သေခြာတာ တခုက ကိုယ့်ရန်သူက ပြန်လှည့်စရာ လမ်းကိုမရှိပါဘူး။ငါတို့က ရှေ့ကိုအရောက် သွားမယ်လို့ ယုံကြည်ထားကြတာ။

တူသလိုနဲ့ ကွဲပါတယ် ၊
သူတို့က ဖောင်ပျက်ခဲ့ပြီ၊
ငါတို့က ရွက်လွှင့်နေကြတာ။

တော်လှန်ရေး အစကာလက ကိုယ့်ရင်ဘတ်က  အသံတွေ ကိုယ်တိုင်ပြန် နားစွံ့ကြ။

ဒီခရီး ရောက်မယ်ယုံလို့ လျှောက်ခဲ့ကြတာ မဟုတ်လား။ ငါတို့ရဲ့ ယုံကြည်ခြင်းဟာ ငါတို့ရဲ့ ရွက်လှေပဲ။ ယုံရင် ဆက်လျှောက် ရောက်ကိုရောက်မယ်။

                                       -ရင်သွေး

ကျည်စဝင် ခေါင်းတစ်လုံး၏ မေးခွန်းများ

ကျည်စဝင် ခေါင်းတစ်လုံး၏ မေးခွန်းများ

အမေ…
သမီးက ဒီနိုင်ငံကမွေးတဲ့ ကလေးတစ်ယောက်မဟုတ်ဘူးလားဟင်
ဘာလို့ သမီးကို ဒီနိုင်ငံကလူတွေကပဲ ဒုက္ခပေးနေတာလဲဟင်
စစ်သားဆိုတာ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်တယ်လို့ ဖတ်စာအုပ်ထဲပါတယ်လေ
ဘာလို့ သမီးကို မကာကွယ်တာလဲဟင်

အမေ…
လေယာဉ်ပျံတွေက ဘယ်လိုပျံလဲဟင်
ငှက်တွေက အတောင်ခတ်ပျံကြတာ
သူက အတောင်လည်းမခတ်ဘူး
ပြီးတော့…
ဘာလို့ လေယာဉ်တွေက သမီးတို့ကို ဒုက္ခပေးနေတာလဲဟင်

အမေ…
အဖေက လူသတ်ဖူးလားဟင်
ပစ္စည်းခိုးဖူးလားဟင်
လိမ်ပြောဖူးလားဟင်
ဒါဆို အမေ…
ဘာလို့ အဖေက ထောင်ထဲရောက်နေတာလဲဟင်

အမေ…
ဘုရားသခင်ရဲ့ ကလေးတွေဖြစ်တဲ့ သမီးတို့က
ဘာလို့ ကောင်းချီးမင်္ဂလာရမယ့်အစား
ခေါင်းထဲက ကျည်စပဲရရတာလဲဟင်

အမေ…
ဘာလို့ငိုတာလဲ အမေ…
ဖြေပါအမေ…
သမီးလိမ္မာပါ့မယ်အမေ…

အမေ…အမေ…

#Tommy
(ကြေကွဲခြင်းဖြင့်)


တချို့တွေ..
ဘုရားစုံ သွားနေကြတဲ့အချိန်
 
တချို့တွေ...
ဘုရားအစုံ တ,နေကြရတယ်



San Zuren 🌸

"လေထုညစ်ညမ်းမှု"

"လေထုညစ်ညမ်းမှု"

နာရီလက်တံပေါ် ထိုင်စီးရတာ
အရင်လိုလည်း ပျော်စရာမကောင်းတော့ဘူး

အသက်မရှူမှ သေတာမဟုတ်ပါဘူး
ဒီနေ့ဟာ မနေ့ကအတိုင်း
မနက်ဖြန်ဟာ ဒီနေ့အတိုင်းပဲဆိုရင်
ဒါဟာလည်း သေနေတာပဲမဟုတ်လား

ကျွန်တော့ကိုပဲကြည့်လေ
ပြန်ရှင်လာမလားလို့ ကဗျာတွေရေးနေတာ

ကျွန်တော် သေနေတဲ့အကြောင်းကို
လူသိရှင်ကြား ကြေငြာရအောင်လည်း
အာဏာရှင်နာရေးလို ပျော်စရာမှမကောင်းပဲ

ရှင်ချင်ယောင်ဆောင်နေရတဲ့ကြားထဲ
စိတ်ညစ်စရာတွေချည်းပဲ အားကောင်းလာတယ်

ပန်းတွေမပွင့်တော့တဲ့ကမ္ဘာမှာ
အသက်ရှူကျပ်နေတဲ့ပျားတွေ

ကိုယ့်ကိုယ်ကိုသတ်သေကြတာ
အသက်ရှူဝဖို့ပဲလေ

ကိုဟိန်း

၁၄.၁၀.၂၀၂၂

Tuesday, October 11, 2022

ထွက်ပေါက်

ထွက်ပေါက်

သေမင်းဟာ အချိန်မတန်သေးဘဲ
ကျနော့ဆီရောက်လာတယ်
ဟေ့လူသား ခင်ဗျားရော လိုက်ဉီးမလားတဲ့
ကျနော် ခေတ်ကြီးကို ခဏငဲ့ကြည့်လိုက်တယ်
ကျနော့ခဏဟာ ဘယ်လောက်ကြာသွားမှန်းမသိ
ပြန်လှည့်ကြည့်တော့
သေမင်းဟာ အော်ခေါ်သံ မကြားနိုင်လောက်တဲ့
အဝေးကြီးကိုရောက်သွားပြီ
နောက်တခါပြန်လာချိန်ကို မစောင့်နိုင်လို့
အခု ကျ​နော် သေမင်းနောက် လိုက်နေတယ်
မှီမလား မမှီဘူးလား
ကျနော်မသိပါဘူး
ဒါပေမယ့် ကျနော် သေမင်းနောက်လိုက်နေတယ်။


