Sunday, July 31, 2022

အိမ်ကလေး လိုတယ်

အိမ်က​ေလး​ လိုတယ်_______________

စိတ္တဇဆေးရုံကြီးထဲက လူနာဖြစ်သူ
ရုရှားလူငယ်လေး ဂရိုမော့ဗ်ဟာ
အရူးလက်မှတ် မလိုခဲ့ဘူး

Suicide နဲ့ရုန်းထွက်ခဲ့တဲ့
၃၇ နှစ် ဗန်ဂိုးရဲ့အဆုံးသတ်ဟာ
ဒိုင်းခနဲ တော်လှန်ရေးလုပ်ပြသွားတာပဲ
အဓိပ္ပါယ်က
မင်းတို့ ကြိုက်အောင်ငါမလုပ်ဘူး
ငါကြိုက်တာပဲ ငါလုပ်ခဲ့တယ်
ဗန်ဂိုး ခပ်ညံ့ညံ့ကောင် မဟုတ်ဘူးပေါ့

ကမ္ဘာကြီးအကြောင်းစဉ်းစားတိုင်း
ဘဝကအသိကို ပြဋ္ဌာန်းတဲ့ လူ့လောကီမှာ
အိမ်ကလေး လိုတယ်

ကျော်မြင့်လွင်(ထူးအိမ်သင်)လူဆိုးပါလို့
အနုပညာမသိတဲ့ လူတတ်ကြီးတွေ
သံပြိုင်ထွက်တော့သူ့အမေ ငြင်းဆို
တလုံးတည်းထွက်တဲ့ အသံဟာ
``ငါ့သားက လူဆိုးမဟုတ်ဘူး
သူဟာအနုပညာသမား..''

အဲဒီလို အိမ်ကလေးလိုတယ် ။

အဖေ့ကို လူပိန်းတွေက
``ခင်ဗျားသားဟာ လူမိုက်
ရပ်ကွက်လူကြီးစကားတောင် နားမထောင်ဘူး''
....ရယ်လို့ စစ်ရေးစတော့
အဖေက သူ့တော်လှန်ရေးကိုပြဋ္ဌာန်း
စစ်ကြေညာခဲ့တာပေါ့လေ

ကျနော့သားက စာဖတ်တယ်
သူ့မိုက်ရဲမှုကို ကျနော်ယုံတာပေါ့
သူမမှားဘူး. . ရပ်ကွက်ကမှားနေတာ

အဲဒီလို အိမ်ကလေးလိုတယ် ။

နင့်အစ်ကိုက
အစိုးရဆန့်ကျင်ရေးသမား

မဟုတ်ဘူး...
ငါ့ အစ်ကိုက အစိုးရကောင်းကိုလိုချင်တာ
ပြည်သူ ထမင်းမဝရင်
သူ အမြဲဆန့်ကျင်နေမှာ . .

အဲဒီလို အိမ်ကလေးလိုတယ် ။

နင့်အကောင်က
နင့်အပေါ် မပြောနဲ့
သူ့မိသားစုအပေါ်တောင် တာဝန်မကျေခဲ့ဘူး

မဟုတ်ဘူး
ကျမအကိုက
တစ်ဖက်မှာ တာဝန်ကျေချင်လို့
တစ်ဖက်မှာ တာဝန်ပျက်ကွက်နေတာ
သူ့ပေးဆပ်မှုအပေါ် ကျမသိပ်ယုံတယ်
ကျမသူ့အချစ်ကို နားလည်ထားတယ်

သူတို့ဆိုရှယ်လစ် အိပ်မက်ကြီး
အောင်မြင်မှာ. .

အဲဒီလို အိမ်ကလေးလိုတယ် ။

အိမ်ကလေး လိုတယ်
စာအုပ်တွေ ရှိမယ်
ချစ်ခြင်းမေတ္တာ ရှိမယ်
သောက်တလွဲလူ့အဖွဲအစည်းကို
ပတ်ဝန်းကျင် မတော်ဘူးဆိုတဲ့အတွေးနဲ့
ဗန်ဂိုး မသိ
ဗန်းမော်တင်အောင် မသိ
ခင်ဝမ်း မသိ
ခိုင်ထူး မသိ
အနုပညာ မသိ

ကိုယ်ကျင့်တရားမရှိတဲ့လူ့အဖွဲ့အစည်းထဲ
တကယ်သာနေချင်စရာကောင်းရင်
ဗုဒ္ဓလည်း တောမထွက်ဘူး
မြို့မငြိမ်းလည်း အုတ်ကားအောက် ပြေးမဝင်ဘူး

ခုတော့
ဘုရားလည်း တရားပဲချန်ခဲ့
မြို့မငြိမ်းလည်း ဖိနပ်တရံသာချန်ခဲ့
ကျနော်မှာလည်း ကဗျာပဲကျန်ခဲ့

နာနာကျင်ကျင် ရပ်ဝန်းမှာ
ခပ်ပြုံးပြုံးလေးနဲ့ အလိုရှိခဲ့ပါတယ်
ယိုင်သွားရင်တောင် ပြိုမသွားမယ့်
အိမ်ကလေး လိုတယ်ပေါ့

အိမ်ခြေယာမဲ့ လူငယ်တစ်ယောက်
ချစ်ခြင်းမေတ္တာ ငတ်မွန်းတဲ့လူငယ်တစ်ယောက်
ဘဝမှာ ရူးသွပ်တဲ့အတွေးအခေါ်က
နှစ်ရပ်တည်း

ကဗျာ သရဏံ ဂစ်ဆာမိ
ချစ်ခြင်းမေတ္တာ သရဏံ ဂစ္ဆာမိ ပါတဲ့

ဗန််ဂိုး
ဂရိုမော့ဗ်
မြို့မငြိမ်း
လွတ်မြောက်ရေးဆီ ဦးတည်လျှောက်ခဲ့ကြ

သူတို့အကြောင်းသိတဲ့
အိမ်ခြေယာမဲ့
ကဗျာဆရာလည်း
ကိုယ့်ကိုယ်ကိုယ် နဲ့
ကိုယ့် ခေတ်ကို ပြန်ကြည့်မှ
'​သေနတ်က ​ ..လိုနေပြန်ပါပြီ...'။ ။

-ဆောင်းဦးသွင်
(မဟာအိုက်ခမန်းနိုင်ငံတော်ကဗျာစာအုပ်မှ)


