Tuesday, May 31, 2022





အဖိုးကြီးနှစ်ယောက်ရဲ့ ညနေခင်း

လူ့ဘဝဆိုတာ ဝိုင်အရက်လိုပဲ
အချိန်ကြာလေ ချဉ်စုတ်စုတ်
ယစ်မူး‌မှုတွေတော့ ကျန်လျက်
ဘဝရဲ့အစွန်အဖျားမှာ သေမင်းလာခေါ်ဖို့စောင့်ရင်းနဲ့
လူအိုတစ်ယောက်
တဖျောက်ဖျောက်သေကုန်ကြတဲ့ နောင်တော်တွေအထဲက
ရှင်သန်ကျန်ရစ်တဲ့ ငှက်အိုတစ်ကောင်
မော်ဒန်ခေတ်ရဲ့ ဗိသုကာ
လူနေတဲ့တိုက် ဝရန်တာမှာ
အဖိုးကြီးနှစ်ယောက်ဆုံပြီပေါ့
အရှေ့မှာ မြင်နိုင်တာထက် ပိုတဲ့ မိုးကုပ်စက်ဝိုင်းကြီး
ဟေး ငှက်အိုကြီး
မင်းက အသက်ကြီးတာတောင် ပျံနိုင်သေးတယ်
ငါကမွေးကတည်းက မင်းလိုပျံနိုင်လောက်အောင် လက်ကမသန်ခဲ့ဘူး
အပျံသင်ပါရစေဗျာ
ငှက်အိုကြီးခမျာ ငြင်းရရှာ
ဘဝကိုတန်အောင် နေပါဗျာ
မင်း သားသမီးတွေရော
အဖိုးကြီးက မေးတယ်
ဪ အတောင်စုံလို့ ကောင်းကင်ဘုံမှာပျော်နေကြပြီလေ
ငှက်အိုကြီးက ပြုံးပြုံးလေးဖြေတယ်
အေးကွာ ငါ့သားတွေရောပဲ
အဖိုးကြီးက ပြုံးတယ်
ဤညနေခင်းလေးထဲက
နှလုံးသားချင်းဆက်တဲ့
အဖိုးကြီးစကားဝိုင်း

#Tommy


မြက်ပင်တွေကို
လူတွေဘယ်လို
နင်းချေ ရှင်းလင်းသော်လည်း
အားမာန်သစ်လောင်းကာ
ပြန်နိုးထလာသကဲ့သို့
ကလစ်ကာများသည်လည်း
အာဏာရှင်ဘယ်လို
နှောက်ယှက် ပိတ်ပင်ပါစေ
သတ္တိရှိစွာ
ဗျူဟာမြောက်စွာ
ပြန်လည်နိုးထလာရအံ့

Zeus

နွေဦးစာ



နွေဦးစာ

ပန်းတွေဟာကြွေပြီးရင်အသစ်ပြန်ဝေတယ်
ငါတို့တွေကတော့အပိုမပါတဲ့အသက်နဲ့
အကြောက်တရားကိုရင်ခွဲကြည့်ကြတယ်
နှင်းဆီပန်းတွေကိုကိုယ်စီပန်ဆင်လို့
သေခြင်းတရားဟာဘာလည်းဆိုပြီး
အသီးသီးDiaryရေးသားကြတယ်

လမ်းချင်းတူလို့တွေ့ကြရတဲ့
မိတ်ဆွေတွေဟာအများသား
ဘောင်းဘီအိပ်ကပ်ထဲဟိုစမ်းဒီစမ်း
နှိုက်ကြည့်တော့ထွက်လာတာက
ငွေနဂါးတစ်လိပ်နဲ့ပီကေတစ်ခု

ကဗျာဆရာဟာကဗျာနဲ့ဘဲလိုက်ဖက်တာပါ
ငြိမ်းချမ်းခြင်းဟာတူတူပုန်းတမ်းဆော့ရင်း
နတ်ဖွတ်တဲ့အလင်းဖုံးသွားခံရတာလား
ကမ္ဘာကြီးဟာလည်းသူအနာနဲ့သူ
ပျော်ရွှင်မှုကိုမပျော်နိုင်တာပါ

နွေဦးဟာသစ်ရွက်တွေနဲ့အတူ
ကြယ်တွေကိုပါဖဲ့ခြွေနေတယ်
တို့ပြည်ဟာလူငယ်တွေဟာ သမိုင်းရဲ့
စာမျက်နှာတွေပေါ်မှာမှင်စက်တွေဖြစ်ရ

ရှင်သန်နေရတာ ငြီးငွေ့နေပြီ
တောထဲကရဲဘော်တွေကိုအားနာရတယ်
စစ်ဘေးရှောင်တွေကိုအားနာရတယ်
သံတိုင်ကြားကသူတွေကိုအားနာရတယ်
ကျဆုံးသူရဲကောင်းတွေကိုအားနာရတယ်

နွေဦးရေ ခြောက်သွေ့နွေးထွေးမှုကို
အိမ်အပေါက်ဝရှေ့ပြန်ထားပေးပါတော့

-ကျွန်တော်


/////အတိုင်းအတာ/////

သည်းခံနိုင်သလောက်သာ သည်းခံမည်။
လူအဖြစ်နဲ့မွေးဖွားလာတာ ၊
ကျောက်တုံးအဖြစ်နဲ့ မွေးဖွားလာတာမဟုတ်ဘူး ။

တစ်ချို့တွေက တိတ်ဆိတ်ပြီးနေကြတယ် ၊
မကြားလို့တော့ မဟုတ်ဘူး ။
နာကျင်မှုတွေနဲ့ အနေသားကျအောင် ကြိုးစားနေကြတာ ။

ဖြေသိမ့်လိုက်ဆိုတာ လူတိုင်းပြောနိုင်ကြတယ် ၊
တကယ့်ဖြေသိမ့်ဖို့ကျ လူတိုင်းမလုပ်ဆောင်နိုင်ဘူး ။
      
