Monday, February 28, 2022

ကဗျာဆရာတွေ ကျဆုံးပြီးရင်
အဲဒီ စစ်မြေပြင်ကို
အာဏာရှင်တွေ ဘယ်တော့မှမနိုင်ဘူး။

#ကြည်ဇော်အေး
ကိုယ့်ဒေါင့်ချိုးထဲမှာကိုယ် နေထိုင်ပါတယ်။
ကိုယ့်စိတ်ကို တနည်းနည်းနဲ့
အနှောက်ယှက် လာပေးသူတွေကို ရှောင်ပါတယ်။
ထင်ချင်သလိုထင်လို့ ရပါတယ်။
ထင်တဲ့သူတွေဟာလည်း
လူကောင်းသူကောင်းတွေဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် အဲဒါဟာ ကျွန်တော်နဲ့မဆိုင်ပါဘူး။
ဘာလို့လည်းဆိုတော့
လူကောင်းသူကောင်းတွေတိုင်းဟာ
ကိုယ်နဲ့အဆင်ပြေမယ်လို့ ဘယ်သူကမှ အာမ မခံပါဘူး။
ကျွန်တော်ဘက်ကလည်း အာမ မခံပါဘူး။
ကျွန်တော်ကလည်း သူတို့အတွက်
လူကောင်းသူကောင်းတစ်ယောက် ဖြစ်မနေချင်ပါဘူး။
အချိန်မရွေး တစ်ခုခုဖြစ်သွားနိုင်ပါတယ်။

- ကြည်ဇော်အေး
ထားဝယ်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများပေးပို့လိုက်တဲ့ လူထုအပေါ်မေတ္တာရပ်ခံချက်

၁။ ယနေ့ဟာ ငြိမ်းချမ်းစွာဖြင့် ဖက်ဒရယ်ဒီမိုကရေစီအရေးတောင်းဆိုကြသည့် ထားဝယ်လူထုသပိတ်ကို စစ်အာဏာရှင် ဖက်ဆစ်စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်ဖြိုခွင်းမှူပြုလုပ်ခဲ့သည့် တနှစ်ပြည့်နေ့ဖြစ်သည်။

၂။ ၂၀၂၁၊ဖေဖော်ဝါရီ ၂၈ရက် ပစ်ခတ်ဖြိုခွင်းမှုအတွင်း ထားဝယ်မြို့မှ ကိုလွင်လွင်ဦး၊ ဂျွမ်မာခမ်းနှင့် ရေဖြူမြို့နယ်မှ ကိုနော်ငို နှင့်လောင်းလုံမြို့နယ်မှ ကိုဗညားတို့သွေးမြေကျခဲ့ပြီး ၆၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။

၃။ နောက်ပိုင်းတွင်ဖက်ဆစ်စစ်ကောင်စီသည် ထားဝယ်ခရိုင်အတွင်းသပိတ်လှုပ်ရှားမှုများနှင့် လူထုအပေါ် နည်းအမျိုးမျိုးဖြင့်ပြင်းပြင်းထန်ထန် ဖြိုခွင်းခြင်းသတ်ဖြတ်ဖိနှိပ်ခြင်းများကို ယနေ့အချိန်အထိ ကျူးလွန်ယုတ်မာနေဆဲဖြစ်သည်။

၄။ ကျွန်ုပ်တို့ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထားဝယ်လူထုကြီးတစ်ရပ်လုံးနှင့်အတူ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်ဆိုးကြီး အမြစ်ပြတ်အဆုံးသတ်သည်အထိ ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားပါမည်ဟု ကျဆုံးသွားသည့် ရဲဘော်များ နှင့် ကျန်ရစ်သူမိသားစုဝင်များအား တိုင်တည်သစ္စာပြုပါသည်။

၅။ ပြည်သူလူထုကြီးတစ်ရပ်လုံးအနေဖြင့်လည်း တော်လှန်ရေးအပေါ်သွေးမအေးပဲ ဖက်ဆစ်စစ်တပ်အမြစ်ပြတ်သည်အထိ ဒုက္ခအမျိုးမျိုးကို ရင်စည်းခံ၍ တော်လှန်ရေးကြီးပြီပြတ်သည်အထိ အလံမလဲစတမ်း တော်လှန်တိုက်ပွဲဝင်ပေးကြပါရန် ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများက မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်။

အရေးတော်ပုံ အောင်ကိုအောင်ရမည်
ထားဝယ်အကျဉ်းထောင်ရှိနိုင်ငံရေးအကျဉ်းသားများ





#Dawei Political Prisoners Network


လူ့အသက်ဆိုတာ အလွယ်ရတဲ့ အရင်းအနှီးလား
ကုန်တိုက်ကြီးတွေမှာ တင်မရောင်းသေးတာ ကံကောင်းတယ် 

မောင်မြတ်သူ



#collageby poetryin memes



စစ်ကြီးအတွင်းဆိုတော့
လူတွေလည်း ဖြစ်သလိုပါပဲ
ဇာတ်လမ်းအစမှာ
စစ်ကြောင့် သေချင်သေ
ဒါမှမဟုတ်
ဇာတ်လမ်းအဆုံးမှာ နှလုံးကွဲပြီးသေ

အောင်ခင်မြင့်

#collageby universe-book verse


၈၈ လူထုအရေးတော်ပုံကြီး မဖြစ်ခဲ့ဘူး ဆိုပါတော့။ အဲဒါဆို တောခိုတဲ့ ကျောင်းသားတွေကို ပုဂံခေတ် အရည်းကြီးတွေစတိုင် ပုံဖော်ရိုက်ကူးထားတဲ့ ' ပါပီမ 'ဆိုတဲ့ အပေါစား ဇာတ်လမ်းလည်း ငါတို့ ကြည့်ရမှာ မဟုတ်တော့ဘူး။ ( ' ပါပီမ 'ကိုတော့ ငါတို့ ဖီးလ် လာခဲ့ကြတယ် ) သူငယ်တန်း ကောင်မလေးတစ်ယောက်ပြောတဲ့ သမီးကို မွှေးမွှေးပေးတဲ့ဘဘခင်ညွန့်ရဲ့ နှုတ်ခမ်းမွှေး ငုတ်စိလေးတွေက ယားတယ်ဆိုတာလည်း ကြားရမှာ မဟုတ်ဘူး။ တစ်ချိန်မှာ ငါ့ညီအငယ်ဆုံးကောင်ရဲ့ လက်မောင်းပေါ်ကိုလည်း နှင်းဆီပွင့် တက်တူးကြီး ရောက်လာမှာမဟုတ်ဘူး။ ငါတို့မသိတဲ့ ရပ်ကွက်လေးတွေထဲမှာ ကမ္ဘာပေါ်ကနေ အပြီးပျောက်ကွယ်သွားတဲ့ လူငယ်လေးတွေအတွက် ဆွမ်းသွတ် အမျှဝေနေတာတွေလည်း  ရှိမှာမဟုတ်ဘူး။ မင်းမနိုင်က သင်္ချာကျူရှင် အိမ်ရှေ့မှာ ဆေးကျောင်းသားတစ်စု ဖာချဖို့ အလှည့်ကို မဲနှိုက်ရင်း အသေးစား ကတောက်ကဆ ဖြစ်ခဲ့ရတာလည်း ရှိမှာမဟုတ်တော့ဘူး။ အဖြစ်တွေဟာ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့တယ်။ ဆိုက်ကားနောက်မြီးက စာလေးတွေကို ဖတ်ရင်း ငါကြေကွဲမိတယ်။ လောကဓံကို ခါးစောင်းတင်မယ်၊ သမီးလေးအတွက် အဖေ ကြိုးစားမယ် စသဖြင့်ပေါ့လေ။ အဲဒီစာသားထဲက သမီးလေးဟာ နှစ်အတန်ငယ် ကြာတဲ့အခါ မီးမှိန်မှိန်အောက်မှာ ငါ့ပေါင်ကြားထဲ အလုပ်လုပ်နေတဲ့ ဆီတရွှဲရွှဲ လက်တစ်စုံရဲ့ပိုင်ရှင် မဟုတ်ဘူးဆိုတာ ငါ ဘယ်လိုသက်သေပြမလဲ။ ငါ ဆိုတာကြောင့် ဒီအ​ဖြစ်အပျက်တွေဟာ ငါ တစ်ယောက်တည်းနဲ့ပဲ ဆိုင်တာလို့တော့ ခပ်တုံးတုံး ကောက်ချက်မျိုး မဆွဲစေချင်ဘူး။ အဲဒီ ငါဟာ ဘယ်လိုလဲဆိုတော့ ရုရှားအရုပ် ( Russian Doll )လို အရာမျိုး။ အဲဒီ ငါ ဆိုတဲ့ အရုပ်ကြီးထဲမှာ နောက်ထပ် ငါ ဆိုတဲ့ အရုပ်သေးလေးတွေ တစ်ခုနဲ့တစ်ခု ထပ်ထပ်ပြီး စွပ်ထားတာ။ ဒါဆိုရင် တရားခံဟာ ငါ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ သိလောက်ပြီ။ အဲဒီ ငါ အရုပ်တွေ အများကြီး ကြီးပြင်းလာတဲ့ အခြေအနေကို အကောင်းဆုံး ဖော်ပြနိုင်တဲ့ မြင်ကွင်းကိုတော့ Sam Mendes ရိုက်တဲ့ American Beauty ထဲမှာ ငါ အထိတ်တလန့် တွေ့ရှိခဲ့ပေါ့။ အဲဒါကတော့ ရုပ်ရှင်ထဲမှာ ရစ်ကီရဲ့ အပျော်တမ်း ဗီဒီယိုကင်မရာ အသေးလေးနဲ့ ရိုက်ထားတဲ့ လေထဲမှာ ကြွပ်ကြွပ်အိတ်လေး လွင့်နေတဲ့ scenes ဘာမှအရေးမပါတဲ့ ကြွပ်ကြွပ်အိတ်ကလေး လွင့်နေတာကို လိုက်ရိုက်ထားတာ။ တော်တော်လေး ကြာတယ်။ ငါတို့လည်း ဒီမြင်ကွင်းမျိုး မြင်နေရကျပဲ။ အမှိုက်ကို တွေ့ကရာပစ်တဲ့ ငါတို့နိုင်ငံမှာ ဒီမြင်ကွင်းမျိုး ပိုပေါတာပေါ့။ လမ်းပေါ်မှာ လမ်းဘေးမှာ ကြွပ်ကြွပ်အိတ်ကလေး လေထဲ လွင့်နေတာ။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာတော့ ကြည့်လို့ လှတယ်။ ကြည့်ရင်းနဲ့ ငါ ဝမ်းနည်းလာတယ်။ အစွန့်ပစ်ခံထားရတဲ့ အသုံးမဝင်တော့တဲ့ တစ္ဆေတစ်ကောင် လေထဲမှာ ပျံဝဲပြီး ကနေသလိုမျိုး။

-အောင်ခင်မြင့်
(တကယ်မရှိသောနှစ်များ)

#Collageby poetry of life

Sunday, February 27, 2022

Clickရင်းကူ၊ထောက်ပို့ရင်းမှကူနိုင်မှာမို့ 
နိုင်တဲ့တာဝန် ဖိလုပ်ကြစို့။


#SpringArts


​သူရဲကောင်းတို့ကို တမ်းတလွမ်းဆွတ်ရင်း..