သွေးရော

မျက်ရည်ရော

တစ်ပြိုင်နက်တည်း ကျပါတယ်

စိတ်ဓါတ်တော့

မကျ ဘူး

#ကြည်ဇော်အေး

Collage by poetry cafe
ကျနော်က ကားမက်စ်ကို ကြိုက်တယ်
အမေက ဗုဒ္ဓကို ချစ်တယ် 

ကမ္ဘာကြီး စပျက်တော့
သစ္စာလေးပါးကို အမေပိုင်ပါစေလို့ ဆုတောင်းတယ် 

အမေက ရေခဲရေမကြိုက်ဘူး
ရေနွေးကို လက်ဖက်ခြောက်ကောင်းကောင်းနဲ့ 
သောက်တယ် 

ကမ္ဘာကြီးစပျက်တော့
အနည်မထိုင်တဲ့ လက်ဖက်ခြောက်ရိုးလေးဟာ 
ငါ့သားပေါ့တဲ့ 

ဆေးလိပ်အဖြူတွေ မသောက်ပါနဲ့
သားအဆုတ်လေးတွေကို အမေချစ်တယ်တဲ့ 

ကမ္ဘာကြီးစပျက်တော့
ဘယ်တော့မှကောင်းကျိုးမပေးတဲ့ကောင်လေးဆိုပြီး 

ကျနော့်ကို ခိုးခိုးနမ်းရှာတယ်။ 

-သူလှိုင်းမော်


နှစ်တွေရဲ့ ဆွဲငင်အားကြောင့်
လူတွေ မပျံသန်းနိုင်တော့ဘူး ။

-အောင်ခင်မြင့်

Collage by Poemency


နှလုံးသားသည် အသံမရှိ သိုသော် ကြွေးကျော်တတ်သည်

အဆက်ဆက် သူများတက်နင်းသွားတဲ့ဖိနပ်ရာတွေ
တိုဘေးဘေးကျောပေါ်မယ် သိပ်များနေပြီ။

ထကြွလော့ နှလုံးသားတို
သင်တိုသည် အသံမရှိ
သိုသော်…

ကြွေးကျော်တတ်သည်။

လူ့ဘဝတွင် ပြန်မရသော လက်ဆောင်ကား
လွတ်လပ်မှု

ငါတိုလွတ်လပ်မှုကို ငါတိုနှလုံးသားက အလိုရှိသည်
ငါတိုနှလုံးသားကြွေးကျော်နေသည်
ငါတိုနှလုံးသား နာကျင်နေသည်
ငါတိုနှလုံးသား အချစ်ကိုမွေးဖွားနေသည်
ငါတိုနှလုံးသား…

#Tommy
(Artwork credit to Harry)

Saturday, July 30, 2022

အာဇာနည်



အာဇာနည်
---------------


သူရဲကောင်း ပေါသလို
အာဇာနည်များတဲ့တိုင်းပြည်

ဇူလိုင် ၁၉ မမေ့သလို
၁၉၆၂ ကနေ ၁၉၈၈
၂၀၂၁ တော်လှန်ရေးထိ

တိုင်းပြည်အတွက် 
ပေးဆပ်ခဲ့သော
အာဇာနည်အားလုံးကို
မမေ့မလျော့လေးစားလျက်
ဦးညွှတ်လိုက်ပါတယ်



San Zuren 🌸

ယုံကြည်ရာလမ်း



ယုံကြည်ရာလမ်း
----------------------


သေသည့်တိုင်..
ငါ့လမ်း  ငါလျှောက်ဆဲ

ငါ့လက်တစ်ဖက်က
ဒုက္ခထုပ်ကိုပိုက်
ကျန်တစ်ဖက်က
ယုံကြည်မှုကိုပိုက်ရင်း
ငါ့သိက္ခာကို..ငါအရောင်တင်မယ်



San Zuren 🌸

အသိ/သတိ


အသိ/သတိ


တပ်ဖွဲ့လုံခြုံရေးနဲ့စစ်ဆင်ရေးကိစ္စရပ်တွေမှာ

သေနတ်ထက် ကင်း ကပိုအရေးကြီးတယ်
သေနတ်ထက် သတင်းကပို အရေးကြီးတယ်

သေနတ်ရရှိရေးအတွက် အရမ်းအားစိုက်ကြပေမယ့်

ကင်းအတွက် ''ပေါ့''
သတင်းအတွက် ''လျော့'' နေကြတယ်

ကင်းအတွက် လူသုံးပါ
သတင်းအတွက် ငွေသုံးပါ

ကင်းမရှိ တပ်တည်လို့မရ
သတင်းမသိ စစ်တိုက်လို့ မရ

No information
No Operation

ဝေဖန်တာက ဘာမှပြောစရာမရှိပါဘူး

ဘယ်သူဘာလဲ ကြေညာနေဖို့မလိုပါဘူး
အချိန်တန် သိလာကြပါလိမ့်မယ်

ပြောချိန်မတန်သေးလို့ မြိုသိပ်ထားကြပါ

အသိ၊သတိနဲ့ယှဉ်ပြီး တော်လှန်‌ရေးမှာ ပါဝင်ပေးကြပါ



San Zuren 🌸

ရွှေနိုင်ငံ



ရွှေနိုင်ငံ  
        *************
🍀ကချင်၊ကယား၊ကရင်၊ချင်း
မွန်၊ဗမာ၊ရခိုင်၊ရှမ်း
တိုင်းရင်းသားတွေစုစည်းကာ
နေထိုင်ကြတဲ့ တို့နိုင်ငံ

🍀ဆန်ရေစပါး၊ သယံဇာတပေါကြွယ်ဝကာ သဘာဝအလှ
တောင်တန်းများနဲ့  ပန်းချီကားတစ်ချပ်ပမာ ရှုမျှော်မဆုံး
လှပလွန်းတဲ့ တို့နိုင်ငံ

🍀ဒီမြေ၊ဒီရေ၊ဒီနိုင်ငံမှာ မွေးဖွားရှင်သန်ကြသူတွေမို့
နိုင်ငံတိုးတက်ကြီးပွားစေဖို့
အန္တရာယ်အသွယ်သွယ်
ကာကွယ်လို့ရန်  အဖျက်ရန်စွယ်
ဟူသမျှ တွဲလက်ညီညီ တိုက်ထုတ်ကြရင်း နိုင်ငံအကျိုးသယ်ပိုးကြမယ် တို့နိုင်ငံကြီးသာယာဖို့ကွယ်

🍀အနာဂတ်ရဲ့ မျိုးဆက်သစ်တွေ
ဘဝပြောင်းလဲ တိုးတက်စေဖို့
ကြောက်ခေတ်ကိုလေ ပြန်မရောက်ရအောင်
အာဏာရှင်စနစ် အမြစ်ပြတ်ဖို့
အင်တိုက်အားတိုက်  တော်လှန်လို့ရယ်  အနာဂတ်မှာ ရွှေနိုင်ငံကြီး ( နိုင်ငံအသစ် ) တည်ထောင်မယ်

နွေဦးချစ်

ဖော်ကွာဝေး

ဖော်ကွာဝေး 

ငါကလည်း မွှေးချင်နေတဲ့မီး 
သူကလည်း ထင်းတုံးအစို      
ဒီတော့လည်း မီးခိုးတွေအူ
မှိုင်းတွေမိ
နှင်းတွေကျ
စိတ်တွေညစ်
မိုးတွေရွာ
မျက်ရည်တွေဝဲ
တမြေစီဝေး    ။    ။

-ဝင်းမြင့်

Friday, July 29, 2022

မိုး



မိုး


       မိုးရယ်...
      ရွာနေတာလား
      ငိုနေတာလား
      ဒီမှာတော့...
      စိုနေပြီ
      တိုင်းပြည်ကြီးလည်း
      ပြိုနေပီ...😥



San Zuren 🌸

စစ်ဖိနပ်အောက် ဒူးမထောက်



စစ်ဖိနပ်အောက် ဒူးမထောက်


စိတ်တိစိတ်ရှုတ် စိတ်မကောင်းဖြစ်စရာတွေ ကြုံနေရပေမဲ့

ငါတို့ နိုင်မှ ကျွတ်မဲ့ သူတွေနဲ့
ငါတို့နိုင်မှ လွတ်မဲ့ သူတွေအတွက်ရော

ငါတို့ချစ်တဲ့ တိုင်းပြည်နဲ့ ပြည်သူတွေအတွက်

စစ်ဖိနပ်အောက် ဒူးမထောက်ဘဲ 
စစ်အာဏာရှင်တွေနဲ့ အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ဖို့ရာ

