လူငယ်ဘဝ နောက်ဆုံးနေ့ရက်များ
_________________________________
လိပ်ပြာလေးတွေ နေဝင်သွားချိန်
ပန်းကလေးတွေ နွမ်းဖျော့သွားချိန်
လွယ်အိတ်ကလေးတလုံး အတိတ်ရုပ်ပုံဖြစ်သွားချိန်
ဘယ်တော့ဖြစ်ဖြစ်ပါ
အနာတရ မကင်းစင်ခြင်းမှာ
လူငယ်ဘဝကို ဇာတ်မြှုပ်ခဲ့ရတယ်
အမှန်တရားဟာ
အကျွမ်းကျင်ဆုံး ငရဲပါပဲ
အစွဲအလန်းပဲပြောပြော
အတ္တလို့ပဲဆိုဆို
ကိုယ်ဆန်တက်ခဲ့တဲ့ အရပ်မှာပဲ
ပျော်ပျော်ကြီး ခေါင်းချချင်တယ်
အရမ်းခေါင်းမာတဲ့ကောင်
နောင်တဆိုတဲ့ ဆေးလိပ်မီးနဲ့ ပြာခြွေချပစ်ခဲ့ရတယ်
တကြိမ်တခါမှာတော့
ငယ်ဘဝရဲ့ မျက်နှာလေးကို သတိရပါတယ်
ရှပ်အိမ်ကျီ လက်ပင့်ပြီး
လမ်းမလျှောက်တတ်သေးခင်
လူကြီးသူမတွေရှေ့ ခါးညွတ်တတ်တဲ့
အဖြူစင်ဆုံး လူ့ယဉ်ကျေးကောင်လေးတယောက်ကို
အဲ့ဒီ့ လူ့ယဉ်ကျေးမှုကြီးကပဲ
ကြေမွစေခဲ့တာပဲ
လွတ်တဲ့ငါးတွေ ကြီးခဲ့ပေါ့
ငါနေထိုင်တဲ့ ကမ္ဘာကြီးဟာ
ရယူလိုမှုနဲ့ ပေးဆပ်လိုမှုတွေကြား
မြေပြင်နဲ့ကောင်းကင်တွေ ခြားနားနေဦးမယ်
ပျော်လည်းဒီလောက်
မပျော်လည်းဒီလောက်ပါပဲ
တနေ့တော့ ဒီနေရောင်တွေအောက်မှာပဲ
ဗင်ဂိုးလိုလားခဲ့တဲ့ ဂျုံတခင်းပေါ်
ဆိုရှယ်လစ်အတောင်ပံတွေ ဖြန့်မယ်။။
#ရွှေကြယ်မိုး
No comments:
Post a Comment