မယူရသေးတဲ့ သွေးကြွေးကို အာဏာရှင်လူ့ဘီလူးတွေဆီကနေ ပြန်ယူရမှာမို့ ဆက်ဆက်တော်လှန်ကြပါစို့။✊

ကမ္ဘာပေါ်မှာလူငယ်တွေကြောင့် ဖြစ်ရတဲ့စစ်ပွဲရယ်လို့

တစ်ခါမှမရှိဖူးဘူး

အဲ...ဒါပေမယ့် ထူးဆန်းတာက စစ်ပွဲမှာ​ ​ေသပေး ရတဲ့သူတွေကတော့လူငယ်တွေကြီးပဲ

-မင်းခိုက်စိုးစံ




Do What's Right
-------------------------

လူတစ်ဦးဦး ဒါမှမဟုတ် တိရစ္ဆာန်တစ်ကောင်ကောင် ဘေးအန္တရာယ်နဲ့ 
ကြုံနေရပြီဆိုရင် ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့အရာကို လုပ်ဆောင်ဖို့ 
ဘယ်တော့မှ နောက်မတွန့်ပါနဲ့ 

မှန်ကန်တဲ့အရာကို မလုပ်သင့်တဲ့
အချိန်ရယ်လို့ မရှိဘူး

မျက်နှာလွှဲနေလိုက်လို့ ရလာမယ့် နောင်တတရားတွေက လူ့အဖွဲ့အစည်းကပေးမယ့် အပြစ်ဒဏ်တွေထက် ပိုမိုကြီးလေးပါတယ်

Never, never be afraid to do what's right,
especially if the well-being of a person or animal is at stake.

That time is always right to do what is right.

Society's punishments are small compared to the wounds we inflict on our soul when we look the other way.

San Zuren 🌸


ကျိန်စာ

မင်းကအလကားအာသမားပဲ 
မင်းဘာမှလုပ်လိုမရပါဘူး
၅၀၅(က)ကြီးဘေးချပြီးမှပြောစမ်းပါ
မရှက်တတ်တဲ့သူဆိုတော့ ပြောရတာခက်ပေသားကိုး

ငါ့စာတွေထွက်မလာအောင် 
ငါ့လက်ကိုဖြတ်ချင်လား
လက်ချောင်းတစ်ချောင်းချင်းစီကိုပဲ လိမ်ချိုးပစ်မလား
ဟားဟားဟား
ခြေနဲ့ရေးပြသွားလိမ့်မယ်

ငါ့ဦးနှောက်ကိုရှော့ခ်ရိုက်ပြီး 
ရပ်တန့်ပစ်မလား
စဉ်းစားနေတာများ ရပ်တန့်လိုသွားအောင်
နားအေးသွားအောင်လုပ်လိုက်စမ်းပါ
ဒီကောင်အတော်အာချောင်တဲ့ကောင်
ဒါမှမဟုတ်လည်း ကျည်တစ်တောင့်လောက်ကောင်းကောင်း
ခေါင်းထဲမောင်းနှင်လိုက်လေမလား
နှလုံးသားက ရှင်သန်သွားဆဲပဲ

ငါ့လျှာကိုဖြတ် စကားတွေကိုမင်းရပ်တန့်ပစ်ချင်သလား
ငါ့မျက်လုံးမှာ ထင်ဟပ်နေတဲ့
အမှန်တရားများ
မင်းရဲရဲမကြည့်ဝံ့ပါဘူးကွာ

ငါ့နှလုံးကိုဖောက်ထုတ်လို
ကြမ်းပြင်ပေါ်ပက်ဖြန်းဦးမလား
အဲ့တာဆိုရင် သတိထား
ဤကြမ်းပြင်ကိုခြေနဲ့ထိရင်
ခေါင်းထဲအတွေးအခေါ်တွေမီးလင်းသွားစေလိမ့်မယ်

ငါ့တစ်ကိုယ်လုံးမီးတင်ရှိပစ်မလား
ဤပြာဖြစ်အငွေ့အသက်များ ရှုမိသွားတိုင်း
ရိုင်းစိုင်းမှုတွေကင်းလို
ကဗျာတစ်ပုဒ်ရှိတဲ့နှလုံးသားတို
ဖွားမြင်လိုနေဦးမှာ

ငါတိုကိုဖိနှိပ်မှုကနေ လွတ်လပ်မှုကိုရဖိုရုန်းနေကြတယ်
ခေတ်ပျက်ဆိုတော့ မေတ္တာကိုဘေးချိတ် ကျိန်စာတိုဆိုမိပါရဲ့

ငါတိုဦးနှောက်တွေ တွေးခေါ်နေမှာ
ငါတိုလက်တွေလှုပ်ရှားသွားမှာ
ငါတိုနှလုံးတွေခုန်လိုနေမှာ
ငါတိုလျှာတွေထုတ်ပြောမိမှာ

ထာဝစဉ်ကြောက်နေရပါစေ

#Tommy


REALITY
--------------

အချို့က Reality လို့ခေါ်တဲ့
အခြေအနေမှန် 
အဖြစ်မှန် တွေကို
လက်ခံ ရင်ဆ်ိုင်ဖို့
သတ္တိ မရှိကြဘူး

Reality ကသူတို့မကြိုက်တဲ့ Realityဆိုရင်
လက်မခံချင်ကြဘူး

Realityဆိုတာ
Facebook လောက မဟုတ်ဘူး

Reality မှာ ဘာဖြစ်လာမလည်း 
ဆိုတာကို သိချင်ရင်
မြန်မာပြည် ရဲ့သမိုင်းကို ပြန်ကြည့်ကြပါ

The Past holds the key to the Present and the Future.
Those who ignore reality will never get what they want.


San Zuren 🌸


Injustice
--------------

တစ်နေရာရာမှာရှိနေတဲ့
မတရားမှုဟာ ကျန်နေရာတိုင်းမှာ
ရှိနေတဲ့ တရားမျှတမှုတွေအတွက် 
ခြိမ်းခြောက်မှုပါပဲ


Injustice anywhere is a 
threat to justice
everywhere.

San Zuren 🌸


Humanity
----------------

လူတစ်ယောက်ဟာ ကျဉ်းမြောင်းတဲ့ 
ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို 
ကျော်လွန်ပြီး လူသားတစ်ရပ်လုံးရဲ့ 
ပြဿနာတွေကို ကျယ်ကျယ်ပြန့်ပြန့် 
ရှုမြင်နိုင်ခြင်း မရှိသေးသရွေ့ 
လူသားတစ်ဦးအဖြစ် အသက်ရှင်
ရပ်တည်နေတယ်လို့ မဆိုနိုင်ဘူး


An individual has not started
living until he can rise above 
the narrow confines of his 
individualistic concerns 
to the broader concerns
of all humanity.



San Zuren 🌸

Saturday, February 26, 2022

အရင်ကထင်ခဲ့တယ် ၊
ကိုယ်ကအရင်ပျက်မယ် ၊ ကမ္ဘာကြီးက ကိုယ့်နောက်မှပျက်မယ်လို့ ၊
ခုတော့ ကမ္ဘာကြီးကအရင်ပျက်နှင့်ပီ .. ။

ဪ ..
ကိုယ့်အိပ်မက်ဆီမရောက်ပဲ သေဆုံးခဲ့ရတဲ့သူတွေကို ဒီနှစ်တွေမှာ ကျွန်တော်တို့ အများကြီး မြင်ခဲ့ရတာပဲ ။

အခုဆို ဒီနိုင်ငံတင်မက ၊ တစ်ကမ္ဘာလုံးမှာပါ ဒီလိုလူတွေ အများကြီးတိုးဖြစ်လာတော့မယ် ။

ပြန်တွေးကြည့်တော့လဲ ၊ သက်တမ်းတွေဟာ တိုလွန်းပါတယ် ။
အခုအချိန်ဟာ မသေခင် လုပ်ကြည့်ချင်တဲ့အရာလေးတွေကို List စုထားဖို့တော့ အချိန်ကောင်းပဲ ။

ဘယ်အရာမှ သိပ်တိကျနေတော့တာ မဟုတ်တော့ ၊ ကိုယ်လဲ ဒီအခြေအနေကြီးတွေကြားထဲ ကိုယ့်အိပ်မက်ဆီ မရောက်ခဲ့နိုင်တဲ့လူ ဖြစ်သွားနိုင်တာပဲ ။

အိပ်မက်တွေကို အကောင်အထည်ဖော်ကြည့် ၊
ကိုယ်လုပ်ချင်တာလေးတွေ ချရေးကြည့် .. လက်တွေ့လုပ်ကြည့် ၊
တွေ့ဆုံချင်တဲ့လူတွေနဲ့ သွားတွေ့ကြည့် ၊