ကိုဟိန်း👍👀

သွေးမအေးကြေး သွေးမကွဲကြေး

သွေးမအေးကြေး သွေးမကွဲကြေး
----------------------------------------


တော်လှန်ရေးမှာ အရင်က
ဘာလုပ်ခဲ့တယ် ဆိုတာထက်
ဒီနေ့ ဘာလုပ်နေလဲ ကသာ အရေးကြီးတယ်
ဒီကာလမှာ လုပ်နိုင်သူကို ကူရမှာဘဲ
လဲနေသူကို ထူရမှာဘဲ
လှုပ်ရှားမှုတိုင်းဟာ တော်လှန်စစ်
အောင်နိုင်ရေးအတွက်သာ ဖြစ်စေရမယ် အသေးစားကွဲပြားမှုတွေကို ဘေးဖယ်ထားပါ

တော်လှန်ရေးဒီရေ က သိပ်မြင့်နေပါတယ်
စစ်အာဏာရှင်ကို တော်လှန်တဲ့သူတိုင်းကို ထောက်ခံရမယ်
စစ်အာဏာရှင်ကျဆုံးရေးမှာ ပါဝင်နေလို့
အမြင်မတူ ကွဲပြားမှုတွေ ရှိလဲ
ရန်သူရဲ့ ရန်သူဖြစ်နေကြသရွေ့
မိတ်တွေတွေ ဖြစ်နေကြဖို့ လိုအပ်ပါတယ်
ဒီပွဲက နောက်ဆုံးပွဲဆိုတာ အားလုံး အလေးထားရမယ်
ဒီတိုက်ပွဲမှာ အတွေးရှင်းမှ အမြင်ရှင်းမယ်
အမြင်ရှင်းမှ လုပ်ဟန်မှန်ကန်မှာ ဖြစ်တယ်
ဟန်ချက်ညီမှ တောင်လှန်ရေးအောင်မယ်

တော်လှန်ရေးမှာ လမ်းချင်းတူမှ လူချင်းဆုံတယ်
အမှန်တရားအတွက် ဉာဏ်ပညာအရေးကြီးတယ်
အမှန်တရားတွေ စင်ပေါ်ပြန်မရောက်မခြင်း
တရားမျှတလွတ်လပ်ခြင်းတွေ နေရာမှန်
ပြန်မရောက်မခြင်း ငါတို့တော်လှန်မယ်
တွဲလက်တွေ မြဲ ညီစေမယ်
အကြောက်တရားနဲ့ မျိုးဆက်ဟာ
ငါတို့နောက်ဆုံးဖြစ်ပါစေ


သွေးမအေးကြေး
သွေးမကွဲကြေး



San Zuren 🌸

စစ် နဲ့ အချစ်


စစ် နဲ့ အချစ်
---------------


စစ် ကို မလို
အချစ် သာ လိုခဲ့ကြ

အခုတော့
အချစ် ကို ပစ်
စစ်တွေ ဖြစ်နေရပီ

ဒို့ ချစ်တဲ့
နိုင်ငံတော်
အချစ်တွေ ဖူးပါစေ



San Zuren 🌸

"စစ်ဘေးရှောင်"



"စစ်ဘေးရှောင်"

တောလမ်း သွယ်သွယ်
ယမ်းငွေ့ ပြယ်မှ
ငါ့နယ် ငါ ပြန် နိုင်တော့မည်

    
San Zuren 🌸

Saturday, October 8, 2022

အနေအထိုင်မတတ်မှုများ



အနေအထိုင်မတတ်မှုများ

ကြယ်တွေ မရိုးမရွ
ကောင်ကင် ကျိုးကျတော့မယ်
မြေကြီးကို ရွှေ့ထားရရင် ကောင်းမလား
ခေါင်းတိုင်က မီးခိုးလို
ပါးစပ်အဟောင်းတွေထဲက
အသံအဟောင်းတွေ ပေါ်ထွက်လာ
နားတွေလည်း ညောင်းလှပါပြီ
လမ်းဆိုးလို့ ယာဥ်ပျက်တာ
ဘယ်သူကို စွဲချက်တင်ရမလဲ
မျိုးဆက်တခုလုံး ချကျွေးခဲ့တာတောင်မှ
ရှေ့ရေးက မကောင်းသေးဘူး။

မာယာများတဲ့ မြက်ခင်းပြင်ပေါ်မှာ
ကျင်းစိမ်ဖို့ ကြိုးစားမိသူ ဂေါက်ရိုက်သမား
ဒါဟာ အပြစ်လို ခေါ်လို့ရရင်
အပြစ်တင်ခံပါ့မယ်
ကျူးလွန်ခဲ့သမျှမှာ
ထူးချွန်ဖို့ပဲ လိုအပ်တယ် ။ ။ 

လှသန်း

"လူအတွက်လူ"

"လူအတွက်လူ"

လူတွေကို
လူတွေက မကူညီရင်
ဘယ်နတ်က လာကူညီမှာလဲ

လူတွေကို
လူတွေက မစောင့်ရှောက်ရင်
ဘယ်ဂြိုဟ်သားက လာစောင့်ရှောက်မှာလဲ

လူလားမမြောက်ခြင်းများ
လူစဥ်မမီခြင်းများ
လူညွန့်တုံးခြင်းများ
လူဖြစ်ရှုံးခြင်းများ

ထိုလူများ မသေဆုံးမီ

လူကို လူချင်း ကူညီကြစမ်းပါ
လူကို လူချင်း စောင့်ရှောက်ကြစမ်းပါ။

သင် လူတစ်ယောက်ဖြစ်ခဲ့တာ
သေချာချင်တယ် ဆိုရင်ပေါ့။

#လှသန်း

"လူငယ်တစ်ယောက် အကြောင်း"

"လူငယ်တစ်ယောက် အကြောင်း"

