#နံနက်ခင်းချောက်ကမ်းပါး
_____________________________
တံတားကိုဖြတ်ကျော်ခဲ့ပြီးကာမှ
တမ်းတတတ်တဲ့ရင်ဟာ
တစ်ခွင်လုံးမိုးသားတွေပြည့်လို့။
ညတစ်ခုလုံးဆုံးပါးသွားလျှင်
စင်ကြယ်လတ်ဆတ်သောနံနက်
မိန်းမအရှက်ထက်ပိုချို
ဖူးငုံစအချစ်လိုလှပ
အလွမ်းထက်ပိုနုနေမှာပေါ့။
မြစ်များကိုဖြတ်ခဲ့ကြ
တရံရောအခါကအသက်ရှူသံ
ပြင်းထန်မှုကလွဲပြီးမျဥ်းဖြောင့်
ငါ့မြင်ရင်ကြောက်သွားနိုင်တယ်။
အဖြူပိန်းပိန်းနံရံပေါ်
ပွဲတော်ခေါ်သံများစိမ့်ဝင်
ပျော်ရွှင်ခြင်းမီးသင့်လောင်
အရောင်သစ်ကိုမြင်ကြရော့။
လက်တံမဲ့နာရီသာ
ငါ့ခန္ဓာရဲ့ အတိမ်အနက်
ငါ့နှလုံးသားကို ချိန်စက်လို
ငါ့ပျော့ညံ့မှုကို ချစ်တတ်ပေရဲ့။
တရွတ်တိုက်ဆွဲသွားရာ
ငါ့တစ်ကိုယ်လုံးအငွေ့တထောင်းထောင်း
ခေါင်းမှခြေဖျားအထိငြင်းဆန်
ယဇ်ကောင်ဟာ ကံကြမ္မာလော။
ခုလိုညမျိုးဆို
လပြည့်ဝန်းကို ဓားနဲ့ပေါက်
သွေးငေါက်တောက် လက်နဲ့ခံယူ
ရိုင်းမူးစွာ ချစ်သူရဲ့အမုန်း
သင့်တစ်ကိုယ်လုံးခြစ်ရှသွားတော့မယ်။
ပျိုရွယ်သောနေရောင်ခြည်
သက်မဲ့ပန်းချီရုပ်များလေးလံ
မွမ်းမံခြယ်သခြင်းစွန်းကွက်
.......................................။
ချစ်ဖူးသူတွေ
အချစ်ခံရဖူးသူတွေ
ဤမြေကြီးပေါ်၌ယူကျုံးမရ
ဖုတ်ဖက်ခါ ထသွားကြ
အားမကျလိုက်လေခြင်းကွယ်။ ။
#ဖော်ဝေး
No comments:
Post a Comment