        ////×ဒါဟာ အတိုင်းအတာလို့ ခေါ်တယ်/////

ပစ္စုပ္ပန်



ပစ္စုပ္ပန်


အခုပြဿနာကို အခုရှင်းပါ

လက်ရှိဘဝအတွက် အခုလုပ်ပါ

နောက်ဘဝအတွက် နောင်မှလုပ်ပါ 

အခုကောင်းမှ နောင်ကောင်းမယ်

ပစ္စုပ္ပန်ကောင်းအောင် လုပ်နိုင်ရင် 

အနာဂတ်လည်း ကောင်းလိမ့်မယ် 



San Zuren 🌸
မနက်ဖြန် 

မနက်ဖြန်ကျရင် ငါတို့အိမ်ပြန်ရတော့မယ်
အဲဒီမနက်ဖြန်ဆိုတာက 
ဒီနေ့ရဲ့မနက်ဖြန်လား 
သဘက်ခါရဲ့မနက်ဖြန်လား
နောက်တစ်နှစ်ဒီလိုမိုးသည်းနေတဲ့နေ့တစ်နေ့ရဲ့မနက်ဖြန်လား
ဘယ်နေ့ရဲ့မနက်ဖြန်လဲဆိုတာ သေချာမသိဘူး။ 

သေချာသိတာတစ်ခုက 
နေ့တစ်နေ့ရဲ့မနက်ဖြန်တစ်ခုမှာ ငါတို့အိမ်ပြန်ရမှာပဲ။ 

နေ့တစ်နေ့ဆိုတာကရော ဘယ်လိုနေ့မျိုးလဲ
မအလသေသွားတဲ့နေ့လား
အကြမ်းဖက်ခေါင်းဆောင်တစ်အုပ်စုလုံးမြန်မာ့မြေကထွက်ပြေးသွားတဲ့နေ့လား
သူတို့အုပ်စုတစ်ခုလုံး လက်နက်ချအညံ့ခံလိုက်မယ့်နေ့လား
ဘယ်လိုနေ့မျိုးလဲ
အဲဒါလည်း သေချာမသိဘူး။ 

သေချာသိတာက
အဲဒီနေ့ရဲ့ မနက်ဖြန်မှာ ငါတို့အိမ်ပြန်ကြမယ်။ 

ဒီကြားထဲမှာတော့ ငါတို့ဘယ်တော့မှအိမ်မပြန်ဘူး အာဏာရှင်လက်ပါးစေတွေကိုနေ့တိုင်းတိုက်မယ်
ဒီနေရာမှာ ကျည်ကုန်သွားရင်
နောက်တစ်နေရာကတိုက်မယ်
ဒီနေ့ဒဏ်ရာရခဲ့ရင်
ဆေးကုပြီးသက်သာလာတဲ့တစ်နေ့ပြန်တိုက်မယ် တစ်ယောက်ကျသွားခဲ့ရင်
ကျန်ခဲ့တဲ့သူကဆက်တိုက်မယ်။ 

သေချာတာက
ငါတို့ဘယ်တော့မှအရှုံးမပေးဘူး။ 

ဘယ်သူတွေ ကမ်းခြေတွေခရီးတွေသွားနေကြပါစေ
ဘယ်သူတွေပဲ မင်္ဂလာဆောင်နေကြပါစေ
ဘယ်သူတွေက သွေးအေးသွားကြပါစေ
ငါတို့အလုပ်ငါတို့လုပ်ကြမယ်လေ
ရှေ့တန်းကိုသွားတဲ့သူသွား
လက်နက်နဲ့ကျည်ရှာတဲ့သူကရှာ
ရိက္ခာစုတဲ့သူကစု
ဆေးကုတဲ့သူကကု
လှူတဲ့သူကလှူ
ကလစ်တဲ့သူက ကလစ်
ရေပေါ်ဆီတွေကိုခဏမေ့ထားကြရအောင်။ 

သေချာတာက ငါတို့တစ်နေ့နိုင်ကိုနိုင်ရမှာ။ 

အဲဒီအချိန်ကျရင် ငါရှိပါ့ဦးမလား
မင်းရောရှိပါဦးမလား
မသေချာဘူး
မင်းဖြစ်ဖြစ်
ငါဖြစ်ဖြစ်
ဘယ်သူဖြစ်ဖြစ်
ကျန်နေတဲ့သူတွေအိမ်ပြန်ကြမယ်လေ
အိမ်မှာ မိဘတွေစောင့်နေတယ်
သားသမီးတွေစောင့်နေတယ်
မောင်နှမတွေစောင့်နေတယ်။ 

ငါတို့အိမ်ရောက်အောင်ပြန်ကြရမှာ။ 

အဲဒီနေ့ရောက်လာရင်
အိမ်ကိုတန်းပြန်မယ်
မတွေ့တာကြာတဲ့မိသားစုတွေနဲ့တွေ့ကြမယ်
ဖက်ပြီးငိုချင်လည်းငိုမယ်
ပြီးရင် မသောက်ရမစားရကြာပြီဖြစ်တဲ့ 
ဆိုင်ဖျော်လက်ဖက်ရည်နဲ့ ပေါက်ဆီအဝသွားစားမယ်
နှစ်နဲ့ချီပြီးမညှပ်ခဲ့ရတဲ့
ဂျီးအထပ်ထပ်ဖြစ်နေတဲ့ဆံပင်ရှည်တွေကို
ဆိုင်မှာသွားညှပ်မယ် လျှော်မယ်
အဝတ်အစားအသစ်တွေဝတ်ပြီး
အဝေးကနေ နေ့တိုင်းလွမ်းခဲ့ရတဲ့ရည်းစားနဲ့သွားတွေ့မယ်။ 
နောက်ပြီးရင်စစ်ကိုင်း၊ ကရင်၊ ကရင်နီ၊ ချင်း၊ ကချင်စတဲ့သူရဲကောင်းဒေသတွေကိုအလည်အပတ်ခရီးသွားမယ်။ 