သူငယ်ချင်းရေ...
မင်းနဲ့ ငါ
လေးသင်ချေနဲ့ ကမ္ဘာတစ်သိန်းမက
လက်ဖက်ရည်ဆိုင် ထိုင်ကြ
စကားလုံးတွေ ထွေးထုတ်ကြ
သီချင်း နားထောင်ကြ
ရှေ့က ဖြတ်သွားတဲ့ လှုပ်လီလှုပ်လဲ့မတွေ ငေးကြ
'တို့ မရောက်သေးတဲ့ အမြင့်တစ်နေရာကနေ
သူတို့ကိစ္စတွေ ငုံကြည့် ရယ်မောလို့...'။

ခုတော့...
တောင်မင်း မြောက်မင်းမကယ်နိုင်တဲ့ ဘဝမျိုးမှာ
ဘာလို့များ သက်ဆိုးရှည်နေသလဲ
ကြည့်စမ်း ဓားရိုးကလည်း
သူခိုး လက်ထဲမှာ
ဘာတတ်နိုင်မှာလဲ
တွေးမိရင် အရိုးနာစရာများ
စာအုပ်ကြားညှပ်
အမှတ်တရပေါ့
အော့နှလုံးနာစရာ နှစ်ကာလများထဲမှာ
ပေါက်လွှတ်ပဲစား ကြီးပြင်းခဲ့
ကလိမ်ကကျစ် လုပ်တတ်တဲ့
(တစ်ခါတလေ)ညစ်တီးညစ်ပတ် ကိစ္စတွေက
ထွက်ပေါက်ဖြစ်နေတတ်ပြန်ရော။

အဖေရေ...
'အဖေ'နဲ့'ကျွန်တော်'ယှဥ်ရင်
ကျွန်တော် ရှုံးပါတယ်
'ကျွန်တော်'နဲ့'အဖေ'ယှဥ်ရင်
အဖေ ရှုံးပါလိမ့်မယ်
မသေချာမှု မှန်သမျှဟာ
စိတ်ကိုလာဆွနေတဲ့ အပ်ချွန်ချွန်တွေ
မိဘ၊ညီအစ်ကို မောင်နှမ
မတော်တဆ ဆက်နွှယ်မှု အခိုက်အတန့်
ဘာပြုလို့ အတ္တကြီးချင်သတုံး
စိတ်ကြီးဝင်တယ် ဆိုဆို
သူရဲဘောကြောင်တယ် ပြောပြော
ကိုယ့်ရောဂါ ကိုယ်သာသိရဲ့
လွဲမှားတဲ့ ကုထုံးတွေနဲ့
ပြုံးပျော်နေရမှာလား။

ငှက်ဖျားငန်းဖမ်း
ကိုယ့်ဇာတ်လမ်း ကိုယ်မနိုင်
အဲသလို နိုင်ငံရေးမျိုးလည်း ကြုံခဲ့ဖူးတယ်
'ခွေးရူးကောင်းစား တစ်မွန်းတည့်'ဒီစကားကို ယုံကြည်ဆဲ
အုတ်ခဲသယ်နေတဲ့ အစ်မကြီးရေ...
ခင်ဗျား နဖူးက ချွေးက
ကျွန်တော့်အတွက် အားဆေးပါပဲ။

ခုဆို
ဘဝကလည်း ယိုင်နဲ့နဲ့
ဘယ်တော့များ ဘုန်းဘုန်းလဲကျမလဲ
ကိုယ့်ဟာကိုယ်ပဲ ကြိုတင်လှဲချမလား
အို...တဲတဲလေး ကာလထဲမှာ
အမှားတွေလည်း ထားလိုက်တော့
အမှန်တွေလည်း ချန်လိုက်တော့
ငှက်သိုက်ဟာ အတွေးအဆောက်အအုံ
ခင်ဗျားလည်း တစ်စုံတစ်ယောက်နဲ့ ဆွေးနွေးဖူးမှာပါ။

တစ်ခါတစ်ခါကျတော့
ကိုယ့်ပျော်ရွှင်မှု ကိုယ်ရွံမုန်း
မနက်တုန်းက စေတနာ၊မေတ္တာ
ညနေကျတော့ မသမာမှုတွေဖြစ်
ပြဿနာဖြစ်လာရင်
ခေတ်ကို အပြစ်ပုံချရုံပဲ
ဒီ့ထက်လုံခြုံတာ ဘာရှိသေးလို့လဲ။

အေးလေ...အရာရာဟာ
ဖာဆန်ဆန် ဖြစ်ကုန်ပြီပဲ
ဂုဏ်ယူချင်လည်း ယူကြပေတော့။

ညစ်ညမ်းတဲ့ မန္တရားတွေကြောင့်
ယန္တရားဆန်တဲ့ အဖြစ်
အဲဒီခေတ်ရဲ့ လှောင်အိမ်ထဲမှာ
နာမည်မပေးဖြစ်တဲ့ ခွေးဝဲစားတစ်ကောင်
ပျက်ကျသွားတဲ့ ကလေးတစ်ထောင်
မှောင်နဲ့မည်းမည်း
တွန့်လိမ်နေတဲ့ လေပြင်းထဲကို
အသည်းကွဲရခြင်းတစ်ပုဒ် ထိုးသွင်း
ထင်းတစ်ချောင်းလောက်သာ တာဝန်ကျေခဲ့။

သြော်၊ သေမင်းကြီးရယ်
ခင်ဗျား ကျုပ်ဆီ မလာလည်း
ကျုပ်က ခင်ဗျားဆီ လာမှာပါ
ဒါဟာ အသေချာဆုံးလို့ ဆိုကြတာပဲ
ကဲ...ညီလေး ညီမလေးတို့ရေ
တို့တိုင်းပြည်ကြီးကတော့
ကံခေပေမဲ့
ချစ်စရာကောင်းနေသေးရဲ့။ ။

-လှသန်း

" မင်းတစ်ယောက်ထဲမဟုတ်ဘူး "