ဒီအခြေအနေတွေကို 
စိတ်ပျက်လို့ မရဘူး
အား‌လျှော့လိုက်လို့ မဖြစ်ဘူး

 ငါတို့ဘာသာ အားတင်း 
သေမင်းနှုတ်ခမ်းကိုနင်းရင်း 
ရှေ့ဆက်တိုးဖို့ပဲ ဆုံးဖြတ် 
ခရီးဆက်တက်ကြမယ်


San Zuren 🌸

ကလစ်ကာတို့၏ အင်အား



ကလစ်ကာတို့၏ အင်အား
-------------------------------------


ငါတို့ ကလစ်ကာတို့၏ အင်အား
မိုးကြိုးသွားလို
မကောင်းဆိုးဝါး စစ်မိစ္ဆာများ
ရင်အားထိုးခွဲ ငရဲမီးလို 
လောင်ကျွမ်းပါစေ

ပယ်လယ်ရေလို 
တို့တွေဓမ္မ 
လမ်းကြောင်းကြအောင်
လမ်းတွေဖောက်ဖို့
ကလစ် ကို ခေါက်တယ်

ကလစ်ကို ခေါက်ပြီး
အသစ်တွေ တည်ဆောက်
လမ်းကိုဖောက်
အဆုံးထိရောက်အောင် 
လျှောက်ကြမယ်
လမ်းချင်းတူရင် လူချင်းဆုံတယ်

တည်ဆောက်ကြမည် 
ဒီမိုကရေစီ



San Zuren 🌸


ဘဝဆိုတာ တိုတောင်းလွန်းလို့
ပျော်အောင်နေမယ် ပြောပြောပြီး
ရေခဲလို ပျော်သွားခဲ့ရတဲ့ ဘဝတွေ

-လင်းမာအို

Collage By Poemency

Thursday, July 28, 2022

နိုင်ငံတော်သီချင်း - ၂၁



နိုင်ငံတော်သီချင်း - ၂၁

နိုင်ငံတော်က ည၀တ်အင်္ကျီ အစင်းကြားလေးနဲ့ 
ငါ့ဘေးမှာ လာထိုင်တယ်။
စီးကရက်တစ်လိပ် တောင်းသောက်တယ်။
အသက်ကြီးလာလို့ ထင်တယ် အိပ်လို့မရဘူးဗျာ။
အဝေးမှာ ရထားလာနေတဲ့အသံ 
မှောင်နေတဲ့ တိုက်ခန်းတွေ 
ရုတ်တရက် ငါ့လက်ညှိုးကိုယူပြီး 
သူ့နားထင်မှာ တေ့ထားတယ် 
အဲ့ဒီနောက် စကားမရှိ စီးကရက်ကုန်သွားတော့ 
ငါတို့ နှုတ်ဆက်လိုက်ပြီး 
သူက ငါ့အခန်းကိုပြန်တယ် 
ငါက သူ့အခန်းဆီပြန်တယ် 

သင်၏ အိပ်၍မပျော်သော နိုင်ငံတော်။

#အောင်ခင်မြင့်

လီလီပန်းများ ၄


လီလီပန်းများ ၄
############
အရှင်မင်းမြတ်ရဲ့ ရွှေခွက်ထဲက
ရွှင်မြူးစေသော အနီရောင်အရည်

သမိုင်းသတ္တဝါကြီး ဗိုက်ဆာတိုင်း
တော်လှန်ရေးတွေ ပစ်ပစ်ကျွေးရ

ပြည်သူများရဲ့ ဘုံအိပ်မက်ထဲမှာ
မီးလောင်နေသော လီလီပန်းခွေ

ရေဒီယိုထဲက တဟားဟား ရယ်သံ
အမြဲတမ်း တစ်ပုံစံတည်း ထွက်ခဲ့

#အောင်ခင်မြင့်



"ထိပ်ဆုံးသို့ "

တစ်တောင်ပေါ် ၊တစ်တောင်ဆင့်
တောင်အမြင့်  ပတ်ခြံရံ ။

တစ်တောင်  ဆုံးပြန်တော့
တစ်လုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ  အားအင်နှိုးလို့ရယ်
ကြိုး  လျှောက်ရပြန်။

ခါတလေ  တကယ်ပန်းတာကြောင့်
တော်ပါပြီ  ဆက်မလှမ်းချင်ဘု
ရပ်တန်းက  ရပ်မယ်ကြံ
အမှန်တော့  ဖြစ်နိုင်မလား

စခဲ့မိဟာပေါ့
တစ်နေ့မှာ  ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ  ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း  အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို  အာရုံဆင်လို့
မူတစ်သွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။ ။

-ငွေတာရီ

ကောက်ရိုးမီး



ကောက်ရိုးမီး
------------------


တို့တိုင်းပြည်မယ်လဲ 
ကောက်ရိုးမီးတွေက တယ်များသကိုး 

တော်လှန်ရေး 
ကြန့်ကြာနေရခြင်း အကြောင်းရင်းက
ဖမ်းမှ ဝမ်းနည်းပြ
သေမှ ငိုပြ
သတ်မှ ဆဲကြ
တခုခုဖြစ်မှ  clickကြ
တော်ကြာမေ့  ပျော်သလို‌နေကြတဲ့ 
ကောက်ရိုးမီးစိတ်တွေကြောင့်ပဲ

ခံစားချက်တွေကို ခံယူချက်အဖြစ်
ပြောင်းပြီး ရိုးတွင်းချဉ်ဆီထဲထိ
စွဲနေစေဖို့ ဘယ်နှစ်ယောက် သေပြရဦးမှာလဲ‌?

ဒီအာဏာရူးကို မသုတ်သင်နိုင်သရွေ့ 
ကြိုးကွင်းဟာ ငါတို့လည်ပင်းပေါ်
အချိန်မရွေးရောက်လာနိုင်တယ်ဆိုတာ အသက်ရှူတိုင်း...အသက်ရှူတိုင်း...
သတိရကြပါ 

နိုင်ရာတာဝန်ထမ်းကြပါ
စစ်အာဏာရှင်မုချ ကျဆုံးရမည်



San Zuren 🌸

ရဲရင့်ခြင်းသာ အောင်နိုင်ရာ


ရဲရင့်ခြင်းသာ အောင်နိုင်ရာ
----------------------------------


စစ်ကောင်စီဟာ
သူတို့ပြုခဲ့တဲ့ အဓမ္မအမှုကိစ္စကို
ဘယ်သူမှဖော်စရာမလိုဘဲ
ကိုယ်တိုင် စိတ်လိုလက်ရဝန်ခံရတဲ့အထိ
သူတို့ရဲ့ စိတ်နဲ့ခန္ဓာကို
အကုသိုလ်တရားက လွှမ်းမိုးနေပြီ

ငါဟာ သေလူပဲလို့
လူဟာ နေဖို့ထက် သေဖို့ပဲ
သေချာလာပြီလို့ တွေးလာတဲ့အခါ
ဘာမဆိုလုပ်တော့တာပဲ
သူ့ရဲ့ နောက်ဆုံးမိနစ်ထိ ရသမျှ
အကုန်ဆွဲခေါ်သွားလိမ့်မယ်