သေချာတယ်
အဲဒီမနက်ဖြန်
ငါတို့အိမ်ပြန်ရမယ့်မနက်ဖြန်က
ရောက်လာတော့မှာ။

စောသျှီ

Monday, May 30, 2022

"ရင့်ကျက်လာပြီဆိုရင် သူ့အလိုလိုဖြစ်လာတဲ့ စိတ်ခံစားမှု"



 "ရင့်ကျက်လာပြီဆိုရင် သူ့အလိုလိုဖြစ်လာတဲ့ စိတ်ခံစားမှု"


၁။ အရေးကြီးတဲ့လူတွေဂရုတစိုက်ဆက်ဆံဖြစ်တယ်၊

များများနားထောင်တတ်လာတယ်


၂။ ကိစ္စအားလုံးကိုမသိရလည်း အရေးမကြီးဘူးဆိုတာ နားလည်လာတယ်


၃။ ကိုယ်ဖြစ်ချင်တာကိုထုတ်ပြောမှရမယ်၊ မဟုတ်ရင် ဘယ်သူမှအလိုလိုသိလာမှာမဟုတ်ဘူးသဘောပေါက်လာတယ် 


၄။ ဆင်ခြေတွေရှာနေမယ့်အစား ပြဿနာကိုဖြေရှင်းဖို့ပဲလုပ်တယ်


၅။ ကိုယ့်ကိုယ်ကိုပိုချစ်လာတယ်၊ ဘယ်သူ့ကြောင့်မှ ကိုယ့်ကိုယ်ကို အထိခိုက်မခံဘူး 


၆။ အရေးကြုံရင် ကိုယ့်နားမှာအမြဲရှိနေပေးတဲ့ မိတ်ဆွေတွေကို တန်ဖိုးထားတယ်


San Zuren 🌸

KNOW YOURSELF


 KNOW YOURSELF


ကိုယ့်အကြောင်းကိုယ်သိအောင် စူးစမ်းတာနဲ့ တခြားလူတွေအကြောင်း သိအောင် စူးစမ်းတာဟာ လူ့ဘဝထဲ တစ်လှည့်တစ်ပြန် ဖြစ်ပျက်နေတယ်

အများစုက တခြားလူတွေ အကြောင်း စူးစမ်းရာမှာ နစ်ဝင်နေတတ်ကြပါတယ်


"ဘဝအဓိပ္ပာယ်ရှာဖွေခြင်းဖြစ်စဥ်မှာ ကိုယ့်အကြောင်း ကိုယ်သိရမယ့်အရေးဟာ လေးနက်တဲ့သိမှုဖြစ်တယ် "


လူအများစုဟာ မသိမှုမှာ မွေ့လျော်နေတယ်

အများနဲ့ ရောယောင်ပြီး ပေါချောင်နေတယ်

ကိုယ် စိတ်ဝင်စားတာတွေက ကိုယ့်ဘဝကို ပြဋ္ဌာန်းပါတယ်

စိတ်ဟာ မတည်ငြိမ်ဘဲ လွင့်စင်လွယ်တဲ့အရာမို့ စိတ်ထိန်းရတာ ခက်ပါတယ်


အငြိမ်မနေတတ်တဲ့စိတ်က ဝင်လို့ရတဲ့ နေရာတိုင်း ဝင်စားတာကြောင့် စိတ်ဝင်စားမှု ပြန့်ကြဲနေသူတွေ များတယ်

စိတ်ဝင်စားတဲ့အရာတွေ များရင် စိတ်တည်ငြိမ်မှုနည်းလာတယ်

တည်ငြိမ်မှုနည်းရင် တစ်ခုသောအရာအပေါ် လေးနက်ဖို့၊ အတွင်းကျကျ သိဖို့နဲ့ မြှုပ်နှံ့ထားဖို့ မလွယ်ဘူး


ကိုယ့်စိတ်ကို လေ့လာပါ သုံးသပ်ပါ ဆင်ခြင်ပါ  


လူ့ဘဝသက်တမ်းတိုတိုလေးရဲ့ ရှင်သန်ခြင်းဖြစ်စဉ်မှာ ဘ၀ခရီးလမ်းကို အကောင်းအဆိုး ဝေဖန်ခွဲခြားတတ်အောင် ကိုယ့်စိတ်ကို အမြဲ ရှာဖွေသုံးသပ် နေထိုင်ရပါမယ်


San Zuren 🌸


" နောက်ဆုံးတိုက်ပွဲ "



 " နောက်ဆုံးတိုက်ပွဲ "


အမေ ဒေါ်အောင်ဆန်းစုကြည် ဟာ 

အသက် ၇၅ နှစ် ရှိနေပါပြီ


ဒီတကြိမ်မှာမှ ပြည်သူက ရအောင်

ပြန်မလုနိုင်ရင် ကျနော်တို့ သူ့ကို 

ဒီတသက်ပြန်ရမှာ မဟုတ်တော့ဘူး


ဒါနောက်ဆုံးတိုက်ပွဲပါ


San Zuren 🌸

အဆင့်အတန်း


 

အဆင့်အတန်း


လူ့ အဆင့်အတန်းဆိုတာ

သူ့မှာရှိတဲ့ 

ငွေကြေးဥစ္စာတွေကို

ကြည့်ပြီး ဆုံးဖြတ်တာ မဟုတ်ဘူး


သူ့မှာရှိတဲ့

ကိုယ်ကျင့်စာရိတ္တကို

ကြည့်ပြီး ဆုံးဖြတ်ရတယ်


San Zuren 🌸

သစ္စာရှင်ကတိ




သစ္စာရှင်ကတိ


" အမှန်တရား " ကို မြတ်နိုးသူတိုင်း

ကျွန်မကို မမုန်းစေရဘူးဆိုတဲ့

               ကတိကိုတော့

ကျွန်မအနေနဲ့ ရဲရဲကြီး ပေးနိုင်တယ်


San Zuren 🌸


အချိန်တန်



 

