Saturday, October 1, 2022

ပြဿဒါးများ (၂)

ပြဿဒါးများ

(၂)
ဘဝအကြောင်း ကဗျာရေးမလား
အများကြီးပဲပေါ့ သေတဲ့တိုင်အောင် မပြည့်စုံဘူး
အချစ်အကြောင်း ကဗျာရေးမလား
ကမ္ဘာဦးစကတည်းက ရေးလိုက်တာ
ဒီနေ့အထိ ချစ်ကြတုန်းမလို့ ရေးဖြစ်ကြတုန်းပေါ့

အနှစ်၆၀…..
ဘယ်လောက်မှန်း မသဲကွဲတော့ထဲ ခေါင်းထဲက ဂဏန်းတွေထဲမှာ
လူသန်းချီပိတ်မိနေတဲ့ ကမ္ဘာတစ်ခုရှိတယ်
အဲ့ထဲမှာ ဘုရားကလည်း အရောင်တွေ ဝင်းလို့
သာသနာ၊ဘာသာ၊နိုင်ငံရေးက စလို့
မိဘနဲ့ သားသမီးကြားမှာအထိ နတ်ဆိုးတစ်ကောင်က ခြယ်လှယ်တယ်

ငွေ…………

ကလေးတွေကို ပထမနေရာအတွက် အချင်းချင်းသတ်ဖြတ်ဖို့ သင်ကြားပေးထားတယ်
ငါသည်ပင်လျှင် ငွေကြောင့်ရှင်ပြီး ငွေကြောင့်သေလေမပေါ့
ငွေရှိရင်
ပတ်ဝန်းကျင်ကလည်း ပြုံးပြုံးပြတယ်
ဥပဒေကလည်း အလေးပြုတယ် နတ်ဆိုးကို

ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ကမ္ဘာတစ်ခုမှာ
ဂေါပက တစ်ခွက်ချပြီး ရီဝေဝေနဲ့ပြောတယ်
လူငယ်တွေက အရိုအသေသိပ်မဲ့တာ ဒယ်အိုးဆင်းမယ့်ကောင်တွေ
ငရဲခန်း ဒန်းဆေးနဲ့ခြောက်မှတော့
ဘာသာမဲ့လာတာက မကောင်းတဲ့ရလာဒ်လို့အော်နေတာက မမှန်သေးဘူး

ကောင်းဆိုးချမ်းသာ ငွေကြွေလောင်းလို့
အရောင်းအဝယ်ဖြစ်စေသတည်း
ဘုရားသခင်၏ စီးပွားရေးမှာ
ပွဲစားတွေပါပဲ သူတို့က

သွေးစက်ကို မင်လိုသုံးပြီး ပုံနှိပ်ရေးတဲ့ ပိုက်ဆံနဲ့ ထမင်းဝယ်စားသူတွေရယ်
သွေးစက်ကို မင်လိုသုံးပြီး ပုံနှိပ်ရေးတဲ့ အနုပညာကို ခံစားကြသူတွေရယ်
အသွေးအသားကို ဖြတ်ထုတ်ပြီး တည်ထားတဲ့ ဘုရားကို ရှိခိုးနေကြသူတွေရယ်
အားလုံးက မှန်နေတယ်လို့ တကယ်ပဲယုံကြည်သလား
မမှန်တာကို သိသိနဲ့ နှုတ်ပိတ်ထားသလား
နှုတ်ပိတ်တာလွန်ပြီး ဆွံ့အသလား

တစ်ယောက်ထဲ မေးခွန်းအများကြီးရှိနေတယ်
တချို့အတွက်က အဖြေရှိတယ်
တချို့အတွက်က အဖြေကမတွေ့သေးဘူး
တချို့အတွက်က အဖြေကိုမရှိတာ

အိုး…..အရှင်ဘုရား မေတ္တာတရားဆိုတာကို မိသားစုဝင်တွေ အသတ်ခံရတဲ့သူတွေကို ဟောကြည့်ပါလား
လောင်ဇူက ပါးရိုက်ခံရတယ်
ဒီမှာက ယဉ်ကျေးသိမ်မွေ့ကြရှာပါတယ်
တိတ်တိတ်လေးပဲ လက်သီးတွေဆုပ် မျက်ရည်တွေကျ တောက်တွေခေါက်ပေါ့

ငါက လောကကြီးရဲ့ အပြင်ကိုထွက်နေတာမဟုတ်ပါဘူး
ခွတိုက်ပြီး လိုက်ဝေဖန်နေတာသက်သက်လည်းမဟုတ်ပါဘူး
အတုအယောင်၊အစုတ်အပြတ်တွေကိုပဲ အရသာခံတတ်တဲ့
ဆေးတွေပဲစားလို့ ထုံနေတဲ့လျှာပေါ်ကို တင်ပေးတဲ့ ငရုတ်သီးတစ်တောင့်ပါပဲ

စပ်ကြစေသတည်း

#Tommy

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...