အမိမခံကြနဲ့
အပါမခံကြနဲ့
ရှင်သန်ပါ
တော်လှန်ပါ

တည်းတည်းလေး ကျန်တော့တဲ့
အဆိပ်ပင်ကို အားကုန်
ဝိုင်းနှုတ်ပစ်လိုက်ရအောင်

ခံရဲတဲ့သူတွေက ပိုပိုပြီး ရဲရင့်လာလိမ့်မယ်
လုပ်ရဲတဲ့ သူတွေက
ပိုပိုပြီး ကြောက်ရွံ့နေကြရလိမ့်မယ်

ကြောက်ရွံ့ခြင်းသာ ရှုံးနိမ့်ရာ
ရဲရင့်ခြင်းသာ အောင်နိုင်ရာ



San Zuren 🌸

လေကောင်းလေသန့်ကို ပိုက်ကွန်နှင့် ဖမ်းသည်



လေကောင်းလေသန့်ကို ပိုက်ကွန်နှင့် ဖမ်းသည်

အသက်ရှုမဝတဲ့ နေ့ရက်တွေမှာ
ဆေးလိပ်အငွေ့တွေဝင်သွားလည်း အဆုတ်ထိမယ်လိုမယုံကြည်ပါ
အောက်ဆီဂျင်တစ်စက်မရှိပဲ မီးခြစ်ကိုမီးညှိလိုက်ရင်း 
နီကိုတင်းအဝင်အထွက်နဲ့ ငါတရားမှတ်

ကမ္ဘာပတ်မယ်ပြောဖူးတဲ့ ကလေးဘဝကို ပြန်ရောက်တဲ့အခါကျရင်
မျှော်လင့်ချက်ဆိုတာ တည်မြဲရိုးမရှိကြောင်း ပြောဖြစ်မလားမသိ
ကလေးတွေ စိတ်ဓါတ်ကျသွားရင် မကောင်းပါဘူး
ခေါင်းခံစရာရှိ ပိုသိလို ပိုနာရတဲ့ ကဗျာဆရာတွေရှိတယ်

မင်ကုန်သွားတဲ့ ဘောပင်တစ်ချောင်းနဲ့
ကိုယ်တိုင်နားမလည်တဲ့ကာရန်တွေကြားမှာ
ကဗျာဆရာ အသက်ရှုမဝပါ

#Tommy

Wednesday, July 27, 2022

ချေဂွေဗားရား

ချေဂွေဗားရား

လူတိုင်းသေရမယ်ဆိုတာသိပြီးသားမို့ ဘာဆန်းလို့တုန်း
ဘယ်လိုသေရမယ်ဆိုတာသာ ဆန်းရတယ်။

မင်းတို့ငါ့ကိုသတ်ပစ်မယ်ဆိုတာ
တော်လှန်ရေးမစခင်ကတည်းက ငါသိခဲ့တာပဲ။

လူဆိုတာ ကျည်ဆံနဲ့မသေလည်း
နောက်တစ်နည်းနဲ့ သေချာပေါက် သေရမှာသေချာ။

ဥပမာ
ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတုန်း
ခေါင်းပေါ်ပန်းအိုးတစ်အိုး ပြုတ်ကျလာပြီး သွေးအိုင်ထဲ နှင်းဆီတွေပွင့်ထွက်သွားသလိုပေါ့။

ဥပမာ
ပင်လယ်ရဲ့ညနေဆည်းဆာကို ထိုင်မျှားနေရင်း
ဧရာမလှိုင်းလုံးကြီးရဲ့ ခုန်အုပ်စားသောက်ခြင်းကိုခံလိုက်ရတဲ့ လူအုပ်ကြီးလိုပေါ့။

ဥပမာ
ဒဏ်ခတ်ခံထားရတဲ့ဒဏ်ရာတွေ ဒဏ်ခံကြိုးတစ်ချောင်းစီက ပြတ်ထွက်
ညဘက်ဒေတာတစ်ခုလုံး နံရံတစ်ခုတစ်ခုထဲပြေးဝင် ပြဲထွက်သွားသလိုပေါ့။

ရပါတယ်။
မရတာက
ခင်ဗျားတို့ဘက်ကအော်သံတွေက
ကျုပ်လက်ထဲက ဆေးထိုးအပ်ကိုလွတ်ကျစေခဲ့တာပဲ။

ဒါကြောင့်
ကြံခင်းတွေထဲမှာ ဆေးပြင်းလိပ်ကြီးခဲပြီး
အရုဏ်ဦးကိုဆွဲဖွင့်နေသူ ကိုယ့်လူကြီးဆီကျုပ်သွားခဲ့ရတာပေါ့။

လူဆိုတာ လူကိုကာကွယ်ရမယ်။

ဒီ့အတွက် ကျုပ်မှာ နိုင်ငံမရှိ။
ဒီ့အတွက် ကျုပ်မှာ သက်သေခံအထောက်အထား အိမ်ထောင်စုဇယားမရှိ။
ဒီ့အတွက် ကျုပ်မှာ ကျုပ်မရှိ။

ဒီ့နောက်မှာ ကျုပ်ဦးထုပ် ခင်ဗျားကိုခေါင်းပေါ်ရောက်နေမှာကို ကျုပ်မသိ။
ဒီ့နောက်မှာ ကျုပ်အလောင်း ခင်ဗျားတို့ပြတိုက်ထဲရောက်သွားမှာကို ကျုပ်မသိ။
ဒီ့နောက်မှာ ဒီနာမည်ဟာ တော်လှန်ရေးရဲ့သင်္ကေတဖြစ်သွားမှာကို ကျုပ်မသိ။
 
လူငယ်တို့
အရေပြားပေါ်ကျုပ်အရုပ်ကို လှီးထည့်ထားရုံနဲ့ တော်လှန်ရေးကအဆုံးမသတ်နိုင်ဘူး။
မတရားမှုဟာ
တစ်ချင်ခြင်းသွားနေတဲ့ နာရီတစ်လုံးတည်းက စက္ကန့်လက်တံ
တစ်ချောင်းလိုပဲ
အကြီးမားဆုံးခရီးသွားတစ်ဦးအဖြစ် ကမ္ဘာထဲ ဆက်သွားနေ
လိမ့်ဦးမယ်။
သတိမရှိရင် သေမယ်။
သတိရှိရင် ရှင်မယ်။ သတိရှိကြ။

ကျုပ်ဇနီး အလိုင်ဒါကိုလည်းပြောလိုက်
ကလေးတွေကို ပညာတတ်အောင်သင်
သူလည်းနောက်အိမ်ထောင်ပြုလိုက်လို့။

ကဲ တစ်ချက်တည်းနဲ့ ကြွင်းဝင်အောင် စိမ်တတ်သူကြီးတို့
တစ်ချက်တည်းနဲ့ ငါ့ကိုရအောင်ယူလိုက်တော့။
အဲ့ဒီလို ကျုပ်သူတို့ကို အော်ပြောလိုက်တဲ့အသံဟာ
ခင်ဗျားတို့ရှေ့မှာ ဒီနေ့အထိ ပြန့်ကျဲနေဆဲလေ၊
မဟုတ်ဘူးလား သေနတ်သံတွေအဖြစ်နဲ့။ ။