အချိန်တန်


အချိန်တန် 

သူဟာသူ သွားပါလိမ့်မယ်

အချိန်တန် 

သူဟာသူ ပြီးသွားပါလိမ့်မယ်



ဒီလိုစိတ်ဓါတ်မျိုး

ဗိုလ်ချုပ်မှာသာ ရှိခဲ့ရင်

ငါတို့နိုင်ငံ 

လွတ်လပ်ရေးတောင်

ရခဲ့မှာ မဟုတ်ဘူး...🤔


San Zuren 🌸


ဒီမိုကရေစီ



 ဒီမိုကရေစီ


ဒီမိုကရေစီရဲ့ အနှစ်သာရကို

ကောင်းကောင်းနားလည်

ကောင်းကောင်းတန်ဖိုးထား

ကောင်းကောင်းကျင့်သုံးကြတဲ့

နိုင်ငံသားတွေလက်ထဲမှာမှပဲ

ဒီမိုကရေစီကို

ထိန်းသိမ်းထားလို့ရတယ်

ဖွံ့ဖြိုးရှင်သန်အောင်လုပ်လို့ရတယ်...


Democracy can be sustained and developed only by people

who understand its essence.


San Zuren 🌸

စွမ်းရည်


 စွမ်းရည်


စွမ်းရည်မြင့်တဲ့ခေါင်းဆောင်ဆိုတာ

နိုင်ငံတစ်ခုအတွက် တန်ဖိုးဖြတ်လို့

မရတဲ့ ဆုလာဘ်ပဲ...


အတ္တကြီးတဲ့ ခေါင်းဆောင်

ဆိုရင်တော့ နာကျည်းစရာ

ကျိန်စာဆိုး ...


San Zuren 🌸



အခွင့်အရေး


 

အခွင့်အရေး


အခွင့်အရေးဆိုတာ သူ့အလိုလိုပေါ်မလာတတ်ဘူး

လုပ်နိုင်ခွင့်ဆိုတာလည်း ရှေ့မှာ ရောက်မလာတတ်ဘူး

ထိုင်စောင့်နေမယ့်အစား ကိုယ်တိုင် ဖန်တီးလိုက်မှရတယ်


တိုးတက်‌ အောင်မြင်နိုင်မယ့်

နည်းလမ်းတွေကို အမြဲစဥ်းစားနေပါ

အချိန်က လူကို မစောင့်ပါဘူး


အခွင့်ရေးကို ထိုင်စောင့် မနေပါနဲ့

အခွင့်ရေးကို ကိုယ်တိုင်ဖန်တီးမှသာ ပိုမို‌အောင်မြင်တဲ့ ရလဒ်ကို ရရှိနိုင်မှာပါ


အဖြစ်အပျက်တွေနဲ့ ချိန်ထိုးပြီး ကြိုတွေး 

ကြိုမြင် ကြိုတင်လုပ်စရာရှိတာကို ခပ်သွက်သွက်လုပ်ကြပါ 


နောက်ကျလို့မဖြစ်ဘူး 

ကိုယ်တိုင် လုပ်ယူရပါလိမ့်မယ်


San Zuren 🌸


တိတ်ဆိတ်‌မှုရဲ့ နောက်ကွယ်



 တိတ်ဆိတ်‌မှုရဲ့ နောက်ကွယ်


              ပြောစရာစကားတွေ 

            အများကြီး ရှိပေမဲ့လဲ

ပြောနိုင်တဲ့ အင်အားတွေ မဲ့သွားတဲ့အခါ

 ဘာစကားမှ မပြောပဲ နေတတ် တယ်


                 ပြောချင်တဲ့

   အကြောင်းအရာတွေ ရှိပေမဲ့လဲ

 ကိုယ်ပြောလဲ အရာမထင်တဲ့အခါ

       ပါးစပ်ပိတ်ပီး နေတတ်တယ်


     တိတ်ဆိတ်နေခြင်းတိုင်းဟာ

  ဝန်ခံခြင်း သက်သက် မဟုတ်ဘူး

ကမ်းမဲ့လှေ

 ကမ်းမဲ့လှေ


ပင်လယ်ရဲ့တစ်နေရာမှာ

ကမ်းပျောက်နေတဲ့လှေတစ်စင်းလို

ဘဝပင်လယ်ရဲ့တစ်နေရာမှာ

အနာဂတ်ပျောက်နေတဲ့ကျွန်တော်

ငါ့မှာလှော်တက်တွေရှိသေးတယ်ဆိုတဲ့အသိနဲ့

အားတင်းလှော်ခတ်ရင်း....

ကမ်းတစ်ဖက်မှာမေတ္တာအပြုံးနဲ့

ဆီးကြိုနေမယ့်အမေ့ကို..

မြင်ယောင်ပြီး တရွေ့ရွေ့နဲ့

ခရီးဆက်ပါတော့မယ်......


ThaeNu



" ပေး ဆပ် သူ တို့ ဆန္ဒ များ 🍁 "

 " ပေး ဆပ် သူ တို့ ဆန္ဒ များ 🍁 "


ရွက် သစ် က လေး တွေ ဝေ ပြ ဖို့ အ တွက်...


ငါ တို့ လို ရွက် ဟောင်း တွေ က ...


ကြွေ ပေး ရ တာ ဓ မ္မ တာ ပါ...  


ပု ရစ် ဖူး တွေ ဝေ မယ့် 


နောင် နွေ ဦး အ လှ က ...


ဒီ နွေ ဦး ထက် ပို ခမ်း နား မှာ ပါ ...


San Zuren 🌸

နိုင်ငံ



 နိုင်ငံ


အမှန်တရားတွေ မရှိတော့တဲ့ နိုင်ငံ


အမုန်းတရားတွေ ပွားများလာတဲ့ နိုင်ငံ


အလှူအဒါန်းတွေ ရှားပေးသွားတဲ့ နိုင်ငံ


လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ နိုင်ငံ


တစ်ရက်ပီးတစ်ရက်

အသက်တွေ သေဆုံးကုန်တဲ့ နိုင်ငံ


ဘက်ပေါင်းစုံ သေဆုံးနေတဲ့


ဒီနိုင်ငံမှာ အရှုံးပေးဖို့ နည်းမျိုးစုံနဲ့

ဖိအားပေးနေကြပေမဲ့ ...