" မင်းတစ်ယောက်ထဲမဟုတ်ဘူး "

လောကထောင့်ကျဉ်းထဲမှာ 
ခံတွင်းပျက်နေပြီလား
မင်းတစ်ယောက်ထဲမဟုတ်ဘူး
လက်တင်အမေရိက က
ကချေသည်မတစ်ယောက်ပြောတယ်

တစ်ဘဝထဲမှာပဲ
နှစ်ဘဝစာလောက်ဒုက္ခခံခဲ့ရသမို့
မင်းတစ်ယောက်ထဲမဟုတ်ဘူး
အရှေ့တောင်အာရှက 
တရားမဝင်အလုပ်သမားတစ်ယောက်ကပြောတယ် 

နာကျည်းခံပြင်းမူတွေကို
အတိအလင်းဖော်ပြရရင် 
မင်းတစ်ယောက်ထဲမဟုတ်ဘူး
အရှေ့ဥရောပက 
ကဗျာဆရာတစ်ယောက်ကပြောတယ် 

လူလိုမနေရတာကြာတော့ 
လူစိတ်ကလည်းပျောက်လုလု
မင်းတစ်ယောက်ထဲမဟုတ်ဘူး
အာဖရိက က စားစရာမရှိတဲ့ 
လူတစ်ယောက်ပြောတယ် 

ကောင်းပြီ
ဘယ်သူတွေပါသေးသလဲ 
ခေတ်ကြီးတစ်လုံးပါတယ်
ခေတ်ကြီးတစ်ခုလုံးကို အဖော်လုပ်ရမှာဆိုတော့
နည်းနည်းစိတ်ညစ်စရာကောင်းမှာပေါ့ 

ကဲ … ကဖေးတစ်ခုခုမှာ
ချိန်းတွေ့ရအောင်…......
ဂျကာတာက “ဖက်ရှင်”ကဖေးမှာလား
ဟိုချီမင်းစီးတီးက “ကွန်ဒွန်”ကဖေးမှာလား
တိုကျိုက “ဆိုင်ဘာ”ကဖေးမှာလား
ကွာလာလမ်ပူက “ဟာ့ဒ်ရော့ခ်”ကဖေးမှာလား 

ရေငုပ်သင်္ဘောလိုနေလို့မဖြစ်တော့ဘူး တဲ့
အာကာသယာဉ်လို နေမှဖြစ်တော့မယ် တဲ့ 

ယဇ်ပလ္လင်ပေါ်ကို ခေါင်းထိုးတင်လိုက်တဲ့ 
သိုးတစ်ကောင်က ထအော်တယ်
မင်းတစ်ယောက်ထဲမဟုတ်ဘူး

နေ့စဉ်နဲ့အမျှကားကြိတ်ခံနေရတဲ့ 
လမ်းမက ထအော်တယ် 
မင်းတစ်ယောက်ထဲမဟုတ်ဘူး

သွေးစသွေးနနဲ့တူတဲ့ 
စိန်ပန်းပွင့်တွေက ထအော်တယ်
မင်းတစ်ယောက်ထဲမဟုတ်ဘူး

မဝေးတော့တဲ့နွေဦးအတွက်
စုဘူးကိုဖောက်လိုက်ပါတော့ 

မင်းတစ်ယောက်ထဲမဟုတ်ဘူး …...............။

.လှသန်း

ဘယ်တော့မှမမေ့ဘူး



ဘယ်တော့မှမမေ့ဘူး 

.
မမေ့ဘူး
ဘယ်တော့မှ မမေ့ဘူး

ခဏလောက် ခေါ်သွားပါရစေ
စစ်ဆေးပြီးရင် ပြန်ပို့ပေးမယ် . . . 
အဲဒီညကို
ဘယ်တော့မှ မမေ့ဘူး

ညို့သကျည်းကို
မျဉ်းလုံးနဲ့ လှိမ့်ခံခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး

ပလတ်စတစ်အိတ်ကြီး စွပ်ပြီး
ဘယ်ပြန်ညာပြန် ပါးရိုက်ခံခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး

အိမ်သာထဲမှာ ဘီယာဘူးခွံ စုတ်လေးနဲ့
အိမ်သာသုံးရေကို ခိုးသောက်ခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး

စားထားတဲ့ ထမင်း
အတောင့်လိုက် အန်ထွက်လာအောင်
ရင်ဝ ဖနောင့်နဲ့ ပေါက်ခံခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး

သမံတလင်းပေါ်မှာ
တိရစ္ဆာန်တကောင်လို နေခဲ့ရတဲ့
ငရဲခန်းကာလ ၁၇ ရက်ကို
ဘယ်တော့မှ မမေ့ဘူး 

အဖေ ခံစားခဲ့ရတဲ့ စိတ်သောက ဒုက္ခတွေကို
ဘယ်တော့မှ မမေ့ဘူး
အမေ ကျခဲ့ရတဲ့ မျက်ရည်ပေါက် ကြီးငယ်တွေကို 
ဘယ်တော့မှ မမေ့ဘူး
ဖရိုဖရဲ ဖြစ်ခဲ့ရတဲ့ ငါ့ရဲ့ မိသားစု ဘဝကို
ဘယ်တော့မှ မမေ့ဘူး

နေ့စဉ်နဲ့အမျှ
လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့
နှစ်ကာလများကို
ဘယ်တော့မှ မမေ့ဘူး ။        ။

#လှသန်း

Wednesday, October 5, 2022

"ပြန်သူ၏လမ်း"

"ပြန်သူ၏လမ်း"