ချစ်ရတဲ့သူတွေကို ရဲရဲဝံ့ဝံ့၀န်ခံတာမျိုး ၊
အဝေးတနေရာက သံယောဇဉ်လေးတွေဆီ ဖုန်းဆက်သွယ်တာမျိုး ၊

ကောင်းကင်ပြာကြီးကို မော့ကြည့်ရင်း .. 
နေကြာရိုင်းလေးတွေကို ငေးမောရင်း .. 
လက်ရာမကောင်းတဲ့ ကော်ဖီပူပူလေးတခွက် ဖျော်သောက်ရင်း .. 
လောကကြီးရဲ့အလှတရားကို အပြည့်အ၀ ခံစားထားတာမျိုး ။

မှားတာရှိခဲ့ရင် တောင်းပန်ထားလိုက် ၊
ခွင့်မလွှတ်ရသေးတဲ့လူတွေအပေါ် ခွင့်လွှတ်လိုက် ၊
မေ့မရသေးတဲ့ အချစ်ကြိုးလေးတွေရှိခဲ့ရင် ဆက်သွယ်လိုက် .. ။

ကမ္ဘာကြီးက ကျန်းမာရေးမကောင်းတော့တာမို့ ၊
တစ်ချိန်ချိန်မှာ နှုတ်ဆက်ခဲ့ရရင် ၊ မေတ္တာဖြစ်ဖြစ် အမှတ်တရဖြစ်ဖြစ် တခုခုယူသွားနိုင်အောင်တော့ လုပ်ကြဗျာ .. ။

- လှသန်း


"ဖရဲသီးဦးထုပ်"

လူကြီးတွေမဆောင်းဘူး
ကလေးတွေပဲ ဆောင်းတယ် 
ကမ္ဘာပေါ်ရှိ ဦးထုပ်အမျိုးမျိုးအနက် 
လူဆောင်း အနည်းဆုံး။

ကြက်ပေါင်ဖိနပ်ဟာ
စားလို့မရဘူး စီးလို့ပဲရတယ်
ဖရဲသီးဦးထုပ်ကတော့
စားလို့လည်းရတယ် ဆောင်းလို့လည်းရတယ် 
ပြုလုပ်ပုံ--
အရွယ်တော် ဖရဲသီးတစ်လုံးဝယ်ပါ 
အလယ်ကနေ ဓားထက်ထက်နဲ့ပိုင်းပါ 
အတွင်းသား နီရဲရဲများကို ဇွန်းနဲ့ခြစ်စားပါ 
ပြီးလျှင် အနည်းငယ်အခြောက်ခံပြီး
အသင့်ဆောင်းသုံးနိုင်ပါပြီ။

ဖရဲသီးတစ်လုံးကို ဖရဲသီးဦးထုပ်နှစ်လုံးရတယ် 
အေးတယ်
ကလေးကလားမို့ ကလေးတွေပဲဆောင်းတယ် 
စစ်ဦးထုပ်နဲ့တူလို့ စစ်တိုက်တမ်းကစားရင်
ခန့်တယ်။

ညဉ့်နက်ပြီ
ဖိုးခွားမအိပ်သေး
ဦးထုပ်ထိပ်မှာ ကြယ်ပုံထွင်းနေ
တန်ဖိုးနည်း စစ်ဗိုလ်ချုပ်လုပ်မလို့
ဖိုးခွားအဖေလည်း မအိပ်သေး 
ရွာပြင်ဝေးဝေးက အသံတွေကို 
နားစွင့်ရင်း ပုတီးစိပ်။

နံနက်လင်းတယ်
ရွာအနောက်ဘက်မှာ ဖိုးခွားတို့
အချင်းချင်းနှစ်ဘက်ခွဲပြီး
စစ်တိုက်တမ်းကစားကြတယ် 
အောင်အောင်သေသွားတယ် 
အောင်အောင်တကယ်သေသွားတာ 
ဘယ်ကလွင့်လာပြီး စိုက်ဝင်သွားတာလဲ။

ဖရဲသီးဦးထုပ်ကို ဖောက်ပြီးနားထင်ထဲကျည်ဆန်အစစ်က။

-သူဝေး
"ဒါကြီးပြီးသွားရင်"

ဒါကြီးပြီးသွားရင်
နေရောင်ခြည်အောက်မှာ 
လမ်းလျှောက်မယ်
မြေကပ်ပန်းဝါဝါလေးတွေဆီ သွားမယ်
ဒါကြီးပြီးသွားရင်
မင်းတို့မြို့ကရထားတွေ 
ငါတို့မြို့ကိုဝင်လာမယ်
ငါတို့မြို့ကရထားတွေ 
မင်းတို့မြို့ကိုဆိုက်မယ်
ဒါကြီးပြီးသွားရင်
အခန်းအောင်းပြီး 
စာရေးတဲ့စာရေးဆရာတွေ
စာအုပ်တွေ တစ်အုပ်ပြီး 
တစ်အုပ်ထွက်လာမယ်
ပျင်းရိသောအနုပညာရှင်ကတော့
အဲဒီစာအုပ်တွေ 
တစ်ခုချင်းလှန်ကြည့်နေမှာပဲ
ဒါကြီးပြီးသွားရင်
လက်ဖက်ရည်ဆိုင်က
လက်ဖက်ခြောက်နံ့ဟာ
နို့နံ့ရောလို့
လမ်းပေါ်ကို ရောက်လာမယ်
ဒါကြီးပြီးသွားရင်
မြို့လယ်ကောင်က ရုပ်ရှင်ရုံမှာ
ရေခဲခေတ်သို့ဆိုတဲ့ 
ဇာတ်ကားပြန်ကြည့်မယ်
ဒါကြီးပြီးသွားရင်
စာတိုက်ကိုသွားပြီး 
စာတစ်စောင်ထည့်မယ်
ဒါကြီးပြီးသွားရင်
ရေခဲမုန့်ဆိုင်သွားပြီး 
တစ်ခုဝယ်စားမယ်
ဒါကြီးပြီးသွားရင်
ဈေးပေါသော mask ကလေးလို့ 
ဝတ္ထုတစ်ပုဒ်ရေးမယ်
ဒါကြီးပြီးသွားရင်
အိမ်ကိုရောက်အောင် ပြန်မယ်ကွယ်။

-နေမျိုး


အားပေးရုံနဲ့တော့ ကိုယ့်လိပ်ပြာကိုယ်မလုံကြပါနဲ့
Click တွေနှိပ်ရင်းကူပေးကြပါ

#SpringArts


ငါတို့မပါလည်း ဘာမှမဖြစ်ပါဘူး လုပ်နိုင်သူတွေလုပ်နေကြတာပဲ ဆိုတဲ့အတွေးအမြင်ရှိတဲ့သူတွေ တဖြည်းဖြည်းများလာတာကို တွေ့နေရတယ်

လူတိုင်းကတော့ကြောက်လန့်မှုရှိကြတာပါပဲ

ကြောက်ရွံမှုထဲ မျောပြီး တော်လှန်ရေးနဲ့မဆိုင်သလို နေလိုက်မယ်ဆို တော်လှန်ရေးက အဓွန့်ရှည်သွားပါလိမ့်မယ်

တော်လှန်ရေးထဲ သင်ကိုယ်တိုင်ပါဝင်လိုက်မယ်ဆို တော်လှန်ရေးကြီးကမြန်သွားပါလိမ့််မယ်

ပါဝင်ကြပါ ပါဝင်ကြပါလို့

#Linhtetaung
ဒုက္ခကနေ လွတ်မြောက်ဖို့ ကိုယ့်ကိုယ်ကို အားကိုးပါ။

(အတ္တာဟိ အတ္တာနော နာထော)

သင်တို့က ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ- ငါ့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဆိုသော်လည်း ငါက မင်းတို့ကို လမ်းညွှန်ပေးနိုင်ရုံသာ။

သူတစ်ပါးက သင်တို့ရဲ့ အားကိုးရာအစစ် ဘယ်မှာ ဖြစ်နိုင်ပါ့မလဲ။ 

(ကောဟိ နာထော ပရောသိယာ)

မင်းတို့ဘာသာ ကြိုးစားအားထုတ်မှ ဒုက္ခကနေလွတ်မြောက်ပြီး ရနိုင်ခဲတဲ့ ချမ်းသာကို ရရှိကြလိမ့်မယ်။

(အတ်တနာ ဟိ သုဒန်တနေ၊ နာထံ လဘတိ ဒုလ်လဘံ)

#မိုးသု 
ဖေဖေါ်ဝါရီလရဲ့ အစောဆုံးနံနက်ခင်းတိုင်းမှာ ကိုယ်တို့နိုးနေသည်ဖြစ်စေ
အိပ်မောကျနေသေးသည် ဖြစ်စေ
ကိုယ်တို့မျက်လုံးထောင့်စွန်းတွေက 
ဘယ်လိုမှ ရပ်တန့်လို့ရအောင်
မျက်ရည်တွေ တသွင်သွင်စီးကျနေလေ့ရှိတဲ့အကြောင်းပေါ့ ။ 