ငါတို့ လုပ်နိုင်တယ်ဆိုတဲ့

အတွေးနဲ့တင် အားတက်‌နေဆဲ ရှေ့ဆက်မြဲ...



San Zuren 🌸

သတိပြုရမယ့်ဗျူဟာသစ်



 သတိပြုရမယ့်ဗျူဟာသစ်

------------------------------------


ခုရက်ပိုင်း စကစရွှေ့တဲ့အကွက်တစ်ခုက တော်တော်ယုတ်မာတယ်


စစ်ကြောင်းထိုးတဲ့အခါ ပြည်သူပုံစံအသွင်ယူပြီး အလစ်ဝင်တွယ်တဲ့ ဗျူဟာ...


ခင်ဦးမြို့နယ်ထဲက ကျေးရွာ‌တွေမှာ ပီဒက်အသွင်ဝတ်စားပြီး ရွာထဲဝင်ပစ်တယ်

အရာတော်မြို့နယ်ထဲက ကျေးရွာတွေမှာ NLDအင်္ကျီဝတ်လာပြီး အလစ်ဝင်စီးတယ်


အဲဒီတော့

ပြည်သူ့တပ်ဖွဲ့ဝင်များအနေနဲ့

ဒေသတွင်း ကိုယ့်လူအချင်းချင်းစုစည်းကြပါ


အဖွဲ့စိမ်းဝင်ရောက်မှုကို သိစေမယ့် စနစ်တွေထူထောင်ကြပါ(စကားဝှက်စနစ်၊ ကုတ်စနစ် စသဖြင့်)


ကင်းတို၊ကင်းရှည်စတဲ့ ကင်းစောင့်၊ သတင်းပေး ထားဖို့ မပျင်းကြပါနဲ့


ရန်သူ့ဗျူဟာသစ်ကို သတိပြုမိစေဖို့ပါ


San Zuren 🌸


အပြောင်းအလဲကာလ


 

အပြောင်းအလဲကာလ

----------------------------


ယနေ့ချိန်ခါမှာ

မြန်မာပြည်သူ ပြည်သားများ 

အထူးကြုံတွေ့နေကြရတာကတော့ 

အပြောင်းအလဲ(change) ဆိုတဲ့ 

ကိစ္စကြီးပဲ ဖြစ်တယ်


တည်ငြိမ်အေးချမ်းမှုကိုလိုလားတဲ့

ပြည်သူတွေမှာ အာဏာရူးကြောင့် 

အကုန်ကစဉ့်ကလျားဖြစ်ရတယ်


ဒီလိုအခြေအနေတွေမှာ 

အပြောင်းအလဲကို မကြောက်တတ်မှ 

ရပ်တည်နိုင်ပါလိမ့်မယ်


အပြောင်းအလဲ ကိုယ်တိုင်က 

ဘဝ ဖြစ်လာတယ်လို့ ခံယူပါ


အသစ် အသစ်တွေကို အလိုက်သင့် 

လက်ခံနိုင်အောင် ပြင်ဆင်ပါ


ဖြစ်ပေါ်လာတဲ့ အခြေအနေသစ်နဲ့အညီ 

ကိုယ့်ရဲ့ life style ကို change နိုင်အောင်

ကျင့်ကြပါ


အပြောင်းအလဲတွေဟာ

အခက်အခဲတွေနဲ့အတူ အခွင့်အလမ်း

သစ်တွေကိုပါ ယူဆောင်လာစမြဲပါ


မိမိက အခက်အခဲတွေထဲမှာပဲ 

ပိတ်မိမနေဘဲ အခွင့်အလမ်းသစ်တွေကို

မြင်အောင်ကြည့်ပြီး မိအောင်ဖမ်းနိုင်ဖို့သာ

လိုတာပါ


ပြောင်း ရမှာမကြောက်ကြနဲ့

အဟောင်းကို စွန့်ရလည်း ရဲရဲ စွန့်

ပြောင်း ပြီး ကောင်းအောင်လုပ်ကြပါစို့...


San Zuren 🌸

ချစ်ခြင်းမေတ္တာ


 

ချစ်ခြင်းမေတ္တာ

----------------------


ဆိုးရွား ခါးသီးလွန်းတဲ့

 နာရီတွေကြား


ငါတို့ချင်း ... 

တစ်ယောက်ကိုတစ်​ယောက်

 ပေးနိုင်တဲ့အရာတွေထဲ


`ချစ်ခြင်းမေတ္တာ´ ဟာ

 တန်ဖိုးအကြီးဆုံးပါပဲ


San Zuren 🌸


Friday, May 27, 2022



ကျွန်တော်ဟာဒီလိုကောင်

ငါဟာခေါင်းမာတယ်ဂျစ်ကန်ကန်တယ်
အရစ်ရှည်တယ် စပ်စုတယ် တုံးအတယ်
လူတွေနဲ့အမြဲပြောင်းပြန်ဆန့်ကျင့်တဲ့ဘက်

လူဖြစ်လာတာကကံကောင်းလွန်းတယ်လို့
လူအဖွဲ့အစည်းကသတ်မှတ်ထားတာကို
လူဖြစ်လာတာကငရဲဘဲဆိုပြီး
ငါဟာအတ္တကြီးစွာထင်နေတယ်

နိဗ္ဗာန်ဟာအေးချမ်းတယ်ဆိုတာကိုသိရက်နဲ့
နိဗ္ဗာန်ကိုဖြိုလို့ရမလားတွေးနေတဲ့ကောင်
ငါဟာကံကံ၏အကျိုးကိုယုံကြည်ပါတယ်
ဒါပေမယ့် အဲ့ဒီယုံကြည်မှုကိုဘဲ
သံသယစိတ်များပြီးမယုံကြည်နေတာ