လမ်းဘေးရောက်မယ့်ကောင်လို့
အဆဲခံရဖူးတယ်

အိမ်ပေါ်က ဆင်းလို့
နှင်ချခံရဖူးတယ်

စာသင်ခန်းထဲက ထွက်သွားလို့
ငြင်းပယ်ခံရဖူးတယ်

ကျရာနေလို့လည်း အမေက ပြောတယ်
ကျွန်တော်ကလည်း ကိုယ်ချစ်ကိုယ်ခံပဲ

ရှုံးထွက်ကစားပွဲတွေထဲကြတော့ ဘယ်တော့မှ မထွက်ရလို့
ဒဏ်ရာနဲ့ညဟာ အမြဲနက်တယ်

ဒါပေမယ့်
ပြန်သူကိုတော့ ကိုယ်မငြင်း
ကိုယ်က ဆင်းရဲတွင်းလေ။ ။

-စိုင်းဝင်းမြင့်

"ကျေးဇူးတော်လမ်း"

" ကျေးဇူးတော်လမ်း"

အသက်ကိုနောက်မှရှူမယ်
ကော်ဖီကိုအရင်သောက်မယ်

ငါ့ကိုယ်ငါအရင်ချစ်လည်း
မင်းကိုချစ်တာ အရင်ဖြစ်ခဲ့တယ်။  

လမ်းပေါ်တစ်နှစ်ပတ်လုံး 
သွားနေတာပဲ
လမ်းပေါ်တစ်နှစ်ပတ်လုံး 
လူတွေ သေနေကြတာပဲ
မသွားလို့မှ မဖြစ်
အချစ်မှာ မရောက်လို့မှ မဖြစ်ပဲ။

မသာ ဆယ်ခေါက်လည်း
လူဟာ ဘယ်မှမရောက်ဘူး။

အသည်းကွဲတယ်ဆိုတာကလည်း
အသည်းရှိခဲ့လို့ပါပဲ
အချစ်မှာ
အခြား ဘာရှိရမှာလဲ

ငါလည်း
မသေအိမ်က မုံညင်းစေ့ပမာ
ပျောက်နေတာကို ဘဝထဲမှာမရှာ
အရိပ်ထဲမှာမနား
အနီးဆုံးဘုရားကိုမဖူး
လမ်းဟာ ရူးခါနေတာပဲ။         

ကိုယ်အသက်ကြီးခဲ့ရင် ပင်လယ် တောင်တန်းနဲ့
နယ်မြို့လေးတစ်မြို့မှာ သွားနေမယ်
ကိုယ်အသက်မကြီးခဲ့ရင်လည်း
ကိုယ်ဟာ တစ်ပြားမှမလျှော့
ရန်ကုန်လမ်းပေါ်မှာပဲပေါ့။

လင်းနေမှ လူနေတယ် ထင်ယောင်မှားမိတယ်
အမှောင်ထဲမှာလည်း ငြိမ်ငြိမ်လေး ကိုယ်နေတယ်

အစကတည်းက မရောက်ခဲ့ရင်
ဘယ်တော့မှလည်း မရောက်
ကိုယ်လျှောက်နေတဲ့ လမ်းထက် 
လူဟာပိုမရောက်

အိမ်အပြန်လမ်းတစ်လျှောက်
အားလုံးနောက်ကျလည်း
တစ်ယောက်ချင်းမှာ
မိသားစုတစ်စုချင်းမှာ
ခြေလမ်းညီညီစီလို့
မြို့အပြင်က အိမ်ထဲ
လေယာဉ်ပျံတီထွင်နိုင်လည်း
 မပျံသန်းနိုင်ပဲ
ပြန်လည်ဝင်ရောက်ပျောက်ကွယ်လို့

မိုးကုန်မှ မုတ်သုန်ရောက်လာတယ်
ဆောင်းဦးရွက်ကြွေထဲ
ကျွန်တော်တို့ တဖွဲဖွဲ လွဲသွားကြပုံရတယ်။      

အပွင့်လှနေရင်
လက်တို့တို့ပြီးပြလို့
ဖဲသေနေရင် မျက်စိမျက်နှာကို ပျက်လို့
အချစ်နဲ့ ကစားရင်း အစားခံရတာပဲ
ဟန်ကိုယ့်ဖို့ မထားတတ်ဘူးလား
ကိုယ့်ကို ကြည့်ပါ
အတွင်းလှိုက်စားနေလည်း
အပြင်မှာပြုံးရယ်လို့

ရန်ကုန်ကို ငုံ့ကြည့်ဖို့ရာ
ကိုယ့်မှာ ကဗျာပဲရှိတယ်
ချစ်မေတ္တာကတော့ အမြဲဆန်းကြယ်
တအံ့တဩ ငေးမောကြည့်ရတယ်။

-စိုင်းဝင်းမြင့်

"အမေ"



"အမေ"

အမေနဲ့ ဖုန်းရတယ်။
ဒီတစ်ခါလည်း "အမေ"လို့
အရင်မခေါ်နိုင်ခင်
"သား"တဲ့

"သား၊ နေကောင်းလား" တဲ့
ကျွန်တော်လေ
ဆွံ့အ၊ ကြေကွဲ၊ မျက်ရည်ဝဲ
ဒီတစ်ခါလည်း ခရီးလွန်နေဆဲ။ ။

-စိုင်းဝင်းမြင့်

Collage By Poetry Cafe

Tuesday, October 4, 2022

မတားပါနဲ့
သွားပါရစေ
လောကကြီးကိုလည်း
လွယ်အိတ်ထဲ ထည့်သွားတော့မယ်

မုန်တိုင်းတွေ
မိုးမှောင်ကြီးတွေ
နှင်းခါးညတွေ
အို . . မခွဲဘူး မခွဲဘူး
အသည်းထဲမှာ ဖက်ထားမယ်

#ဖော်ဝေး (ပန်းများကို နမ်းရှိုက်ခြင်း မှ . . .)