-ခရမ်းပြာထက်လူ

နိုင်ငံတော်သီချင်း ၁၄



နိုင်ငံတော်သီချင်း ၁၄

ငါတို့လက်တွေဟာ
ကိုယ့်လိင်တံတွေကို ဆုပ်ချင်ဆုပ် ဒါမှမဟုတ်
သံဆူးကြိုးတွေကို မလွှတ်တမ်းဆုပ်လို့
မရဏကမ္ဘာဆီ အတူသွားဖို့
ကတ် (Kurt) က ငါတို့ကို ဖိတ်ခေါ်ခဲ့တယ်
ဂစ်တာကို ဘယ်လက်နဲ့တီး
ပြီးရင် သေနတ်မောင်းကို ညာလက်နဲ့ဖြုတ်
လူငယ်ဘဝရဲ့အနှစ်ချုပ်ကတော့ဒီလောက်ပါပဲ
အလံတော်ကြီးအောက်မှာပဲ
ငါတို့ဂစ်တာတွေကို ထားရစ်ခဲ့တယ်
ငါတို့ဘဝတွေကိုတော့ သဲပူပူထဲမှ လိပ်ဥများပမာ
လက်ကြီးတဖက်က နှိုက်ယူသွားခဲ့တယ်
သင်၏ အဖဘုရားသခင် နိုင်ငံတော်။

-အောင်ခင်မြင့်
မရွှင်ပြခြင်းပေါင်းခြောက်ထောင်နဲ့အတူ
သောက်စိတ်ပျက်စရာတွေတစ်ပုံကြီးက
အိမ်ပေါက်ဝရှေ့ရောက်လာတယ်
တရားဓမ္မတွေနဲ့လွှမ်းခြုံထားတဲ့
တိုင်းပြည်ဟာ အဓမ္မဘာသာကို
ဇွတ်တရွတ်ကိုးကွယ်ခိုင်းတာခံနေရတယ်

ကံကံ၏အကျိုးကို ဟောပြောခဲ့တဲ့
ဗုဒ္ဓရဲ့အဆုံးအမက မှန်လားမှာလား
ရေရေရာရာမသိသေး
ဘုရားရှင်ဟာ
လောကအကျိုးအတွက် တောထွက်ခဲ့တယ်
ဒါဆိုမခံချင်စိတ်နဲ့လွတ်လပ်ခြင်းအတွက်
တောခိုခဲ့ကြတဲ့ တို့လူငယ်တွေကရော
ကမ္ဘာကြီးအတွက်ဘာလည်း
ကွန်မြူနစ်လား စတန့်ထွင်တဲ့ကောင်တွေလား
ဟစ်တလာပေါက်စလား 
ဘယ်လိုသတ်မှတ်မယ်မေးချင်တယ်

လူငယ်တွေပုန်ကန်ရင်
ကမ္ဘာကြီးဟာလည်း
ငြိမ်ငြိမ်နေလို့မရတာ အားလုံးသိ
ကဗျာဆရာဟာ ရှိရှိသမျှစကားလုံးတွေကို
တရားအဖြစ်ရေးရသလို 
အလွမ်းအဖြစ်လည်းရေးရတယ်

နွေဦးရဲ့ညနေခင်းတွေဟာ 
မနွေးထွေးတာတော့အတော်ကြာနေပြီ
နွေ မိုး ဆောင်း သုံးရာသီလုံး
သွေးညှိနံ့တွေစွန်းထင်းနေတယ်
လက်ဖျောက်တစ်ချက်တီးတိုင်း
မြည်ဟီးလာမယ့် နာကြည်းသံတွေက
အာဏာရူးရဲ့ရင်ဘတ်ကို
တစ်ကြိမ်းကြိမ်းသွားဆောင့်စေရမယ်

နံရံကိုခေါင်းနဲ့တိုက်တယ်
တင့်ကားကိုဖိနပ်နဲ့ပေါက်မယ်
ခေါင်းတည့်တည့်ကိုကျည်ဆံနဲ့ပစ်မယ်
အကြောက်တရားကိုလက်ခလယ်ပြမယ်
ပုခုံးချင်းဖက်ပြီး နိုင်ငံတော်သီချင်းကို
အရင်လိုတရားမျှတစွာ ပြန်ဆိုကြမယ်

-ကျွန်တော်

ပန်းတိုင်



ပန်းတိုင်
------------


အာဇာနည်‌တွေ 
သူရဲကောင်းတွေသည်
ပန်းခွေ ထက် 
ပန်းတိုင် ကို လိုချင်ခဲ့ကြတာပါ

ဒါကြောင့် ပန်းတိုင်ရောက်အောင်
ကြိုးစားနေတဲ့ လက်ရှိသူရဲကောင်းတွေကို
ထောက်ပံ့ကြပါတော့
တော်လှန်ရေးမှာ ပါဝင်ပေးကြပါတော့

အခုအခြေအနေကမှ
တိုင်းပြည် ချောက်ထဲကျဖို့
တကယ် လက်တလုံးအလိုလေးပါပဲ

အာရုံစိုက်ရမှာ ဖေ့ဘုတ်ပေါ်က 
အပုပ်သတင်းမဟုတ်ဘူး

"နိုင်ငံတော်ရဲ့ အပုပ်သတင်း"

နိုင်ငံတော်ရဲ့ အပုပ်သတင်းကသာ
တမျိုးသားလုံးရဲ့
အနာဂါတ်အတွက် ရင်လေးစရာပါ

စစ်တပ်အာဏာရှင်သန်ဖို့
တိုင်းပြည်ဟာသေပေးရမယ့်
အနေအထားကို ရောက်နေပြီ

ယခုအချိန်ထိ တွေဝေနေဦးမယ်ဆိုရင်တော့
သင်တို့နဲ့ ထိုက်တန်တဲ့ အုပ်ချုပ်သူကိုသာ
သင်တို့ မလိုချင်ဘဲ လက်ခံရလိမ့်မယ်



San Zuren 🌸

CRIME


CRIME 
----------

အမှန်တရားတွေ 
ပြစ်မှု‌မြောက်တဲ့ နိုင်ငံမှာ

မနက်ဖြန်ဆိုတာ
ငါ့အတွက် သေချာသေးရင်

ငါသေချာပေါက်
ဒီပြစ်မှုတွေကို ထပ်ကျူးလွန်မယ်



San Zuren 🌸

သူတို့မသေပါဘူး

သူတို့မသေပါဘူး

သတင်းထဲမှာတရားဝင်.....
သူတို့သတ်သွားတာလေးယောက်
တကယ်တမ်း သူတို့မသေဘူး
လေးဦးမကတဲ့ သူရဲကောင်းတွေ
အားလုံး  ငါတို့အသွေးသားထဲမှာအမြဲရှိတယ်
သူတို့သတ်ခဲ့တာ  ခန္ဓာသက်သက်ပါပဲ
တော်လှန်စိတ်ဓာတ်ကိုတော့ 
သူတို့မသတ်နိုင်ခဲ့ပါဘူး
အသက်သေသွားပေမယ့် စိတ်ဓာတ်မသေတဲ့အာဇာနည်တွေအတွက်  ငါဂုဏ်ယူတယ်
တစ်ချို့က  အသက်ရှင်နေပါလျက်နဲ့
တော်လှန်ချင်စိတ်  သေဆုံးနေတဲ့  
လူ့အနတ္တတွေအတွက်တော့  
လီးပါပဲပေါ့........