ကြိုးစားရင်ဘာမဆိုဖြစ်ပါတယ်ဆိုတာကို
အရှေ့မှာဒီလောက်ပညာရှင်ပေါင်းများစွာက
သက်သေပြထားတာတောင် 
အဲ့ဒီကြိုးစားတာကို အရှုံးပေးချင်နေတာ

ကမ္ဘာကြီးကသတ်မှတ်ထားတဲ့
စည်းတွေ ဘောင်တွေကို
ကိုယ်တိုင် လက်ခံပေမယ့် 
အဲ့ဟာတွေကြားထဲမှာကိုမနေချင်တဲ့ကောင်

လွတ်လပ်မှုဆိုတာကို
ငှက်မွေးလို ပေါ့ပေါ့ပါးပါး
လွတ်လွတ်လပ်လပ် ခံစားချင်နေတဲ့ကောင်  
ငြိမ်းချမ်းရေးကို
စစ်တိုက်ပြီးယူချင်နေတဲ့ကောင်

လူတွေကိုတတ်နိုင်သလောက်ကူညီတယ်
မတရားမှုကိုတရားစေချင်တယ်
မေတ္တာတရားကိုရင်မှာပိုးထားတယ်
ထူးဆန်းတဲ့ကဗျာတွေရေးတယ်
ကော်ဖီကိုနှစ်ခြိုက်တယ်
စီးကရက်ကိုစွဲလန်းတယ်
ပန်းတွေကိုမြတ်နိုးတယ်

နေကြာတွေကိုချစ်တဲ့အမျိုးသမီးလေးကို
ရူးရူးမူးမူးချစ်တယ် နောက်ပြီး
ကျွန်တော်ဟာအမြဲကွဲထွက်နေတဲ့ကောင်
တစ်နည်းအားဖြင့် ဆန့်ကျင်ရေးသမား
တစ်ခွန်းတည်းပြောရရင်
သေခြင်းတရားကိုသေစေချင်နေတဲ့ကောင်

-ကျွန်တော်


သတိ
---------

တော်လှန်ရေးမှာ 

ကြွားဝါချင်သူ

ပါလေရာ လုပ်ချင်သူ

ကိုယ်သိ ကိုယ်တတ်လုပ်ချင်သူ

သတင်းဦး သတင်းထူး ဖြန့်ချင်သူ

အဲဒီလူတွေဟာ ဒလံလို အန္တရယ် ရှိတယ်

အထူးသတိထားကြပါ 


San Zuren 🌸

Friday, May 20, 2022


ဘူးသီး သီးမှ အရီးလာ မတော်ချင်နဲ့



မြက်ပေါင်း ရှင်းလင်း
ပိုးမွှားကင်းအောင် ပျိုးထောင်ကူရင်း
အသီး သီးလို့ ရလာတဲ့အခါ
သင့်အတွက် ဟင်းတစ်ခွက်စာ
ညီတူ ညီမျှ ​စုပေါင်း ခွဲဝေဖို့ရာ  
ကျနော်တို့ အားလုံး အသင့်ပါပဲ...။

လုပ်အားလည်း မကူ
ပေါင်းရှင်းတဲ့အခါ သူ မပါဘဲ
ဘူးသီး သီးချိန်မှ ပေါ်လာဆဲ
လိုချင်ဇော များ တကဲကဲ တက်ကာ
ဆွေမျိုးရင်းချာ ငါဟာ အရီးပါ လို့
သွေးသား လာ တော်စပ်ပြတဲ့ အခါ
ပေါင်းရှင်းတဲ့ လက်တွေဟာ
အကြိမ်ကြိမ် အခါခါ စိတ်နာသွားခဲ့ပြီပေါ့...။

# သျှမ်း


ဒီအချိန်ပေါ့....

အရွက်ဟောင်းတွေ ကြွေ 
မျိုးစေ့သစ်တွေ စပျိုး ပေါက်ဖွားဖို့
အားယူ ရှင်သက်လာတဲ့အချိန်
စိုပြေ စိမ်းလန်းစွာ ရွှင်လန်းတဲ့အချိန်
ကျောင်းတက် ခေါင်းလောင်းအသံတွေ
တစာစာ မြည်ဟိန်း လာတော့မယ့်အချိန်
ဒီအချိန်ပေါ့......
ကလေးတွေရဲ့ ပျော်စရာအခိုက်အတန့်
မိုးရေထဲ ဆော့ကစားရင်း ပျံ့နှံ့ခဲ့တဲ့ အချိန်ပေါ့။

အခုများတော့
လူငယ်တွေလည်း ကြွေ
မှောင်မိုက်ဆုံးအချိန်ကို ပြည်သူတွေ
ကျော်လွှားဖြတ်ကျော် နေရတဲ့ အချိန်
ခေတ်သစ်တစ်ခု စပျိုးဖို့ လူငယ်တွေ
အနာဂါတ်ရင်းပြီး တော်လှန်နေတဲ့အချိန်
ခေါင်းလောင်းအသံတွေ အစား
ဗုံးအသံတွေ တစာစာ ကြားနေရတဲ့ အချိန်
ဒီအချိန် ပေါ့....
ပြည်သူ့ မျက်ရည်တွေ မိုးရေနဲ့အတူ
မိုးထဲလေထဲ လွှင့်စင် နေတဲ့ အချိန်...။