နံနက်ခင်းချောက်ကမ်းပါး _______

#နံနက်ခင်းချောက်ကမ်းပါး
_____________________________

တံတားကိုဖြတ်ကျော်ခဲ့ပြီးကာမှ
တမ်းတတတ်တဲ့ရင်ဟာ
တစ်ခွင်လုံးမိုးသားတွေပြည့်လို့။

ညတစ်ခုလုံးဆုံးပါးသွားလျှင်
စင်ကြယ်လတ်ဆတ်သောနံနက်
မိန်းမအရှက်ထက်ပိုချို
ဖူးငုံစအချစ်လိုလှပ
အလွမ်းထက်ပိုနုနေမှာပေါ့။

မြစ်များကိုဖြတ်ခဲ့ကြ
တရံရောအခါကအသက်ရှူသံ
ပြင်းထန်မှုကလွဲပြီးမျဥ်းဖြောင့်
ငါ့မြင်ရင်ကြောက်သွားနိုင်တယ်။

အဖြူပိန်းပိန်းနံရံပေါ်
ပွဲတော်ခေါ်သံများစိမ့်ဝင်
ပျော်ရွှင်ခြင်းမီးသင့်လောင်
အရောင်သစ်ကိုမြင်ကြရော့။

လက်တံမဲ့နာရီသာ
ငါ့ခန္ဓာရဲ့ အတိမ်အနက်
ငါ့နှလုံးသားကို ချိန်စက်လို
ငါ့ပျော့ညံ့မှုကို ချစ်တတ်ပေရဲ့။

တရွတ်တိုက်ဆွဲသွားရာ
ငါ့တစ်ကိုယ်လုံးအငွေ့တထောင်းထောင်း
ခေါင်းမှခြေဖျားအထိငြင်းဆန်
ယဇ်ကောင်ဟာ ကံကြမ္မာလော။

ခုလိုညမျိုးဆို
လပြည့်ဝန်းကို ဓားနဲ့ပေါက်
သွေးငေါက်တောက် လက်နဲ့ခံယူ
ရိုင်းမူးစွာ ချစ်သူရဲ့အမုန်း
သင့်တစ်ကိုယ်လုံးခြစ်ရှသွားတော့မယ်။

ပျိုရွယ်သောနေရောင်ခြည်
သက်မဲ့ပန်းချီရုပ်များလေးလံ
မွမ်းမံခြယ်သခြင်းစွန်းကွက်
.......................................။

ချစ်ဖူးသူတွေ
အချစ်ခံရဖူးသူတွေ
ဤမြေကြီးပေါ်၌ယူကျုံးမရ
ဖုတ်ဖက်ခါ ထသွားကြ
အားမကျလိုက်လေခြင်းကွယ်။ ။

#ဖော်ဝေး


လမ်းမဲ့ခရီးမှ
အပန်းကြီးစွာ
ငါထမ်းလာတဲ့ သောက်ရေအိုး
ပိုးလောက်လန်းများ ပါခဲ့ရင်
​အိမ်အပြင် လှေကားရင်း
ခြေဆေးခြင်းဖြင့် ကြင်နာပါ။

- ဖော်ဝေး

တိမ်‌တွေအလယ်မှာကိုယ်တို့ဟာပေါ့ပါး___

တိမ်‌တွေအလယ်မှာကိုယ်တို့ဟာပေါ့ပါး___

တိမ်တွေ၀တ်မှုန်ကူးကြတော့ ကိုယ်တို့ဟာ 
ခရမ်းရောင်ပန်းပွင့်တွေအဖြစ်ပြန်လည်၀င်စားကြတာ

စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းဆိုတာ 
တိမ်တွေ‌ တဖွဖွ မျောနေတာကို 
နှစ်ယောက်အတူတူထိုင်ငေးရတာ

ပင်လယ်ကမ်းခြေကနေ တိမ်တွေကြည့်ပြီး
စိတ်အမျှင်စကို အဆုံးထိ ဆွဲဆန့်လိုက်တယ်
အတိတ်ဘ၀တွားသွား‌အပျော်ကောင်တွေ
ကိုယ်တို့ဆီလွန့်လွန့်လူးလာ

တိမ်တွေနဲ့ လူလားမမြောက်ခဲ့ရတဲ့ 
ဆယ်ကျော်သက်ပြတင်းပေါက်ရယ်လို့များရှိခဲ့ဖူးလား

အိမ်အပြန်သက်တန့်ညနေ၊ နှင်း‌ဆီငွေ့ငွေ့‌နဲ့ဖျားစိတ်
ကံ့ကော်ပန်းခြောက်တွေကြား 
ကိုယ်တစ်ယောက်တည်း အရည်ပျော်ကျရခြင်း လွမ်းနာ

ကိုယ်သာတိမ်တစ်ဆုပ်ဖြစ်ခဲ့ရင်
သေသွားသူတွေအပေါ် ကိုယ့်ကိုယ်ကို ဖြန့်ကြဲချမယ်
‌ရှင်ပြန်ထမြောက်သူတို့စကားဝိုင်းမှာ 
အဝါရင့်ရင့်စံပယ်နံ့‌သင်းသင်းတိမ်

အမေဟာ တိမ်တွေကိုငေးနေမယ် ၊ 
ကိုယ်လည်းတိမ်‌တွေအဖြစ် ပြန်ရွာချမယ်

ကိုယ်ပြန်လာမယ် 
တိမ်‌တွေ မင်းပတ်ချာလည်ဝိုင်းနေတဲ့
ကောင်းကင်ဟာ ဆုံမှတ်

တိမ်မျိုးစိတ်တစ်ခုအဖြစ်နဲ့
ပြန်ပြီးရှင်သန်ချင်တော့တာပဲကွာ လို့ 
ကိုယ်‌ပြောပြဖြစ်တော့ မင်းရယ်သံဟာ
တိမ်တွေကြားထဲ လွင့်နေ

ကိုယ်တို့ကမ္ဘာတစ်ခု တိမ်တောအုပ်အဖြစ်
တိမ်စေ့လေးတစ်စေ့ 
ကြီးရင့် ကျယ်ပြောသွားပုံ 

မင်းမြင်ရတဲ့ တိမ်တွေဆိုတာ
ကိုယ့်စီးကူးမှု နှလုံးသွေးမြစ်တစ်ခုပေါ့
အငွေ့လို လွင့်ရင်း ရင်ဟာပါးလျစွာခုန် ။  ။