- သူဝေး / ကျမျက်ရည်


ဗုဒ္ဓ ဟာမရှိတော့ဘူး

ဘုရားသခင်ရှိသလားလို့ မေးရင်
ဘယ်တစ်ပါးလဲလို့ ငါပြန်မေးမယ်
လူတွေဘာကို ကိုးကွယ်နေသလဲလို့မေးရင်
ကိုယ့်အတ္တကိုယ် ပြန်ကိုးကွယ်နေကြတယ်လို့
ငါဖြေမယ်
လူတွေဘာကို ရွှေချနေသလဲဆိုရင်လဲ ကိုယ့်အတ္တကိုယ် ပြန်ရွှေချနေကြတာဘဲ
ထမင်းဆာနေတဲ့လူကို ဘုရားရှိခိုးခိုင်းလို့မရဘူး
ဗိုက်ဆာနေတဲ့အခါ ဆုတောင်းတွေကလဲ ဝါးစားလို့မရခဲ့
ဒါကို ဘိုးရင်းနိတ်နယ်ရဲ့ မာကပ်ဆီကျောက်မီးသွေးတွင်းတွေကနေ
ဗင်းဆင့်ရဲ့ အာလူးစားသူများနဲ့အတူ ငါသိခဲ့ရ
ကယ်ဗင်ကာတာရဲ့ တောင်အာဖရိက ကဓာတ်ပုံတွေက ငါ့ဘုရားကိုရိုက်ခတ်ခဲ့
ပူလစ်ဇာဆုရပြီး တစ်နှစ်အတွင်း
သူကိုယ်တိုင်ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့အတူ
သေကြောင်းကြံစည်သွားခဲ့တာကိုလဲ ငါမအံ့သြတော့ဘူး
ဗင်းဆင့်ရဲ့ သေကြောင်းကြံစည်မှုဟာလဲ သူ့ဘဝလောက်တော့ ကြေကွဲစရာမကောင်းခဲ့
မြို့မငြိမ်းကတော့ ဗိုက်ဆာလို့ အုတ်ကားအောက်ဝင်ခဲ့တာတော့ မဖြစ်နိုင်လောက်ပါဘူး
ကတ်ကိုဘိန်းနဲ့ ဂျက်လန်ဒန်ကကော 
သေချာတာတော့ ထမင်းမဆာခဲ့ပေမယ့် သူတို့အားလုံး တစ်ခုခုကိုတော့ ဆာလောင်နေခဲ့ကြတယ်
ငါကကော ဘာကိုဆာလောင်နေခဲ့သလဲ မသိသေးပေမယ့်
မိဘမဲ့ကျောင်းက ကလေးတွေ ဘာကိုဆာလောင်နေသလဲဆိုတာကိုတော့ ငါအသေချာသိတယ်
ကလေးတွေဆာလောင်နေချိန်
ရွှေအထပ်ထပ်နဲ့ ရုပ်ထုတွေက ထလာပြီးမျက်ရည်သုတ်မပေးဘူး
ဗုဒ္ဓ ဟာမရှိတော့ဘူး
ဆာလောင်နေတဲ့ ကလေးတွေကတော့မနက်ဖြန်တွေထိရှိနေဦးမှာ 
မနက်ဖြန်ဆိုတာတွေ ဒီနေ့ဖြစ်လာသည်အထိဝမ်းထဲမှာ ထမင်းတစေ့မဝင်သေးဘူး
ဗုဒ္ဓကို ငါမစော်ကား
ဗုဒ္ဓကို ငါလေးစားတယ်
ဒါပေမယ့် ဗုဒ္ဓကိုငါမကြောက်
အကြောက်တရားဟာ သက်ဝင်မှုမဟုတ်
ရွှေထီးနန်းစွန့်ခဲ့တဲ့ ဗုဒ္ဓကို ရွှေတွေချနေတာတာမြင်တိုင်း ငါ့ရင်ထဲကအလိုလိုမွန်းကြပ်
မိဘစကားနားမထောင်တိုင်း ငရဲကြီးမယ်ဆိုတဲ့စကားကြားရင် ဗုဒ္ဓ ဟာနေရထိုင်ရခက်နေမလား
ဆုတောင်းတွေတစ်ဝကြီးနဲ့ ဗုဒ္ဓ ဟာဖန်ဆင်းရှင်အလား
 ဗုဒ္ဓဒဿနတွေကို ငါသဘောကျတယ်
လောကမှာငါစိတ်ဝင်စားတဲ့အဘိဓမ္မာနှစ်မျိုးဘဲရှိတယ် 
ဗုဒ္ဓအဘိဓမ္မာနဲ့ အနုပဋိလောမအဘိဓမ္မာ
ဆာလောင်နေတဲ့ကလေးတွေအတွက် 
ဗုဒ္ဓရုပ်ထုက ရွှေတွေခွာကျွေးမိရင် ငါအဝီစိရောက်လေမလား
ဗုဒ္ဓ ဟာရွှေတွေအထပ်ထပ်နဲ့ လူတွေရဲ့အတ္တတွေနဲ့ ဘယ်လောက်များမွန်းကြပ်နေလိမ့် 
တရုတ်အမွှေးတိုင်တွေနဲ့ မီးခိုးပါမွှန်အောင်လုပ်တော့ 
ဗုဒ္ဓ သာတကယ်ရှိရင် ပလ္လင်ပေါ်ကထွက်ပြေးမလားဘဲ
ဗုဒ္ဓ ဟာမရှိတော့လို့သာ 
ဗုဒ္ဓ သာရှိနေသေးရင် ဆာလောင်နေတဲ့ကလေးတွေအတွက် မြသပိတ်နဲ့ဆွမ်းခံကျွေးလေမလား
ရယ်ဖို့ကောင်းတာကတော့ ဒီနေ့ခေတ်သူ့နောက်လိုက်ဆိုသူတွေနဲ့ကိုးကွယ်သူတွေ ဆာလောင်စွာငိုယိုသံတွေကိုနားမစွင့် ဂေါပကရဲ့အလှူခံဗုန်းထဲဘဲ စက္ကူတွေထည့်ရင်ကုသိုလ်ရသတဲ့
ဗုဒ္ဓ ဟာမရှိတော့ဘူး
ဆာလောင်နေတဲ့ကလေးတွေနဲ့ ဘေးဒုက္ခသည်တွေကတော့ နောင်နှစ်ပေါင်းများစွာထိ ဒီကမ္ဘာမှာသက်ဆိုးရှည်နေ........။

အလယ်က အိုးကြီးမှာ ရေတွေလျှံထွက်
ဘေးအိုးတွေ ရေတစ်စက်မထည့်
ကောသလဟာ မေးငေါ့နေမလား
အို လူတွေ အသိဥာဏ်မဲ့
ဒီနိုင်ငံ ဗုဒ္ဓသာသနာထွန်းကားသတဲ့
ငါလှောင်ချင် ဒီလူမျိုးကို
ဒီနိုင်ငံ ဗုဒ္ဓနဲ့ ဝေးဆဲ......။ 

- Empty

Photo-ကယ်ဗင်ကာတာ(Kevin Carter)၏ တောင်အာဖရိကမှ ပူလစ်ဇာဆုရဓာတ်ပုံ


#ငါသိတဲ့ကဗျာဆိုတာဒီလိုမျိုးကွ

ကမ္ဘာကြီးလည်း မီးနဲ့မျက်ရည်ပဲ
ဒီအချိန်မျိုးမှာ
တစ်ယောက်အသည်းတစ်ယောက်
မခွဲကြတာအကောင်းဆုံးပဲ။ 

- အောင်ခိုင်မြတ်
ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ ကြေးခေတ်
နျူကလီးယားကင်ဆာ၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ငါ့
ကြေငြာချက်ကတော့
နင့်ကိုထာ၀ရချစ်နေမယ် ဆိုတာပါပဲ..။

-တာရာမင်းဝေ

#ငါသိတဲ့ကဗျာဆိုတာဒီလိုမျိုးကွ


ရူးနေတဲ့ကမ္ဘာ (ကဗျာရှည် )

မော့ကြည့်တာ အလကားမဟုတ်ဘူး
ယမ်းသီးတွေ ကျလာမှာစိုးလို့တဲ့။

ကမ္ဘာက
ငါတို့ထက် အသက်ကြီးတာမှန်ပါရဲ့
ဒါပေမဲ့ မရင့်ကျက်သေးဘူး

ကမ္ဘာက
တရားတော်တွေလည်း ရှိပါရဲ့
တရားဟောဆရာတွေလည်း ရှိပါရဲ့
ဒါပေမဲ့ တရားမရသေးဘူး

ကမ္ဘာက
ကမ္ဘာစစ်ကြီး(၂)ခုနဲ့ ကြုံခဲ့ပြီ
လူ့အသက်လည်း သန်းပေါင်းရာချီ ကြွေခဲ့ပြီ
ဒါပေမဲ့ အမှတ်မရှိသေးဘူး

ကမ္ဘာက
ဘာသာရေးစစ်ပွဲကြီးတွေနဲ့လည်း ကြုံခဲ့ပြီ
ဒါပေမဲ့ နောင်တမရချင်သေးဘူး

ကမ္ဘာက
လူမျိုးနွယ်စစ်ပွဲတွေနဲ့လည်း ကြုံခဲ့ပြီ
လူမျိုးနွယ်အချို့လည်း မျိုးတုံးပျောက်ကွယ်ခဲ့ပြီ
ဒါပေမဲ့ အကြောက်အလန့် မရှိချင်သေးဘူး

ကမ္ဘာက
ထစ်ခနဲရှိ
ပစ်မယ်ခတ်မယ်ဆိုတာချည်းပဲ

ထစ်ခနဲရှိ
အကြမ်းဖက်မယ်
ဗုံးခွဲမယ်
လေယာဉ်အပိုင်းစီးမယ်ဆိုတာချည်းပဲ

ကမ္ဘာက
ခုချိန်ထိ
ပြဿနာကို
သေနတ်ပါမှ ရှင်းလို့ရတယ်ထင်နေတုန်းပဲ

ကမ္ဘာက
မီးစကိုလည်း ကိုင်ရဲ့
ရေမှုတ်ကိုလည်း ကိုင်ရဲ့
သံတမန်လို
လက်ဆောင်အောက်မှာ
သေနတ်ကိုလည်း ဝှက်ယူလာရဲ့
ကမ္ဘာက
ခုအချိန်ထိ
ကမ္ဘာကို အနိုင်ကျင့်နေတုန်းပဲ
ဒီခေတ်ကြီးကို
အိုင်တီခေတ်
ဂလိုဘယ်ခေတ်
မီဒီယာခေတ်
ခေတ်လွန်ခေတ်
မျိုးစုံအောင် အဓိပ္ပာယ်ဖွင့်ဆိုနေကြ
ဒါပေမဲ့
ကမ္ဘာက
ခုအချိန်ထိ
သူ့ကိုယ်သူ ကမ္ဘာလို့်လည်း အသေအချာမသိ
လူလို့လည်း အသေအချာမသိ
လူမျိုးလိုလို
နိုင်ငံလိုလို
ဘာသာတရားလိုလိုနဲ့
ရူးချင်ယောင်ဆောင်နေတုန်းပဲ