                                       ThaeNu
                                     ၂၅.၇.၂၀၂၂

လှိုင်သာယာ

လှိုင်သာယာ

ရန်ကုန်မြို့နဲ့နှိုင်းရင်
လှိုင်သာယာဆိုတာ  မြိုင်ရာဇာပဲ
ကဗျာမဆန်တဲ့ တာဇံတွေနေတဲ့အရပ်။
ကမ္ဘာစစ်ကိုမကြုံဖူးပေမဲ့
နာဂစ်ကိုဆုံဖူးတဲ့  မြစ်ဝကျွန်းပေါ်ပျံကျတွေ၊
ရေကြည် မြက်နုရာ  .....
လယ်ကိုပစ်လို့ စက်ရုံရှာတဲ့   အညာမွန်ဂိုတွေ၊
ရွှေ့ပြောင်းအခြေချသူတွေစုဝေးရာ  လှိုင်သာယာဆိုတာ
မြန်မာပြည်ရဲ့ ထောပတ်စော်မနံတဲ့ နယူးအဂ်လန်ပေါ့။
လှိုင်သာယာမှာ  ကြယ်ငါးပွင့်ဟိုတယ်မလို
အသီးအရွက်ကလေးနဲ့ မီးခွက်စျေးပဲလိုတယ်။
ရိုးစင်းပုံက ....
မလိုင်မပါတဲ့ အသင့်သောက်လဘက်ရည်လိုမြို့၊
လူမိုက်ပေါတယ်လို့လဲ
ဒူးရင်းသီးအခွံလို နာမည်ပျက်တဲ့မြို့၊
တခါတလေ သူ့ကိုယ်ပေါ်က ဒုစရိုက်တွေကို
အလုပ်သမားသပိတ်တွေနဲ့ဆေးကြောတတ်သေးတယ်။
ကျူးကျော်ရပ်ကွက်နဲ့  ချွေးစက်တွေ
မသေရုံထမင်းတနပ်နဲ့  ချက်အရက်အနံ့တွေ
စက်ရုံမီးခိုးနဲ့ သွေးထွက်သံယိုရန်ပွဲတွေဟာ
လူယဥ်ကျေးတို့ဒေသမှာ မရနိုင်တဲ့
လှိုင်သာယာရဲ့ စပါယ်ရှယ်မီနူးတွေပါပဲ။
ရွှံ့စင်မှာစိုးသူတွေ ခြေမချတဲ့အရပ်ကို
ကမ္ဘာကျော်မင်းသမီး ဂျိုလီလာတယ်
ဒေါ်အောင်ဆန်းစုကြည်လာတယ်။
အဲသလိုမြို့ဟာ ......
မြန်မာ့နွေဦးတော်လှန်ရေးမှာ
"သားရေကြိုးတင်းအောင်ကိုင်"
မိန်းမတွေက နှုတ်စကားကြမ်းကြမ်း
ယောကျ်ားတွေက တုတ်ဓါး တရမ်းရမ်းနဲ့
ကလေးလူကြီးအကုန် သွေးအတူနီးပုံက
"ဖိရင်ကြွမယ်  ထိရင်ချမယ်"တဲ့
ပထမဆုံးခုခံစစ်ဟာ  အဲဒီမှာ ကန့်လန့်ကာဖွင့်ခဲ့တယ်။
အစွန်းထွက်တန်ဘိုးသီအိုရီကို အနံ့မခံဖူးပေမဲ့
သေမထူးနေမထူး ဒသနဆိုတာ သူတို့ကွမ်းတံထွေး။
အင်အားကြီးတိုင်းသာ အရှုံးပေးရရင်
သမ္မာကျမ်းထဲမှာ စစ်ဘီလူးကြီးဂိုလိယက်ကို
သိုးကျောင်းသားဒေးဗစ်နိုင်စရာမရှိ။
အခြေခံလူတန်းစား မပါတဲ့တော်လှန်ရေးဆိုတာ
အတောင်ပန်မပါတဲ့ငှက်ပဲ။
"ငါသေရင်
ငါ့အနောက်ကကောင်
မင်းကိုခုတ်မယ်"(ပိုစတာ)
အလံနက်လွှင့်လိုက်ပြီ
အမှန်ဘက်ကအသင့်။
ပြောမဆုံးပေ အမောဆုံးနွေမှာ
တတောလုံးဝေမယ့်သူတွေ။
သေလဲအဆန်းမဟုတ်
မကြွေရဲပဲ ပန်းမလုပ်။

-သစ္စာနီ 
(10.6.21)

Tuesday, July 26, 2022

ဝိဉာဉ်တို့ရဲ့ "တောက်" ခေါက်သံ


ဝိဉာဉ်တို့ရဲ့ "တောက်" ခေါက်သံ
---------------------------------------------


ဒီမိုကရေစီရှင်သန်ဖို့
လူငယ်တွေရဲ့ သွေးနဲ့
ပျိုးထောင်နေရတဲ့ တိုင်းပြည်

ဒီတော်လှန်ရေးမှာ
အဓမ္မကြောင့် ခံပြင်းဝမ်းနည်းရခြင်းကို
ပါးစပ်ဖျားမှာပဲ လမ်းဆုံးနေရင်
ဓမ္မအတွက် အသက်ပေးသွားတဲ့ 
သူရဲကောင်းတွေကို အလွန် 
ရှက်စရာကောင်းတယ်

အရေးတော်ပုံ မအောင်သေးသရွေ့
ငါတို့ အမိမြေမှာ ခေါင်းလောင်းသံအစား 
တော်လှန်ရေးဝိဉာဉ်တို့ရဲ့
"တောက်" ခေါက်သံကိုသာ ကြားရလိမ့်မယ်

တော်လှန်ရေး အောင်မြင်ဖို့
ဝမ်းနည်းခြင်းတွေကို 
နာကျည်းခြင်းခွန်အားအဖြစ်
ပြောင်းလဲကြပါစို့




San Zuren 🌸

အဆုံးထိ ရန်ငါပြတ်ကြတာပေါ့



အဆုံးထိ ရန်ငါပြတ်ကြတာပေါ့
------------------------------------------


ဘယ်လိုစဉ်းစား စဉ်းစား 
စဉ်းစားလို့ကို မရဘူး
ဒါမျိုးလုပ်တော့ သူတို့အတွက် 
ဘာကောင်းသွားမှာလဲ

အသိဉာဏ် လုံးဝမရှိလို့လည်း
ပြည်သူ့ အာဏာ လုရဲတာပေါ့လေ

အာဏာလုပြီး ဖြစ်လာတဲ့
အကျိုးဆက်တွေ အပေါ်မှာလည်း
ကိုင်တွယ်ဖြေရှင်းနိုင်တဲ့
အရည်အချင်းက
ဗလာနတ္ထိ 

ရှေ့ကိုဆက်ပြီး
မထူးဇာတ်ခင်းတော့မယ့်
ပညာမဲ့တွေပါတကား 

အဲလောက်ထိ ဥာဏ်နည်းမှတော့ 
ဒီအာဏာရူးတွေလည်း 
မရှုမလှသေရမှာ ပိုသေချာတယ်

ဒီသွေးကြွေးကို ပြည်သူက 
ဆက်ဆက် လာတောင်းပါမယ် 

အဆုံးထိ ရန်ငါပြတ်ကြတာပေါ့



San Zuren 🌸

စစ်အာဏာရှင်စနစ် မုချကျဆုံးမည်



စစ်အာဏာရှင်စနစ် မုချကျဆုံးမည်
-------------------------------------------------


စစ်ခေါင်းဆောင်တွေကတော့
ဘာမဆိုလုပ်ရဲတယ်ဆိုတာ
ထပ်ခါထပ်ခါ စိန်ခေါ်ပြတယ်

သက်ရောက်မူတွေတိုင်းမှာ
တန်ပြန်သက်ရောက်မူတွေ
တနေ့ ကျိန်းသေ ပြန်လာမှာပါ
ဒီသွေးကြွေးကို ပြည်သူတွေက 
ဆက်ဆက် လာတောင်းမယ်