-Plug x

နှစ်သစ်ကူး



နှစ်သစ်ကူး

ကွယ်လွန်သူတွေဟာ
ကံကောင်းသူတွေဖြစ်တယ်လို့
အယူရှိတဲ့ အရပ်ဒေသမှာ
ငါတို့နေထိုင်ပါတယ်
ငါတို့မပျော်ရတာ နှစ်ချီနေပါပြီ

#PlugX

Monday, October 3, 2022

လာမယ့်ဆောင်းရာသီ


ကြည်ဇော်အေး ရဲ့နောက်ဆုံး
ကဗျာ

လာမယ့်ဆောင်းရာသီ
__________________________

မလုံခြုံမှုမီးခိုးများဟာ
အူနေတယ်

လေထု ပွန်းပဲ့
ရဟတ်များလည်ပတ်လျက်
ခြောက်ကပ်လယ်ယာမြေပေါ်
စိုစွတ်နေတဲ့သွေးစ
အသားစ
အရိုးစ

အပူချိန်ဟာ
အိမ်ခေါင်မိုးတွေဆီကနေ
ဖြာကျ

တခါတခါ
ကလေးတယောက်ရဲ့ငိုသံ

တခါတခါ
အမယ်အိုတယောက်ရဲ့ညည်းသံ

“စစ်ဖြစ်နေမှတော့
အချစ်စစ်နဲ့လည်းဘယ်တွေ့နိုင်ပါ့မလဲ” 
လူငယ်တယောက်က အံကြိတ်ပြီးပြောတယ်

“ခွေးမသားတွေ
ခွေးကျွေးတောင်မစားဘူး” တဲ့
အဖိုးအိုတယောက်က
တောက်ခေါက်တယ်

ဆေးမရှိတဲ့ရောဂါနဲ့တူတဲ့
လမ်းကမှားနေတယ်

ဆောင်းဝင်တော့မယ်
အချစ်ထက်ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ

နာကျင်မှုကိုသာ
လှုံကြ ။

KZA
2 October 22

Sunday, October 2, 2022

ကဗျာ ငါတို့လျှောက်ရဲဘိ

သေမင်းတမန် သံခင်းလမ်းလည်း
ငါတို့လျှောက်ရဲဘိ
အာဏာရူးတဲ့ မိစ္ဆာတစ်သိုက်ရဲ့
ငါတို့ပြည်သူ ခံစားဖူးပြီ
အနာဂတ်ပျောက်မှာ ကြောက်ခဲ့ပြီးတော့
သွေးကြွေးဆပ်ဖို့ ပေါ်ပေါက်လာခဲ့တဲ့ 
တို့လူငယ်တွေလည်း စည်းလုံးကြပြီ
အနာဂတ်ပြည်တော် သာယာဖို့အတွက်
တိုင်းရင်းသားတွေလည်း ညီညွတ်ခဲ့ပြီ
လက်နက်စွဲကိုင် တော်လှန်ရဲတဲ့
ပြည်သူသားကောင်းတွေလည်း ပေါ်ထွန်းခဲ့ပြီ။

ရွှေပြည်တော်ကြီး သိပ်မဝေးတော့ပြီ
အာဏာရူးတဲ့ ခွေးတစ်သိုက်လည်း
ဖိတ်ဖိတ်တုန်အောင် ကြောက်ကြပြီ
အရေးတော်ပုံကြီး အောင်ရမည်။

ရဲဘော် စောလေးမှူး T5 Zone

Saturday, October 1, 2022

Life



Life
✨✨


ဘဝဆိုတာ စွန့်စားမှု ခရီးရှည်ကြီးပါ
ရှေ့မှာ ဘာမှမမြင်ရဘူး
ဘာဖြစ်မယ်လို ဘယ်သူမှလည်း မသိနိုင်ပါဘူး
ဒါပေမဲ့ မကြောက်ပါနဲ့
ယုံယုံကြည်ကြည်လျှောက်ပါ


Living in life is a challenging long journey.
We are unable to see the next phase of the voyage.
No one knows what will be going on.
But, don’t worry.
Kept walking confidently.

                     

San Zuren 🌸

Problems



Problems ✨


ပြသနာတွေ ဆိုတာက
ဘဝရဲ့ အစိတ်အပိုင်းတစ်ခု
အဲဒီ ပြသနာတွေကို
(ရဲရဲ)ရင်ဆိုင်(ဖြေရှင်း)တာကတော့
ဘဝရဲ့အနုပညာ

Problems are a part of life.
Facing them is an art of life.


San Zuren 🌸

အမှန်တရား



အမှန်တရား
----------------


မြန်မာနိုင်ငံမှာပေါလိုက်တဲ့ဘုရား
ဟောလိုက်တဲ့တရား
ပျောက်ဆုံးနေတာက အမှန်တရား

လူတစ်ချို့ အသက်လုနေတဲ့အချိန်
လူတစ်ချို့က အမြတ်လုနေကြ
လူတချို့က သွေးကွဲနေကြ
လူတချို့က သွေးအေးနေကြ
လူတချို့က ပွဲတက်နေကြ
လူတချို့က .......