အများကောင်းစားရေးလိုလို
ကိုယ်ကျိုးစွန့်အနစ်နာခံမှုလိုလိုနဲ့
ခုအချိန်ထိ
ရသမျှအကျိုးစီးပွား
သူ့အိတ်ကပ်ထဲ ကောက်ထည့်နေတုန်းပဲ
ခုချိန်ထိ
ကမ္ဘာကျင့် ကမ္ဘာကြံ ကြံနေတုန်းပဲ

ကမ္ဘာက
အဆောက်အဦကြီးတွေ ဆောက်ပါရဲ့
အဖွဲ့အစည်းတွေလည်း ဖွဲ့ပါရဲ့
ဒါပေမဲ့
အဲဒီအဆောက်အဦကြီးတွေဟာ
ဆင်းရဲမွဲတေတွေရဲ့ မျက်ရည်ဆိုတာ
ကမ္ဘာ အသေအချာမသိဘူး

ခုပဲ
သားရွှေအိုးထမ်းလာတာ မြင်ရတော့မယ့်ဟန်
ခုပဲ ရတနာပုံဆိုက်တော့မယ့်ကိန်း
ကမ္ဘာက
ဘာအစည်းအဝေး
ညာအစည်းအဝေး
အစည်းအဝေးကြီးတွေ
မကြာမကြာ ကျင်းပပါရဲ့
စီမံကိန်းတွေ ရေးဆွဲပါရဲ့
မကြာ မကြာ
ညစာစားပွဲကြီးတွေ တည်ခင်းပါရဲ့
ဒါပေမဲ့
အစည်းအဝေးတစ်ခုရဲ့ စရိတ်ဟာ
ညစာစားပွဲတစ်ပွဲရဲ့ ကုန်ကျငွေဟာ
စာမတတ်သူ ကလေးပေါင်းများစွာ
ကျောင်းထားပေးလို့ရတယ်ဆိုတာ
ကမ္ဘာကသိပုံမရဘူး

“ဒါးဗို့”မှာ အစည်းအဝေးလုပ်တော့
“နီဂရိုးပြန္တီ”က
ကလေးတွေအတွက်
ဒေါ်လာ(၁၀၀)တန် ကွန်ပျူတာတွေထုတ်ရမယ်
“ဘီလ်ဂိတ်”က ဒီလိုမဟုတ်
ကွန်ပျူတာနဲ့တွဲကြည့်လို့ရတဲ့ “ဆဲလ်ဖုန်း”တွေ
ထွင်ဖို့လိုတယ်တဲ့
“ရှာရွန်စတုန်း”က ပြောတယ်
လောလောဆယ်
အာဖရိကပြည်သူတွေကို ခြင်ထောင်တွေပေးရမယ်တဲ့

တကယ့်
မီးစတစ်ဖက်
ရေမှုတ်တစ်ဖက်ပါပဲ
ကမ္ဘာဟာ တစ်ဖက်မှာ လေသံကောင်းလွှင့်ပြီး
တစ်ဖက်မှာတော့ ဇိမ်နဲ့ငြိမ့်ချင်နေတုန်းပဲ

ကမ္ဘာဟာ
ခုအချိန်ထိ
တရားတွေ့သလိုလိုနဲ့
တရားကို ကွေ့ရှောင်နေတုန်းပဲ

ကမ္ဘာဟာ
ခုအချိန်ထိ
အရေးကြုံမှ
အရပ်ကူပါ လူဝိုင်းပါလုပ်ချင်နေတုန်းပဲ

ဒိုင်ယာနာမသေခင်
နောက်ဆုံးသောက်သွားတဲ့ဟင်းချိုဟာ
ဒေါ်လာ (၄၀၀၀) တန်တယ်
“ဗီယင်နာ”ကို ဂျော့ဘုခ်ျလာတော့
တည်းခိုခန်းတစ်ညစရိတ်ဟာ
ဒေါ်လာ (၆၀၀၀)ကျတယ်

ဒိုင်ယာနာ့ဟင်းချိုဖိုးလေးသာရ
သူအဆင်ပြေပါပြီတဲ့
လူတစ်ယောက်ကပြောတယ်
“မာသာထရီဇာ”ဟာ
ဂုဏ်သရေရှိတွေရဲ့ ညစာစားပွဲကို
အလှူခံခဲ့ဖူးတယ်

“ဘုရင်ခံချုပ်က နှစ်ယောက်စာ၀တ်ထားပြီပဲ
ကျွန်တော် ၀တ်ဖို့မလိုတော့ပါဘူး”တဲ့
မဟတ္တမဂန္ဒီပြောခဲ့သလိုပါပဲ
လူပေါင်းများစွာဟာ ကျောပြောင်နေပြီး
လူအချို့ဟာ တောင်ပုံရာပုံရှိနေတယ်
ကမ္ဘာကသိပုံမရဘူး

အီသီယိုးပီးယား ဒုက္ခသည်တစ်ဦးအလို
အခု သူတို့ဖြစ်နေတာက
“ဆာ”တာပါ
“နာ”တာမဟုတ်ပါဘူးတဲ့
သူတို့အဆင့်ဟာ
“နာ”တဲ့အဆင့်ကို လွန်ခဲ့ပါပြီ
“ဆာ”တာဟာ “နာ”တာထက် ဆိုးပါသတဲ့

ကမ္ဘာပေါ်
လူပေါင်းများစွာ ငတ်ပြတ်မွဲတေနေပြီး
လူအချို့ဟာ ကျိကျိတက်ကြွယ်ဝနေတယ်
ကမ္ဘာ သိပုံမရဘူး

ဒီကမ္ဘာက
လွတ်လပ်စွာပြိုင်ဆိုင်သော တစ်ခေတ်လို
လိုအပ်လာ
အစားအသောက်တွေ ဖျက်ဆီးပစ်ဖို့ အဆင်သင့်
အထည်အလိပ်တွေ မီးပုံရှို့ပစ်ဖို့လည်း အဆင်သင့်

ဒီကမ္ဘာက
ခုအချိန်ထိ
ဆင်းရဲမွဲတေမှုဟာ ပြဿနာလို့လည်း
အသေအချာမသိ
စီးပွားရေးချိန်ခွင်ညှာမညီမျှမှုဟာ
ပြဿနာလို့လည်း အသေအချာမသိ
အဓမ္မရာဂဟာ ပြဿနာလို့လည်း
အသေအချာမသိ
စစ်နဲ့ငြိမ်းချမ်းရေး
ဘယ်ဟာ အရေးကြီးတယ်ဆိုတာလည်း
အသေအချာမသိ
အရိပ်ရမှ အေးမြတယ်လို့လည်း
အသေအချာမသိ
သစ်မြင် ခုတ်ချင်နေတုန်းပဲ
မြစ်မြင် ငါးဖမ်းချင်နေတုန်းပဲ
တွင်းမြင် ရေနံငင်ချင်နေတုန်းပဲ

ကမ္ဘာဟာ
သူ့ကိုယ်သူ ကမ္ဘာတည်မယ်ထင်နေရဲ့
ဘ၀င်လည်းမြင့်ရဲ့
ရူးလည်းရူးရဲ့
ဂိုက်ပေးလည်း ကြမ်းရဲ့
ကမ္ဘာကို မထီမဲ့မြင်ပြုရဲ့

“မာသာထရီဇာ”က တစ်ယောက်တည်း
“ဘင်လာဒင်”တွေ အမျာကြီးပဲ
“ဂန္ဒီ”က တစ်ယောက်တည်း
“ဟစ်တလာ”တွေက အများကြီးပဲ

“တကယ်တော့
ဂျီ- အိပ်ခ်ျဆိုတာ
ကမ္ဘာ့စက်မှုကုန်သည်ကြီးများအသင်းပါ
အစည်းအဝေးလုပ်တယ်ဆိုတာလည်း
စျေးကွက်ညှိကြတာပါဗျာ”တဲ့

ကမ္ဘာဟာ
နောက်ထပ် ခရူးဆိတ်တစ်ခုကိုလည်း
မြင်တွေ့ထားပုံရရဲ့
နောက်ထပ် ကမ္ဘာစစ်တစ်ခုကိုလည်း
မျှော်လင့်ထားပုံရရဲ့

ခုအချိန်ထိ
လက်နက်အပြိုင် တပ်ဆင်နေတုန်းပဲ
သူ့အုပ်စု ကိုယ့်အုပ်စု ဖွဲ့နေတုန်းပဲ
ဂိုဏ်ဂဏစွဲ အယူဝါဒစွဲတွေ
ပြင်းထန်နေတုန်းပဲ
သံလိုက်များလို
လိုအပ်လာ ကိုယ့်အသင်းရှိရာ ပြေးကပ်မယ့်
မျိုးတူစုတွေကလည်း အဆင်သင့်

“ခုဆို
‘လေ’လည်း လေပြီ”
ကောင်းကင်ပိရင်
ဘယ်ခေါင်းမှ မလွတ်တော့။ ။

- လူအိမ်


#ငါသိတဲ့ကဗျာဆိုတာ ဒီလိုမျိုးကွ

Friday, February 25, 2022

😢


#all photo credit
#တော်လှန်ကောမစ်



ကျွန်တော်တို့ သွေးအေးသွားရအောင် ဒါဟာ ရုပ်ရှင်ဇာတ်ဝင်ခန်းမဟုတ်ဘူး😢











ဝေ
🍁🍁🍁

တပွင့် ကြွေရင်
တပင်လုံး ဝေ
တပင်လုံး ကြွေရင်
တတောလုံး ဝေစေရမယ်

ကြွေနေတဲ့ပန်းတွေကို
ချစ်တယ်ဆို
ကျန်နေတဲ့ ပန်းတွေကို တန်ဖိုးထား
ရေလောင်းပေးကြပါလေ 🍁