ကျူးလွန်ခဲ့သူတွေအပေါ်
အဆုံးထိ ရန်ငါပြတ်ပြီး
သွေးကြွေးပြန်တောင်းကြမယ်
သူတို့ရဲ့ နောက်မျိုးဆက်တွေထိတိုင်
ခွင့်မလွှတ်ဘူး လူတောမတိုးရဲစေရဘူး

ကိုယ်လုပ်နိုင်စွမ်း ရှိသလောက်ကို
အကောင်းဆုံးလုပ်ရင်း ဆက်သွားမယ်
ပိုခက်ခဲတဲ့ဘဝကိုလည်း ရွေးခဲ့ပြီးပြီ
အနေသာတဲ့ဘဝလည်း မရွေးဘူး
ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်

အဆုံးထိ ဆက်လျှောက်မယ်
စစ်အာဏာရှစ်စနစ် မုချကျဆုံးရမည်



San Zuren 🌸

သစ်ပင်



သစ်ပင်
------------


သစ်ပင်ကြီး ဖြစ်ပြီးမှတော့ 
လေတိုက်တာကို ကြောက်မနေကြနဲ့

အမြစ်တွေနဲ့ အညွန့်တွေဟာ
ဆန့်ကျင်ဘက် ထိုးဖောက်ကြရမယ်

မြေနစ်မှာလည်း မကြောက်နဲ့
လေနစ်မှာလည်း မကြောက်နဲ့
ရေမွန်းမှာလည်း မကြောက်နဲ့

အရိပ်နေနေ အခက်ချိုးချိုး
အသီးချူချူ အရွက်ခူးခူး
ရွက်နုတွေဟာ ရဲရင့်ရမယ်
ဝေရဲရမယ် ကြွေရဲရမယ်

ကမ္ဘာမြေကို အရိပ်ပေးတဲ့
လောင်းရိပ် သစ်ပင်ကြီးအဖြစ်နဲ့
အရိပ်ပေးရဲရမယ်



San Zuren 🌸

ရှက်လိုရေးတဲ့စာ

ရှက်လိုရေးတဲ့စာ

လူတွေသေပြီးတဲ့နောက်မှာ

အဲ့သူတွေ ဘယ်ရောက်သွားတယ်ဆိုတာ ငါတိုသိချင်မှသိမယ်။

သူတို မသေခင်လုပ်ခဲ့တာတွေက ငါတိုအမှတ်ရစရာ၊ဝမ်းသာ၊ဝမ်းနည်း၊လွမ်းဆွေး၊ကြေကွဲ

အမြဲမှတ်ထားမိစရာတွေဆိုတာ 

အပိုမပါဘူး။ငါတို သိခဲ့ရဖူးတယ်။

တစ်ပြည်လုံး မတရားမှုအစုစု

ကောင်းမှုရယ် မဆိုဘူး ထားလိုက်ပါ

ရင်ထဲက စေတနာ လွတ်မြောက်စေချင်တာ။

အဲ့လူသေနေ့စေ့တော့ မေ့ပျောက်တာခံလိုက်ရတယ်။

ညီလေး မင်းနောက်ဘဝ မြန်မာပြည် ပြန်မမွေးလာခဲ့ပါနဲ့။

#Tommy

(Old but still relevant)

အစွန်းထွက် ညနက်တွေ



အစွန်းထွက် ညနက်တွေ

ဘေးမှာ ပတ်လည်ဝိုင်းလျက်ရှိတဲ့ သရဲ‌တွေ
အော်ဟစ်နေတယ် တိတ်ဆိတ်စွာ
ညတွေဟာ မှောင်ကာနက်လျက်
နတ်ဆိုးရဲ့ တယော
ကြိုးချင်းထိစပ်သွားသောအခါ
နာကျင်မှုဝေဒနာနှင့် အပါခေါ်
သေခြင်းတရားဒေဿနာတော် 

ရော့(စ်)ဆိုတဲ့ စကိတ်သမားတစ်ယောက်ကို 2007မှာ သေနတ်နဲ့ သုံးချက်ပစ်သတ်ခဲ့တယ်
သူမသေဘူး ဒါပေမယ့် တစ်ချိန်ထဲမှာပဲ သူသေတယ်
စက္ကူတွေခေါက်လိုက်ရင်
ပြန်ဖြန့်လည်း မပြန့်တော့ဘူး 

ရူးနေပြီ
သိပ်မမိုက်လှတဲ့ အရက်အရသာဟာ ဘဝကိုထင်ဟပ်တယ်
ခါးသက်သက်နဲ့ အစာကြေသလိုလို မကြေသလိုလို
မူးနေပြီ
ကြယ်တွေမြင်ရတဲ့ ဘက်ခြမ်းမှာပဲ ညအိပ်မယ်
အမိုးအကာမပါ လေလာတိုးလို မိုးကြိုးပဲခြိမ်းခြိမ်း
နားထဲဟိန်းပြီးရင် ပျောက်ကွယ်မှာ သိနေပြီးသားပါ
မရှိတော့တဲ့ ကြယ်တွေရဲ့ အလင်းဟာ ကမ္ဘာကို 
ကဗျာတွေလာပေးသွားတယ်
လွမ်းရတော့ ခက်ခက်ပါပဲ 

ဖယောင်းတိုင်ဟာ တစ်ပါးသူမြင်သာဖို လောင်ကျွမ်းပေးတယ်
မီးခြစ်ဟာ သူ့သူငယ်ချင်းကောင်းပါ
ဖယောင်းစက်တိုင်းဟာ ဆုတောင်းတစ်ခုစီရှိတယ်
တိုးတိုးလေး ပြောပြောနေတာက
“သူမြင်နိုင်ပါစေ”တဲ့ 

ငါဟာဖယောင်းတိုင်ဆုတောင်းတွေနားထောင်ရင်းနေရတဲ့ တိုင်းပြည်ဖွားတစ်ယောက်ပါ
တစ်ကမ္ဘာလုံးငါ့အသံကိုမကြားမှာသိလည်း တေးသီတယ်
ဖယောင်းတိုင်လေးတွေ တိတ်ဆိတ်စွာဆုတောင်းသလို
သရဲများ တိတ်ဆိတ်စွာ ငိုသလို
ငါလည်းပဲ သီဆို
“ပျော်ရွှင်ပါစေ”လို... 

