Sunday, October 23, 2022

နာမည်များနဲ့ နေ့တစ်နေ့

နာမည်များနဲ့ နေ့တစ်နေ
-----------------------------------

မှောင်ရီပျိုး မိုးချုပ်တာနဲ့
ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတယ်
' ဒီနေ့ကို မိမိရရ ဆုပ်ကိုင်မိရဲ့လား...' လို့

လက်ထဲက အရက်ခွက်ရေ
မင်း ငါ့ကို ပြက်ရယ်ပြုနိုင်ပါတယ်
တကယ်တမ်းကျတော့လည်း
ပြောစရာ စကားက မည်မည်ရရ မရှိလှ
' ကူရိုဆာဝါ... ' တဲ့
' ကက်သရင်းဒင်းနျူ့ဗ်... ' တဲ့
' ထရူးမင်းကပို့တ်...' တဲ့
' အင်ဒီဝါးဟိုး... ' တဲ့

လွယ်လွယ်လေး မှားလိုက်ကြ
ပန်းချီဆရာက ပြောတယ်
' မဲလ်ဂစ်ဘ်ဆင်နဲ့ ငါက အသက်အတူတူ... ' တဲ့

လွယ်လွယ်လေး မှားလိုက်ကြ
ချာတိတ်မက ပြောတယ်
' ကျွန်မ ဖြစ်နေပြီ... ' တဲ့

လွယ်လွယ်လေး မှားလိုက်ကြ
မိတ်ဆွေက ပြောတယ်
' ကိုယ့်နံရိုးနဲ့ ကိုယ်ပြန်အရိုက်ခံရတာလောက်
နာတာ မရှိဘူး... ' တဲ့

မြစ်တွေဟာ မဖြောင့်မတ်သလို
ကံကြမ္မာဆိုတာ ထောင့်ဖြတ်မျဥ်းတစ်မျိုးပ
ဆိုက်ဗေးရီးယားကျောရိုး မဟုတ်ပါဘူး
ဒဏ္ဍာရီဆန်ဆန် မာကျောမှုမျိုးကို ပြသ
ပင်ကိုဗီဇနဲ့ စိတ်အားထက်သန်
သြော်... ဂျင်မော်ရစ္စဆန်လည်း သေခဲ့ပြီ
ခု... ကတ်ကိုဘိန်းလည်း သေသွားပြန်ပြီ

ပျင်းပျင်းရှိတိုင်း
ရှုခင်းတွေ ပြတင်းပေါက်ထဲ ထည့်ဖျော်သောက်
ကြောက်ရွံ့နေမိတယ်

ခင်ဗျားအိပ်ရာထဲကို
ဆီလ်ဗီယာပလပ် ရောက်ဖူးလား
မာရီလင်မွန်ရိုး ရောက်ဖူးလား
ဂျင်းနစ္စဂျိုပလင် ရောက်ဖူးလား
( အဲဒီမိန်းမ သုံးယောက်စလုံး ) 
ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ...

ကောင်းပြီ
ဟောဒီ အမှောင်ထုထဲမှာ
ဘာမဆို ဖြစ်နိုင်တယ်
ဒါပေမဲ့ ချစ်နိုင်စွမ်းကို မြှင့်တင်ကြ ။     ။

#လှသန်း

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...