San Zuren 🌸

သစ်ပင်ဒိုင်ယာရီ

ဘဝရဲ့အစက ကြမ်းကြမ်းတမ်းတမ်းပဲ တိုက်ခိုက်လာ
ပျိုးသူတိုရဲ့ မျက်နှာမပျက်စေလိုငှာ
မြေကြီးကနေ ထိုးထွက်ကာ
သန်မာစွာ
ငါဟာ ဂုဏ်ယူစရာသစ်ပင်

ရေလောင်းလိုပေါင်းသင်
ဂရုစိုက်သူတိုအပြင်အဆင်အတိုင်း
ငါဟာလည်း 
လန်းဆန်းလှပစွာပဲ
နေရောင်ကိုခံ
မိုးဒဏ်ကိုအံခဲ
မားမတ်စွာ ရပ်တည်လာခဲ့တယ်

နွေဦးဟာ ငါအကြိုက်ဆုံးရာသီ
ငါဖန်တီးသောအသီးအပွင့်တိုကို ခူးကာသူတိုစားကြမည်
ဝမ်းတစ်လုံးပြည့်တော့ ပြုံးကြသည်

အမိုးလိုသော်ခို
အသီးလိုသော်စား
အလှလိုသော်ခူးသွား
ငါဖန်တီးသောပန်းပွင့်များ
မင်းချစ်သောသူအား
ပေးလိုက်ပါဗျား
ငါ့ခါးထက်မှာ
နူးညံ့သောအက္ခရာ
ထိုးထွင်းကာ
ခံစားချက်တိုဖွင့်ထုတ်ရင်း
ငါ့အရိပ်အောက်မှာ
ကြည်နူးမှုအပေါင်းခညောင်းရင်း ခိုပါ

ကိုင်းပေါ်သိုတက် 
အမြဲဖျတ်လတ်
ဆော့ကစားတတ်သူများ
ငါဟာ သဘာဝရဲ့ကစားကွင်းပါလား
ဘဝဟာ အသုံးကျတယ်လိုခံစားရတော့ 
သိပ်တန်ဖိုးရှိလှပါလား

ငှက်များက ငါ့ကိုင်းဖျားမှာတေးသံသီ
ရှဉ့်ကလေးတို အစာရှာရာကပြန်လာပြီ
နေဝင်လေတော့လည်း လွမ်းမောစွာပဲ
ငေးကြည့်မိဆဲ
တဖြည်းဖြည်းနဲ့ငါအိုလာပြီပဲ

ငါ့အသားကိုခုတ်လိုထစ်
နောင်ဘဝမှာငါဟာ ဘာဖြစ်

အချစ်တေးသံသီ
ဂီတာလေးတစ်ခုဖြစ်နေပြီ
ငါရဲ့ပင်စည်

ဘဝကိုစာပန်းချီခြယ်
စက္ကူပါးတစ်ရွက် ပြန်ဖြစ်လာတယ်
တချိုတဝက်လောက်ပေါ့ကွယ်

တခါတရံ ဂီတာတီးသံကြားရင် ငါ့နောင်တော်တွေငါများသတိရမလား
တေးသံထဲမှာ လျှိဝှက်စွာပဲ ပါလာ
ဂုဏ်ယူစွာ တာဝန်ကျေခဲ့သော် သစ်ပင်တစ်ပင်ပါ
ကြုံးဝါးလိုနေမှာ

ငါ့အပေါ်မှာစာလုံးတွေရေးလိုက်တိုင်း
ဘဝတွေပြောင်းလဲသွားဖို ရိုက်ခတ်လာတဲ့လှိင်း
လူတိုရဲ့နှလုံးသားတိုင်း
ရိုင်းစိုင်းခြင်းကင်းလာကာ
ချစ်တတ်ပါ
သစ်ပင်ရဲ့ဆုတောင်းစကား

#Tommy


ဖက်စစ်စစ်တပ် အမြစ်ဖြတ်
---------------------------------------

စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်
အမြစ်မပြတ်သ၍ 

သင့်အားလည်း အမျှမဝေ 

ငါ့အားလည်း အမျှမဝေကြနှင့် 


San Zuren 🌸
အပူများပြီး ဝမ်းနှုတ်ဆေးလေးဘာလေး မေတ္တာလက်ဆောင်ပို့ဦးမှ...

ပင်ပန်းရင် ခဏနားပါ နားလို့ဝရင်တော့ ဆုံးတဲ့ထိဆက်လျှောက်ပေးပါ



#ANTS-ပုရွက်ဆိတ်များ

▪️​​ဘယ်နှစ်ခါ ​​​ဖြေ​ပေးရဦးမှာလဲ▪️

ကာတွန်း ©️ညိုမြ
#thevoiceofspring #cartoon



Sympathy
----------------

ခင်မင်မှုနဲ့ ရောက်လာသူကို
မေတ္တာတရားနဲ့ ကြိုဆိုပါ

အမုန်းနဲ့ ရောက်လာသူကို
အပြုံးတွေနဲ့ ကြိုဆိုပါ

နာကျင်မှုနဲ့ ရောက်လာသူကို
နွေးထွေးမှုနဲ့ ကြိုဆိုပါ

ဘာပဲဖြစ်ဖြစ်
ကိုယ့်လုပ်ရပ်က ကိုယ့်တန်ဖိုးပါ



San Zuren 🌸


Believe in yourself
------------------------------

ကမ်းကို ရောက်အောင် ကူးနိုင်ပါ့မလား
ကမ်းက ဘယ်ဆီမှန်းမသိဘူးလို့ တွေးမနေနဲ့
ကူးနိုင်ရင် ကမ်းကိုရောက်လိမ့်မယ်လို့ပဲ တွေး

ကမ်းမမြင်ရသ၍ ငါတို့ လက်မလျှော့ဘူး
ကမ်းမမြင်ရပေမယ့် ကူးနိုင်ရင် ကမ်းကိုရောက်မယ်ဆိုတဲ့ ဝီရိယရဲ့အကျိုးကြောင့် ငါတို့ ပန်းတိုင်ရောက်ကို‌ ရောက်လိမ့်မယ်

လုပ်စရာရှိတဲ့အလုပ်ကို မလုပ်ပဲ
"လုပ်လဲ အောင်မြင်နိုင်မယ် မထင်ပါဘူး"လို့
ဆင်ခြေပေးနေတာက လူပျင်းဆင်ခြေပါ

လုံ့လဝီရိယဆိုတာ အချည်းနှီးဖြစ်မသွားပါဘူး
ငါတို့လုပ်ရမယ့်အလုပ်ကို ဆက်လုပ်ကြမယ်

Believe in yourself is the secret to success.



San Zuren 🌸

PDF ဆို တာ
-----------------

PDF ဆို တာ
အမှန်တရားအတွက်
သူတို့ အသက်တွေကို
ပေးဆပ်ထားကြတဲ့
ပြည်သူ အားလုံးရဲ့
ရှင်သန်ခြင်းတွေ
မျှော်လင့်ခြင်းတွေပါ

PDF ဆို တာ 
အတိတ် နဲ့  ပစ္စုပ္ပန်ရဲ့
နာကျည်းခြင်းတွေကို
သွေးနဲ့ တိုက်နေကြတဲ့
အနာဂတ်ရဲ့
မွန်မြတ်လွန်းသော 
ပြည်သူ့ တပ်မတော်ကြီးပါ...


San Zuren 🌸

ချစ်လှစွာသော လောကဓံတရားရေ
ဖြစ်ချင်တိုင်း မဖြစ်ရတာကိုပဲ ချစ်နေရပါတယ်။
 
-မောင်ချောနွယ်
#poetrycafe



ကျနော်တို့ရဲ့နေ့စဉ်ရက်များဟာ
ဒဏ်ရာနဲ့ရက်များချည်းပါပဲ
ချစ်ခြင်းမေတ္တာရဲ့ဟိုဘက်မှာ
ဘာများရှိပါသလဲ..။

-မောင်ချောနွယ်

#poetryoflife


ရုရှ ယူကရိန်းအရေးဖြစ်တော့ ဗမာ့အရေးဟာနိုင်ငံတကာမှာ မှိန်သွားတယ်ဆိုတာ အရှိတရားပါပဲ ဒါပေမယ့် အမေရိကန်အပါအဝင် နိုင်ငံတကာရဲ့ လုပ်နိုင်စွမ်းကတော့ အခုအခြေအနေမှာ ရှင်းရှင်းလင်းလင်းတွေ့ရပြီ ဒီလောက်စစ်ပွဲဖြစ်နေတာတောင် နိုင်ငံတကာအနေနဲ့လုပ်နိုင်စွမ်းကဘာမှ လောက်လောက်လားလားမရှိဘူး။ဆိုတော့ ကျတော်တို့နိုင်ငံအနေနဲ့ နိုင်ငံတကာအကူအညီဆိုတာကို ပြည်သူတွေအနေနဲ့ ပြန်သုံးသပ်ရင်း ကိုယ့်အားကိုယ်ကိုးသင့်တယ်ဆိုတဲ့ အမြင်တွေပွင့် လာရင်အမြတ်ပါပဲ နိုင်ငံတကာမှာ ဗမာ့အရေးမှိန်သွားလည်း သိပ်တော့အရေးမကြီးလှပါဘူး။ပြည်သူတွေအနေနဲ့သာ မိမိကိုယ်ကိုအားကိုးရမယ်ဆိုတဲ့ အသိအမြင်ပွင့်သွားရင်ကို အမြတ်ပါပဲ။ နိုင်ငံတကာရဲ့အားကို မယူရဘူးလို့ဆိုလိုတာမဟုတ်ပါဘူး မျှော်လင့်ချက်မကြီးဖို့ ဗမာ့အရေးမှိန်သွားပြီလို့ စိတ်ဓာတ်မကျစေချင်တာပါ။ ဖက်ဆစ်တိုက်ဖျက်ရေးအတွက်နိုင်ငံတကာရဲ့အားကို နည်းနာတခုအနေနဲ့ ယူရမှာမှန်ပေမယ့် နိုင်ငံတကာဟာ ကျတော်တို့တော်လှန်ရေးရဲ့ အဆုံးအဖြတ်မှာရှိမနေပါဘူး။ တော်လှန်ရေးရဲ့ အဆုံးအဖြတ်က ကျတော်တို့ပြည်သူတွေပါပဲ။ပြည်သူ့အားနဲ့ပဲ ဖက်ဆစ်စစ်မိစ္ဆာတွေကို မောင်းထုတ်ရမှာဖြစ်ပြီး ပြည်သူ့အားနဲ့ပဲ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကိုထူထောင်ရမှာပါ။ ပြည်သူသာ အစစအရာရာ အခရာပါပဲ။
အရေးတော်ပုံအောင်ရမည်