#Tommy

Monday, July 25, 2022


အသည်းနှလုံး ပတ်ပတ်လည်မှာ
သံတွေလို စိုက်ဝင်နေမယ့်
မှတ်ဉာဏ်တွေ ငါတို့ လိုတယ်။

မှတ်ဉာဏ်တွေ မရှိခဲ့ရင်
သေသူတွေ လာလည်တဲ့အခါ
ငါတို့ ဘာနဲ့ ဧည့်ခံကြရမှာ ...။

-အောင်ခင်မြင့်

မနက်ခင်းဟာ မျက်ရည်စတွေနဲ့ 25-7-2022


မနက်ခင်းဟာ မျက်ရည်စတွေနဲ့
25-7-2022

ကိုယ်တိုင်သေဒဏ်ကျသွားသလို ခံစားရ...😭

လူတွေ လူတွေ sad react ကြီးပေးပီး ခဏပဲငိုပြကြဦးမယ်

ပြီးတော့လဲ နေမြဲအတိုင်းနေကြဦးမယ်

Clickဖို့ပြောရ ကူဖို့ပြောရ...

“သူရဲကောင်းများကို ခွေးရူးမိစ္ဆာတွေသတ်ဖြတ်"

အားလုံးသိကြဖို့က
ဘယ်သူမှ လွတ်မြောက်လိမ့်မယ် မထင်ကြပါနဲ့

ဒီ့ထက်ဆိုးဝါးမယ့်နေ့ရက်တွေရောက်လာမှာ

တစ်ယောက်မကျန်ခံစားရဦးမှာ

ကပ်ဆိုးကြီးတွေ ဆိုက်လိမ့်ဦးမှာ

လူကောင်းထက် လူယုတ်မာပိုပေါတဲ့ လောကကြီးမှာ နိုင်ရာတာဝန်ထမ်းကြပါတော့

တစ်ချို့က တစ်နေ့တာကို သာသာယာယာပဲ
ပြီးဆုံးသွားကြတယ်

ဒါပေမယ့် တစ်ချို့တွေ တစ်ချို့တွေကတော့
တစ်နေ့တာ ပြီးဆုံးဖို့ အချိန်နဲ့အမျှ
မနည်းကြိုးစားနေကြရတယ်...



San Zuren 🌸

အိမ်လည်ကြူးတဲ့သား


အိမ်လည်ကြူးတဲ့သား

ကာရန်ချိုမြ သွေးစစွန်းနေတယ်
တယောကြိုးလည်း တီးတိုးငိုကြွေးတယ်
ဂစ်တာတလက် အုတ်ခုံထက်မှာ
အသက်မရှိရှာတော့ဘူး။

အမေ့အိမ်နား ဒီညများမှာ
စစ်သားဖိနပ် တခွပ်ခွပ်နဲ့
ရပ်လို့ စောင့်နေတယ်။

အိမ်လည်ကြူးတဲ့သား
မိုးစက်တွေကြားမှာ
ငှက်ဖျားမိနေရော့သလား။

အမေ့နားမှာ
'သား' ခေါ်သံများ တိုးတိုးကြားလျှင်
နားကို လှည့်စား ဒီညများ
ဘယ်သွားနေလဲ လူလေးရယ်။

သားတို့ကျောင်းက
ခွပ်ဒေါင်းလံကလေး
ရေမြောင်းဘေးမှာ
သွေးတွေ စွန်းလျက် ညနေဘက်က
ရပ်ကွက်ထဲက လူတွေတွေ့ခဲ့သတဲ့။

အမေ့သား စကားတိုးတိုး ပြောလှည့်ပါ။

(၁၉၈၈ ကာလအတွင်း ရေးဖွဲ့သည်။)

ဆရာ​ကြီးတင်မိုး
​တင်မိုး ၈၀

ပန်းဆိုတာ
ကြွေတာကိုက ပွင့်ခြင်းပဲ ...

တစ်ပွင့်ခြွေရင်
တစ်ပွင့်ဝေလွင်နေမှာပဲ ...

နှစ်ပွင့်ခြွေရင်
နှစ်ပွင့်ဝေလွင်နေမှာပဲ ...

ကဲ ခြွေစမ်းပါဦး
လေရူးလေနော့၊ သော့နှင်မဆုံး
လေသင်ဓုန်းလား၊ မုန်တိုင်းလားပဲ ...

တအားတိုက်စမ်း၊ ခြွေစမ်းပါဦး
ပန်းအဖူးတွေ၊ မြေမှာကြွေအောင်
မွခြွေစမ်းပါ၊ မမှုပါဘူး
ကြွေတာကိုက ပွင့်ဝေခြင်းပဲ.......

ပန်းအဘိဓမ္မာ
ဒါပါပဲလေ၊ ခြွေလို့ကြွေကြွေ
ကြွေလို့နေနေ
ကြွေတာကိုက ပွင့်ခြင်းပဲဟေ့ ... ။

#မောင်ချောနွယ်
“တကယ့်တကယ်
တွန်းလှန်ဖို့အရေးကလည်း
မဝေးတော့ပြီမို့
အရေးကြီးလျှင်ဖြင့်
သွေးစည်းပြီး
သွေးနီးရာဆိုသည့်အတိုင်း
ကိုင်း ထထကြွကြွနဲ့
ဝိုင်းကြပေရော့”

-သခင်ကိုယ်တော်မှိုင်း
ပြည်သူရှေ့မားမားရပ်ချင်တဲ့ကောင်တွေလေ။
တစ်ချို့မှာ ခြေထောက်မရှိကြတော့ဘူး။
တစ်ချို့မှာ လက်မရှိကြတော့ဘူး။
တစ်ချို့မှာ အနာဂတ်တွေမရှိကြတော့ဘူး။
တစ်ချို့မှာ ချစ်ရသူတွေမရှိကြတော့ဘူး။
တစ်ချို့က အသက်မရှိကြတော့ဘူး။
မာလိုက် ခက်လိုက်တဲ့ နှလုံးသားတွေ။
ခင်ဗျားတို့ ရပ်ကွက်ထဲက 
ပြန်မလာတော့တဲ့ကောင်လေးတွေပေါ့ဗျာ  •••••• 
မနိုင်မနင်းနဲ့ ဒီနိုင်ငံတော်ကြီးကို ထမ်းပိုးနေကြလေရဲ့။

                                                            သင့်သူ

တရားတဲ့သူသာနိုင်ကြေး


နိုင်တဲ့သူတရားကြေးဆိုပြီး
ကျည်ဆံတွေနဲ့သမိုင်းရေးဖို့ကြိုးစားနေလား
ဟောဒီကျောင်းသာမျိုးဆက်ကုန်မှမင်းတို့ရမယ်.

တရားတဲ့သူသာနိုင်ကြေး

_ကျော်မင်ယု( ခ ) ဂျင်မီ

Rest in Peace, Our Heroes!!





ယုတ်မာတဲ့သူတွေက အစွမ်းကုန် ယုတ်မာ နေချိန် ကျွန်တော်တို့က အစွမ်းကုန် နေ့တိုင်းထောက်ပို့နိုင်ဖို့ကြိုးစားရအောင်လား​ဗျာ။

ရေပေါ်ဆီတွေလို တစ်ရက် တစ်မနက်ပဲ clickပြီး နောက်ရက်တွေမှာ clickဖို့ သတိမရမှာကို အကြောက်ဆုံးပါပဲ။

သူရဲကောင်းတွေ အများကြီး မဆုံးရှုံးဖို့ ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်။

အစားထိုးမရနိုင်တဲ့ ပေးဆပ်သွားတဲ့ သူရဲကောင်းတွေအတွက် ကျွန်တော်တို့ နေသာသလို နေလို့မရဘူးဆိုတာ နေ့တိုင်နေ့တိုင်း သတိရပေးပါဗျာ။

Rest in Peace, Our Heroes!!



လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...