# သျှမ်း

Thursday, May 19, 2022



Farewell

ဟေး ဟိုး‌အဝေးက ယူနီဖောင်းနဲ့ရဲဘော်
ဘယ်တုန်းဗျ

အမေ့အိမ်ပြန်မယ်ဗျာ
အမေ့အိမ်ချက် ငါးဟင်းကြီး မုန်းလိုက်တာလို ပြောလိုက်ချင်ပြီ
ခြံဝက မျှော်နေမယ့် ပါပီလေးတွေကို သွားပွတ်သပ်ကြည့်ချင်ပြီ
စိတ်ကောက်နေတာ တစ်နှစ်လောက်ရှိတော့မယ့် ရည်းစားကိုလည်းချော့ချင်ပြီ
မျက်မှန်ကြီးနဲ့ သတင်းစာဖတ်နေမယ့် အဖေ့ဆီကလည်း မုန့်ဖိုးတောင်းချင်ပြီ
ညနေဆို ထွက်ထွက်ဆော့နေတတ်တဲ့ လမ်းထဲက ကလေးတွေကို
ဆေးလိပ်တဖွာဖွာနဲ့ ငေးကြည့်ချင်မိပြီ
ညနေဆည်းဆာဆိုတာ တောထဲကနဲ့ အိမ်ကနဲ့ ဘယ်ဟာပိုလှလဲ နှိင်းယဉ်ကြည့်မယ်
ကြုံခဲ့ရသမျှ စွန့်စားခန်းလှလှပပတွေကို
တပြုံးပြုံးနဲ့ နားထောင်မယ့် ညီမတွေအသံကြားချင်ပြီ
ဟော မိုးတွေရွှာလာရင် ရတတ်တဲ့ ကတ္တရာလမ်းရနံ့လည်း မေ့တေ့တေ့ပဲ
အရင်က ကလောင်တံပဲ ကိုင်တဲ့လက်တောင် အသားမာတွေတက်လိုပဲ
သတိအနေအထားကြီးမပါပဲ လက်ဖက်ရည်ကို ဇိမ်နဲ့သောက်ကြည့်ပါဦးမှ
သင်္ကြန်ကျပြန်တော့လည်း ရေပက်ခံထွက်ပစ်ရမယ်
သီတင်းကျွတ်ပြန်တော့လည်း တစ်နှစ်လုံး အကုသိုလ်ကောင်လေးလုပ်ထားတာကနေ တစ်ရက်လောက် ကုသိုလ်စိတ်မွေးကြည့်ဖြစ်ဦးမယ်

အယ်...ဒါတွေ တစ်ခုမှ ပြန်မရတော့ဘူး
ငါ့နှလုံးသားကို ကျည်တစ်တောင့် ထိုးစိုက်သွားပြီ
အံမယ် ငါ့သွေးငါမြင်တော့ ကြောက်တယ်ထင်သလား
ဟားဟားဟား
Gen Zရဲ့ Smartဖြစ်တဲ့ အသွေးအသားတွေက ရဲနေတာပဲဗျာ

ဟေး ဟိုးအဝေးက ယူနီဖောင်းနဲ့ရဲဘော်
နှုတ်ဆက်ခဲ့ပါတယ်ဗျာ

#Tommy
(ကျဆုံးသူရဲကောင်းများအား အလေးပြုပါသည်)

မြို့ပြရဲ့မီးရောင်များအောက်
မရှိမဲ့ရှိမဲ့ ကဗျာတွေအကြောင်းရေးစပ်သီကုံး
အတွေးတွေက ဟိုတစ်စဒီတစ်စ
အိပ်မက်တွေရဲ့အနားသတ်မျဥ်းတွေက
ထောင့်မတ်ကျနိုင်ပါ့မလား

နယူတန်ရဲ့ကမ္ဘာတွင်စကားကို
ဘဝမှာအတည်မှတ်ပြီး ပေးဆပ်ခဲ့ပြန်
ဟိုလူဒီလူတွေရဲ့သတ်မှတ်ချက်တွေကို
စည်းကမ်းတစ်ခုလိုမှားမှတ်နေခဲ့

ပူရှိန်းနဲ့စီးကရက်ဟာလိုက်ဖက်တယ်ထင်
အနက်ရောင်ယဥ်ကျေးမှုဟာ
ကမ္ဘာကြီးရဲ့ရိုးရာဖြစ်နိုင်လား
ဦးဘညွှန့်ရဲ့ချစ်ဒုက္ခလို ချစ်မိလိုက်ချင်

ကျွန်တော်ဟာ 
ဆံပင်ရှည်သလိုလျှာရှည်တယ် 
စပ်စုတယ် တုံးအတယ်
လူငယ်ဖြစ်တဲ့လျောက် လူငယ်ပီပီ 
ဂျစ်ကန်ကန်မေးချင်ပါတယ်
ဟစ်တလာသာရဟန်းကျင့်ကြံခဲ့ရင်
ကမ္ဘာတစ်မျိုးပြောင်းသွားနိုင်လား

-ကျွန်တော်


ကျွန်တော်နှင့်ပေါကြောင်ကြောင်စာစုများ ၂

မေ့လွယ်ပျောက်လွယ် ခေတ်ပေါ်ကမ္ဘာထဲ
လူတွေဟာ အစွန်းဖျားရပ်နေကြတယ်
ရေမရောတဲ့အချစ်တွေ ရှားပါးနေပြီ
ကော်ဖီတွေဟာ အေးစက်တာ မြန်လာတယ်
သဘာဝကသဘာဝကိုလိုက်ရှာနေရတယ်
ကဗျာတွေဟာ အချည်အနှောင်တွေနဲ့
တစ်နေ့နဲ့တစ်နေ့က ခဏလေးရယ်
တစ်ခါတစ်လေ ရှင်သန်နေရတာ 
အကြောင်းအရင်းမရှိသလို
ချစ်ရသော နွေရေ မင်းရော ကိုယ်ရော 
လူတွေအားလုံးရောတောင့်တကြတာက
သံစဥ်တွေနဲ့ရစ်ပတ်ပြီး
မေတ္တာတရားတွေသီကျူးထားတဲ့
တစ်ကမ္ဘာဘဲမဟုတ်လား

-ကျွန်တော်

Tuesday, May 17, 2022



ရှင်သန်ပါ တော်လှန်ပါ
---------------------------------

တော်လှန်ရေးမှာ
ပြည်သူဟာ Level 3 ကို ရောက်နေပြီ

Level 1 - စီးပွားရေးလုပ်ငန်းများရပ်တန့်ခြင်း

Level 2 - ပိုင်ဆိုင်မှုများထုတ်ရောင်းချရခြင်း

Level 3 - အထွေထွေခြိမ်းခြောက်မှုများရင်ဆိုင်ရခြင်း

ယခုအခြေအနေဟာ level 3 ကာလပါ
ဒီအခြေအနေကို မဖြေရှင်းနိုင်ရင်
Level 4 ကို ရောက်လာနိုင်မယ်