#Thihawintin
#photobythevoiceofspring

Thursday, February 24, 2022

ကိုယ့်နိုင်ငံလေးအတွက်လဲ အားထည့်ပေးကြပါဦးနော်

#SpringArts



"ဥရောပ စစ်ပွဲရဲ့ ရိုက်ခတ်မှုကို pdfတွေ စခံရပါပြီ။

ကျည် တစ်တောင့် ၁သောင်းနီးပါးထိရှိနေသလို
AKတလတ် သိန်း ၉၀အထက်ထိ နယ်စပ်မှာစျေးမြင့်တက်နေပါတယ်။

ဒါကို စကစ ဟာအခွင့်ကောင်းယူလာနိုင်ပါတယ်။
ဒါကြောင့် ဒီရက်ပိုင်း ရှိသလို လှုကြဖို့ တိုက်တွန်းချင်ပါတယ်ဗျာ။"

crd





စစ်ကြီးပြီးရင် ချစ်ကြတာပေါ့
___

အသဲငယ်ရေ 
အချစ်အကြောင်းနဲ့ စစ်အကြောင်း
ယှဥ်တွေးရမယ်ဆို စစ်ကိုဘဲ ဦးစားပေးမိမယ်
နားလည်တော့ အချစ်ရယ်
မချစ်လို့မဟုတ်ဘူး အသဲငယ်
မြို့ပြဟာ နာဇီအကျဥ်းစခန်းတွေဖြစ်လာတဲ့နောက်
ကိုယ်ဟာ အသဲငယ်နဲ့ ဝေးရာမှာ 
စစ်ကို စစ်နဲ့တိုက်ဖို့ 
ပေးလိုက်ရတဲ့အသက်တွေကို ပြန်အစားရဖို့
ရိုးမအနှံ့ ခြေဆန့်ခဲ့တယ်
တိုင်းရင်းသားတွေကို ကိုယ်တို့တောင်းပန်ရမယ်
စစ်ဒဏ်ကို ပြည်မထက်ပိုခံပေးနေရတဲ့သူတွေကို
ကိုယ်တို့ မေ့လျှော့ခဲ့မှုကို ပြန်တောင်းပန်ရမယ်
စစ်ကြီးမြန်မြန်ဖြစ်စေချင်တဲ့ လူငယ်တယောက်
အချစ်နဲ့ ကျစိမ့်တခွက်ကို လွမ်းလှပေါ့
"တပ်တော်ဦးဆီ ​မျှော်လိုက်ပြန်တော့"တဲ့
ကိုယ်အထပ်ထပ်နားထောင်နေတယ်
တောပန်းတွေ သိပ်လှတာဘဲ အသဲငယ်
ပန်ပေးချင်လိုက်တာကွယ်
မင့်ရဲ့ နက်မှောင်တဲ့ ဆံသားမှာ 
တော်လှန်ပန်းနီ တပွင်​့ ပန်ထားရင် သိပ်လှမယ်
မောင်းပြန်တွေ ဗြောင်းဆန်အောင် ပစ်နေတော့
ကိုယ်တို့ ချောင်းကို ဆန်ပြေးရသေးတယ် အသဲငယ်
အကိုတယောက်ကပြောတယ် 
လက်နက်မရှိရင် တော်လှန်ရေးသမားလဲ စစ်ရှောင်ရတယ်တဲ့
သေနတ်လိုတယ် ကိုယ်တို့ ကျည်ဆန်အရေးပေါ်လိုတယ်
တကယ်ပါ မင့်အနမ်းတွေနဲ့ ခါးချိုးသေနတ်
ရွေးကြစတမ်းဆို ခုချိန် ကိုယ် သေနတ်ဘဲရွေးမယ်
မချစ်လို့တော့ မဟုတ်ဘူး အသဲငယ်
အရင်လိုပြန်ချစ်ကြဖို့
အရင်လိုပြန်ဖြစ်ကြဖို့
ကိုယ်တို့ စစ်တိုက်ရမယ်
အသဲငယ် မျှော်ရစ်တော့ကွယ်
စစ်ကြီးအပြီး မသေရင်
ကိုယ်တို့ အရင်ထက် ပိုချစ်ကြမယ် ။     ။

ရဲဘော်ဒဂုံ (ထောက်ပံ့ရေးတပ်စု)


မီးလင်းဖိုလေး ရင်ခွင်ရဲတိုက်
__________________________

မီးလင်းဖိုလေးရေ  . . . 
ဒီနေ့တော့ ပြောစရာစကားတွေအများကြီးပေါ့ 
မီးလင်းဖိုလေးရေ  . . .
အနုပညာတွေ မဲ့ကုန်ကြပါပေါ့လား
ဒီနိုင်ငံမှာ အနုပညာထွန်းကားပါရက်နဲ့
နှလုံးသားတွေများ မာကြောလိုက်ကြတာ 
လူသားနဲ့တိရစ္ဆာန်ကြားက,ကွာဟမှုဆိုတဲ့
စာနာစိတ်လေးတောင် ရင်ထဲမကိန်းဝပ်နိုင်တော့ပြီ
မီးလင်းဖိုလေးရေ  . . .
ဒီမြေပေါ်မှာ သွေးသောက်ပက်စက်လှချေလား
မီးလင်းဖိုလေးရေ  . . .
အနုပညာဆိုတာ ရင်ခွင်ရဲတိုက်(နှလုံးသား)ရဲ့ အာဟာရမဟုတ်လား 
မသေဆေးမဟုတ်လား
မြန်မာပြည်မှာ နှလုံးသားအာဟာရချို့တဲ့လိုက်တာ
စာနာစိတ်ဆိုတာ ကရုဏာဆိုတာ 
ကုန်းကောက်စရာတောင် မရှိတော့ပါလား
မီးလင်းဖိုလေးရေ  . . .
ရင်ခွင်ရဲတိုက်ပေါင်း ဘယ်လောက်တောင်များ
ခြောက်သွေ့သွားကြပြီလဲ မာကျောသွားကြပြီလဲ
မီးလင်းဖိုလေးရေ  . . . 

အနုပညာနဲ့နူးညံ့စေမယ်  . . . 
အနုပညာနဲ့ရဲရင့်စေမယ်  . . . 
မီးလင်းဖိုလေးရေ  . . .
အနုပညာနဲ့၊စာတွေ၊ကဗျာတွေနဲ့ တိုက်ပွဲဝင်မယ် . . . 
မီးလင်းဖိုလေးရေ  . . .
ရင်ခွင်ရဲတိုက်လေးတွေလှပနိုင်ဖို့
နှလုံးသားအာဟာရလေးတွေ 
နှလုံးသားရဲ့မသေဆေးလေးတွေ 
များများကျွေးမွေးကြရအောင်  . . . . . 
များများစုဆောင်းကြရအောင်  . . . . .
များများ  . . . . . ။     ။  

ဇွဲ

#ဝရဇိန်စာစဥ်

မြန်မာပြည်သူ/သား များရဲ့ ဒုက္ခ😪

ကိုယ့်နိုင်ငံက ပြည်သူတွေပဲ ကိုယ်အရင်စိတ်ပူကြရအောင်ပါ 🙏 

ငါတို့နိုင်ငံပဲ ဒုက္ခရောက်တာမဟုတ်ဘူးဆိုပြီး အပျော်အပြက်တွေပြောမယ့်အစား ငါတို့တွေ ပိုပြီးခက်ခဲတော့မယ်လို့ တွေးရမယ့်အချိန်ပါ ။ 

အလိုလိုမှ စိုးရိမ်ပါတယ်ဆိုတဲ့စာကလွဲရင် ဘာမှအားမကိုးရတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဆိုတာကလည်း အခုဆို အဲ့ယူကရိန်း-ရုရှားစစ်ပွဲပေါ်မှာပဲ အာရုံကရောက်သွားတော့မှာ ။ 

ငါတို့မှာ တကယ်ငါတို့လေးပဲ ရှိတာ ။ 

အဲ့ဒါမို့ ကိုယ့်နိုင်ငံအရေးကိုပဲ ကိုယ်ပိုပြီး အာရုံစိုက်ကြရအောင်နော် ။

ပိုပြီးကူကြ စည်းလုံးကြရအောင် 🙏

#PoPoPhoenix
တော်လှန်ရေးက ဒီအခြေအနေနဲ့ဆို
ဘယ်လိုမှကို အားရစရာမရှိဘူး
အဖက်ဖက်ကနေ ပဲ့နေတယ်
လူထုရဲ့ ပါဝင်မှုက သိသိသာသာ
လျော့ဆင်းလာနေတာကိုတော့
ဘယ်သူမှငြင်းမယ်မထင်ပါဘူး

ဖြစ်နိုင်ရင် အသံတွေဝင်တဲ့ထိ
အော်ပြီးသာ ဆဲပစ်လိုက်ချင်တယ်
ဒါပေမဲ့ ဘာထူးမှာလဲ

ဘာနဲ့သွားတူလဲဆိုတော့
ကျွန်တော်တို့ကျောင်းတုန်းကလိုပေါ့
ကျောင်းပျက်တဲ့လူတွေများတဲ့နေ့ဆို
အဆူခံရပါပြီ
အဆူခံရတာ ကျောင်းပျက်တဲ့ကောင်တွေလားဆိုတော့
ဟင့်အင်း။ သူတို့က သိတောင်မသိဘူး
ကျောင်းသွားတက်တဲ့ကောင်တွေပဲ နားငြီးတာ။