နေနိုင်သူတွေ လိပ်ပြာလုံကြပါစေ😒



San Zuren 🌸

ဘုန်းတန်ခိုးတွေနဲ့......ဖုန်းဆိုးမြေ

ဘုန်းတန်ခိုးတွေနဲ့......ဖုန်းဆိုးမြေ
=========================
တချို့တွေက ငွေပြေးထုတ်
တချို့တွေက ရွှေလေးလုပ်

တချို့က အထုပ် ပဲ့ မလားစိုးရိမ်
တချို့က အလုပ် မဲ့ တအားချိုးနှိမ်

တချို့က ကျောင်းလေးပြေးတက်လို့
တချို့က အလောင်းကလေး အေးစက်လို့

တချို့ကတော့ Club ၊ Bar မှာ ပျော်ရန်ရွယ်
တချို့က  အသက်မထား ကာ တော်လှန်တယ်

တချို့က တဏှာမီး ရမက်တွေနဲ့
တချို့က ဗလာချည်း အသက်တွေမဲ့
တချို့က မရဏာခရီး ထွက်လေရဲ့

တချို့က အခိုးခံရတယ်။
တချို့က အလုခံရတယ်။
တချို့က အသတ်ခံရတယ်။

ငါတို့နေရာ ဤဌာန
တချိန်က ဘုန်းတန်ခိုးတွေထွား
ဪ..... ဒီကာလ
ဖုန်းဆိုးမြေအလား......။

သီဟ

(ကိုယ်တိုင်ရေးသားထားကြောင်း ဝန်ခံပါသည်)

ပြဿဒါးများ (၂)

ပြဿဒါးများ

(၂)
ဘဝအကြောင်း ကဗျာရေးမလား
အများကြီးပဲပေါ့ သေတဲ့တိုင်အောင် မပြည့်စုံဘူး
အချစ်အကြောင်း ကဗျာရေးမလား
ကမ္ဘာဦးစကတည်းက ရေးလိုက်တာ
ဒီနေ့အထိ ချစ်ကြတုန်းမလို့ ရေးဖြစ်ကြတုန်းပေါ့

အနှစ်၆၀…..
ဘယ်လောက်မှန်း မသဲကွဲတော့ထဲ ခေါင်းထဲက ဂဏန်းတွေထဲမှာ
လူသန်းချီပိတ်မိနေတဲ့ ကမ္ဘာတစ်ခုရှိတယ်
အဲ့ထဲမှာ ဘုရားကလည်း အရောင်တွေ ဝင်းလို့
သာသနာ၊ဘာသာ၊နိုင်ငံရေးက စလို့
မိဘနဲ့ သားသမီးကြားမှာအထိ နတ်ဆိုးတစ်ကောင်က ခြယ်လှယ်တယ်

ငွေ…………

ကလေးတွေကို ပထမနေရာအတွက် အချင်းချင်းသတ်ဖြတ်ဖို့ သင်ကြားပေးထားတယ်
ငါသည်ပင်လျှင် ငွေကြောင့်ရှင်ပြီး ငွေကြောင့်သေလေမပေါ့
ငွေရှိရင်
ပတ်ဝန်းကျင်ကလည်း ပြုံးပြုံးပြတယ်
ဥပဒေကလည်း အလေးပြုတယ် နတ်ဆိုးကို

ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ကမ္ဘာတစ်ခုမှာ
ဂေါပက တစ်ခွက်ချပြီး ရီဝေဝေနဲ့ပြောတယ်
လူငယ်တွေက အရိုအသေသိပ်မဲ့တာ ဒယ်အိုးဆင်းမယ့်ကောင်တွေ
ငရဲခန်း ဒန်းဆေးနဲ့ခြောက်မှတော့
ဘာသာမဲ့လာတာက မကောင်းတဲ့ရလာဒ်လို့အော်နေတာက မမှန်သေးဘူး

ကောင်းဆိုးချမ်းသာ ငွေကြွေလောင်းလို့
အရောင်းအဝယ်ဖြစ်စေသတည်း
ဘုရားသခင်၏ စီးပွားရေးမှာ
ပွဲစားတွေပါပဲ သူတို့က

သွေးစက်ကို မင်လိုသုံးပြီး ပုံနှိပ်ရေးတဲ့ ပိုက်ဆံနဲ့ ထမင်းဝယ်စားသူတွေရယ်
သွေးစက်ကို မင်လိုသုံးပြီး ပုံနှိပ်ရေးတဲ့ အနုပညာကို ခံစားကြသူတွေရယ်
အသွေးအသားကို ဖြတ်ထုတ်ပြီး တည်ထားတဲ့ ဘုရားကို ရှိခိုးနေကြသူတွေရယ်
အားလုံးက မှန်နေတယ်လို့ တကယ်ပဲယုံကြည်သလား
မမှန်တာကို သိသိနဲ့ နှုတ်ပိတ်ထားသလား
နှုတ်ပိတ်တာလွန်ပြီး ဆွံ့အသလား

တစ်ယောက်ထဲ မေးခွန်းအများကြီးရှိနေတယ်
တချို့အတွက်က အဖြေရှိတယ်
တချို့အတွက်က အဖြေကမတွေ့သေးဘူး
တချို့အတွက်က အဖြေကိုမရှိတာ

အိုး…..အရှင်ဘုရား မေတ္တာတရားဆိုတာကို မိသားစုဝင်တွေ အသတ်ခံရတဲ့သူတွေကို ဟောကြည့်ပါလား
လောင်ဇူက ပါးရိုက်ခံရတယ်
ဒီမှာက ယဉ်ကျေးသိမ်မွေ့ကြရှာပါတယ်
တိတ်တိတ်လေးပဲ လက်သီးတွေဆုပ် မျက်ရည်တွေကျ တောက်တွေခေါက်ပေါ့

ငါက လောကကြီးရဲ့ အပြင်ကိုထွက်နေတာမဟုတ်ပါဘူး
ခွတိုက်ပြီး လိုက်ဝေဖန်နေတာသက်သက်လည်းမဟုတ်ပါဘူး
အတုအယောင်၊အစုတ်အပြတ်တွေကိုပဲ အရသာခံတတ်တဲ့
ဆေးတွေပဲစားလို့ ထုံနေတဲ့လျှာပေါ်ကို တင်ပေးတဲ့ ငရုတ်သီးတစ်တောင့်ပါပဲ

စပ်ကြစေသတည်း

#Tommy

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...