ကျွန်တော့်အနေနဲ့ "ကျွဲပါးစောင်းတီး" ဆိုတဲ့
စကားပုံကို မယုံသင်္ကာနဲ့
အကြိမ်ကြိမ်သံသယဖြစ်ဖူးတယ်
ကျွဲက ဘာလို့ စောင်းသံကိုနားမလည်တာတုန်း
ကျွဲတစ်ထောင်မှာ တစ်ကောင်လောင်ကတော့
နားလည်ရင် လည်မှာပေါ့
ရှေးလူကြီးတွေက ပေါက်လွတ်ပဲစားတွေ ပြောပြန်ပြီ ဘာညာ
တကယ်တော့ အာ့တာဟုတ်တယ်
ပြောမရ ဆိုမရတဲ့ သတ္တဝါတစ်အုပ်က
လောကကြီးထဲမှာ သေချာပေါက်ကိုရှိတယ်

အာ့တော့ ပြောမရမယ့်တိရစ္ဆာန်တွေကို
ပြောနေမယ့်အစားတော့
အချင်းချင်းပဲ အားပေးပြီး
ဒီ့ထက်ပိုလှုပ်ရှား ရုန်းကန်ကြတာပေါ့လေ

ပြောမယ်သာပြောသာ
ဘယ်လိုဘယ်နည်းတော့ ကြပ်တည်းလာပြီဆိုတာ
လုပ်နေတဲ့လူတွေက ပိုသိတယ်
ဒါအပိုပြောတာ မဟုတ်ဘူး
Acc တွေ freeze ရင် sim card ပါတန်းပိတ်တာ
သိပြီးကြပြီလား?
မသိရသေးလဲ အော် အာ့လိုတောင် ကြပ်နေပြီဆိုပြီး
စိတ်ထဲမှတ်ထားလိုက်ကြပါ။
တစ်ခုတော့ရှိတာပေါ့
မကြိုးစားခဲ့လို့ ဆုံးရှုံးလိုက်ရတဲ့
အရာတစ်ခုအတွက်တော့
ဝဋ်ကြေတန်းကြေ ဝမ်းမနည်းပေးကြနဲ့ပေါ့လေ။

ဘာပဲဖြစ်ဖြစ်
ကျွန်တော်တို့ ပိုပြီးရုန်းကန်ကြရအောင်ပါ။
ကျန်းမာရေးလဲဂရုစိုက်ကြပါ။
ကျွန်တော်တို့ဖြတ်ကျော်ခဲ့တဲ့
အမှောင်ဆုံးနေ့တွေ အတော်များပြီးပဲ
နေပြိုကျသွားတာမဟုတ်ရင်
အလင်းရောင်တော့ တွေ့ဦးမှာပါ။

Harry
'ဘောလ်ပင်နဲ့ခြစ်ပစ်ထားတဲ့ ရှုခင်းဟာ 
ဒီမှာပြန်ပေါ်လာပြီ’

#NyeinsStationofStargazing
#အောင်ခင်မြင့်

အရင်တုန်းကထင်ခဲ့တယ်
ကိုယ်ကအရင်ပျက်မယ်
ကမ္ဘာကြီးက ကိုယ့်နောက်မှ ပျက်မယ်လို့
ခုတော့ ကမ္ဘာကြီးက အရင်ပျက်ပြီ
ကိုယ်ကလည်း မပျက်တပျက်
သေရမှာ သိပါတယ်။

- လှသန်း

Wednesday, February 23, 2022



လူပဲသွေးလိုမယ်ထင်ခဲ့တာ
တိုင်းပြည်တစ်ပြည်ဟာ သွေးလိုနေပြီ။

ငါ့ကောင်မလေးက ငါ့ကိုချစ်သလို
အာဏာရှင်တွေက တိုင်းပြည်ကိုချစ်ရင်
သိပ်ကောင်းမှာပဲ...

အပျော်တမ်းမှမဟုတ်တာ
မပျော်လည်းတမ်းတတယ်။   ။

-အောင်ခိုင်မြတ်

C4T clickersတွေက တစ်နေ့တစ်နေ့ ကလစ်ရင်းချောနေတဲ့ပုံပါပဲ။
ချောလို့ ကလစ်တာလား??
ကလစ်လို့ ချောတာလား??
နှစ်ခုလုံးကြောင့်နေမှာပါ😍

Goodmorningပါခင်ဗျာ။စိတ်လက်ကြည်သာ လိုအင်ဆန္ဒပြည့်ပါစေဗျာ။

"ကလစ်ကာတို့လက်နဲ့ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်မယ်"
ကျွန်တော်တို့ ပိုကြိုးစားကြရအောင်ဗျာ။ ကျွန်တော်တို့ရဲဘော်တွေကို ကျွန်တော်တို့ ထောက်ပံ့ကြမယ်

REVOLUTION



REVOLUTION
---------------------

စစ်မှန်တဲ့ တော်လှန်ရေးသမားတစ်ယောက်ရဲ့ အစားအစာဟာ ငရုပ်သီးပဲ
ငရုပ်သီးမှ မစားနိုင်ရင်
တော်လှန်ရေးသမားဖြစ်မှာ မဟုတ်
မော်စီတုန်း


The food of a true revolutionary is chillies. You can't be a revolutionary if you don't eat chillies.
Mao Zedong


San Zuren 🌸


ကမ်းမဲ့လှေ

ပင်လယ်ရဲ့တစ်နေရာမှာ
ကမ်းပျောက်နေတဲ့လှေတစ်စင်းလို
ဘဝပင်လယ်ရဲ့တစ်နေရာမှာ
အနာဂတ်ပျောက်နေတဲ့ကျွန်တော်
ငါ့မှာလှော်တက်တွေရှိသေးတယ်ဆိုတဲ့အသိနဲ့
အားတင်းလှော်ခတ်ရင်း....
ကမ်းတစ်ဖက်မှာမေတ္တာအပြုံးနဲ့
ဆီးကြိုနေမယ့်အမေ့ကို..
မြင်ယောင်ပြီး တရွေ့ရွေ့နဲ့
ခရီးဆက်ပါတော့မယ်......

Thae Nu

THEORY

ဖြောင့်‌ဖြောင့်မတ်မတ်
ဂုဏ်သိက္ခာရှိရှိ တိုက်ပါ
ရှုံးခဲ့လျှင်သော်မှ တန်ဖိုးရှိပါတယ်

မရိုးမဖြောင့်
ဂုဏ်သိက္ခာမဲ့ နည်းလမ်းနဲ့
တိုက်တဲ့ပွဲမျိုး နိုင်ခဲ့လျှင်သော်မှ
ဘာတန်ဖိုးမှမရှိ

နိုင်ဖို့လည်း မဖြစ်နိုင်
တန်ဖိုးမရှိတဲ့ အရှုံးနဲ့
ရင်ဆိုင်ရမှာပဲ

ရှုံးလည်းရှုံးချင်
တန်ဖိုးလည်း လုံးဝမဲ့ချင်တာ
မှန်ရင်တော့ အစွမ်းကုန်သာ
ယုတ်ညံ့ပါလေ
သေချာပေါက် ပျက်ဆီးပါလိမ့်မယ်

San Zuren 🌸

ကဗျာရေးသူ✍


ကဗျာရေးသူ✍


ကဗျာရေးသူ ဆိုတာ
အမှန်တရားဘက်က
အခမဲ့ 
ရှေ့နေလိုက်သူတွေပါ

ကြုံရသမျှ 
လောကဓံတွေတိုင်းဟာလဲ
ကဗျာတွေချည်းပါပဲ 

အများတကာထက် 
ခေါင်းထဲက အမြင်
ပိုထိုးထွက်တယ်

အဲဒီထိုးထွက်နေတဲ့ 
ခေါင်းကိုပဲ 
တခွမ်းခွမ်း 
ရိုက်ခွဲခံနေကြရပြန်တယ် 

ဪ 
ကဗျာရေးသူ ငါ တဲ့လား


San Zuren 🌸
ဆံပင်ကောက်မယ်
စိတ်ကိုတော့ အဖြောင့်အတိုင်းထားမယ်
လမ်းချင်းတူသူတွေကို ပြုံးပြမယ်
လူချင်းမတူသူတွေကို လမ်းခွဲမယ်
လက်ဖျံမှာ အမှန်တရားဆိုတဲ့ tattooထိုးမယ်
ချစ်ခြင်းမေတ္တာနဲ့ဥာဏ်ပညာကို
ဆတူရောပြီး နေထိုင်မယ်
စီးကရက်တွေ လျှော့သောက်မယ်
အဆုပ်ကို ကောင်းကောင်းအနားပေးမယ်
အသည်းကွဲခြင်းကို အမွှန်းတင်ပြီး
မကြာခဏ ကဗျာတော့ရေးမယ်
မည်မည်ရရ ဘာမှမလုပ်နိူင်ခဲ့ပေမယ့်
အမှန်တရားဖက်ရပ်တည်ခဲ့လို့
ကိုယ့်နှလုံးသားကို ချစ်တယ်
သူ့အလိုလိုကုန်သွားတဲ့နှစ်တွေထဲ
အဆိုးတွေအပေါ် ဖြတ်သန်းရတဲ့အခါ
အမာရွတ်တွေဟာ ကြမ်းရှသလောက်
အနာဂတ်ဟာ လင်းထင်းလို့နေမယ်
နှစ်သစ်ရေ
အဆိုးများလည်း ကုန်ပါစေ
အကောင်းများနဲ့ ဆုံပါရစေ
ဒါဟာဘဝဆိုရင်လည်း
အဆိုးပြီးရင် အကောင်းလာရမယ်မဟုတ်လား။ ။

-ကြံတိုင်းအောင်

#Poetry Cafe
ပြန်ရှာလို့ရတဲ့ ငွေနဲ့ ကူညီပေးကြပါ။ပြန်ရှာလို့မရတဲ့ အသက်တွေရင်းထားပေးနေပါတယ်။

ဒီမိုကရေစီရရင် အတူတူပျော်ကြရအောင်ဗျာ။


လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...