Level 4 - မှာတော့
မိမိစားဝတ်နေရေးနဲ့  ရှင်သန်ရပ်တည်ရေးအတွက် လူ၊ လူချင်း အထိန်းအကွပ်မဲ့စွာ နင်းချေခြင်း

ဒါကြောင့် Level 4 ကို ဦးတည်နေတဲ့ အနေအထားမှာ
ပြည်သူများအနေနဲ့ ရပ်တည်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို မှန်မှန်ကန်ကန် ချမှတ်နိုင်အောင် ကူညီကြပါ

ခုအောင်တော့မှာလိုလို
မနက်ဖြန်အောင်တော့မှာလိုလို 
False Hope တွေက ပြည်သူများ
ရှင်သန်ရပ်တည်ရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာမှာလမ်းကြောင်းလွဲသွား စေနိုင်ပါတယ်

တော်လှန်ရေးဟာ ကြာရှည်နိုင်ပါတယ်
ပြည်သူများအနေနဲ့ ရေရှည်တောင့်ခံ
ရပ်တည်နိုင်ဖို့ အမျှော်အမြင်ရှိရှိ ‌စဉ်းစားဆုံးဖြတ်ပါဝင်ကြပါ

တော်လှန်ရေးဘက်သားများကတော့ မဆုတ်မနစ်တဲ့ 'ဇွဲ' နဲ့ အဆုံးထိ တိုက်ကြပါလိမ့်မယ်

အလေးအနက် တိုက်တွန်းလိုတာကတော့
နံပါတ် 1   👉👉👉   ရှင်သန်ပါ
နံပါတ် 2   👉👉👉  တော်လှန်ပါ



San Zuren 🌸


မွန်းကြပ်ခြင်း စက္ကန့်များ

ကော်ဖီခွက်တွေမရှိတဲ့အိမ်မှာ ငါမနေလိုဘူး
ဗလာသက်သက် စကားလုံးများကိုပြောတဲ့သူတွေအသံ ငါမကြားလိုဘူး
အရောင်မရှိတဲ့ ပန်းချီကားနဲ့အပြုံးတွေပန်ဆင်သူတွေ စိုက်တဲ့ပန်းအနံ့ ငါမမွှေးလိုဘူး

ကတ္တရာလမ်းပေါ်လျှောက်လိုက်ရင်း
ဖွာလိုက်တဲ့ စီးကရက်ပြာတွေမှာ
ငါ့ကဗျာတွေပြုတ်ကျသွားမှာစိုးလို

မျောချလိုက်တဲ့ အရက်နဲ့အတူ
အမှတ်တရတွေအစာကြေသွားမှာစိုးလို

ရေးပြီးရင်းရေးနေတဲ့ ဘောပင်မှာ
မင်ကုန်သွားမှာစိုးလို

ဖိစီးနေတဲ့ ကြောက်စိတ်ကို
တိုးတိုးလေးထွက်လာတဲ့ တေးသံက ရပ်တန့်သွားမှာစိုးလို

လူမပီသတော့ဘူးဆိုရင်
ဘာဆက်လုပ်ကြရပါ့မလဲ

ဪ...ကမ္ဘာကြီးက စီရင်ချက်ချပါမယ်

ဆန်
ကုန်
မြေ
လေး

မွန်းကြပ်သော ထိုစက္ကန့်လေးတွေ

ကျွန်တော်အိမ်ပြန်ချင်တယ် အမေ

#Tommy

Friday, May 13, 2022



စကားလုံးမရှိ
------------------

နင့်ကနဲ ခံစားလိုက်ရတဲ့
စာနာစိတ်အတွက် ... 
ရေးပြစရာ စကားလုံးမရှိ.... 😔


San Zuren 🌸


အမေ လူများ မှားနေလိမ့်မလား


အများအမြင် ဆေးလိပ် တစ်ဖွာ
ကျနော်မှာတော့ လွမ်းစိတ် ပါ
ထည့်သွင်းပြီး ရှိုက်ကာ ထုတ်
မွေးရပ်မြေ အလည်တစ်ခေါက် 
ရောက်လို ရောက်ငြား
အားလပ်ချိန် စိတ်လက်ပေါ့ပါး အောင်
သောက်ဖြစ်သွားတာပါ အမေ...။

အမေကတော့ မှာရှာပါတယ်
အဆုတ်ကင်ဆာ ဝေဒနာ
အဖျားရောဂါ မဖြစ်စေဘဲ
ရန်သူကို အာရုံအမြဲ စိုက်ပါ သားလေးရေတဲ့...
မွေးအမေ စကား သားမမေ့
အောင်ပွဲရ ပြန်လာတဲ့ တစ်နေ့
အမေ့ကို သား လာတွေ့ ရင်
မှုတ်ဆိတ်မွေး ဗရပွ
လူကြမ်းကြီး ပမာ အမေ့သားကို
အမေ လူများ မှားနေလိမ့် မလားပေါ့.....။

# သျှမ်း


"လိပ်ပြာ"

ပတ်ဝန်းကျင်ကို
ဂရုမစိုက်သလိုနေနိုင်ဖို့ 
Dark sideထဲထည့်လိုက်ရတဲ့
အမှန်တရားတွေကမှ အများကြီး
လူတွေအားလုံးက
 ကိုယ့်အကြောင်းနဲ့ကိုယ်ပဲဆိုတော့
အမှားတရံတွေအတွက်လည်း
ထွေထွေထူးထူး ခံစားမနေတော့ဘူး
အချင်းချင်းမှာလည်း
ဒဏ်ရာချင်းအတူတူ 
ဘယ်သူပိုနာကျင်လဲ 
​ပြိုင်မနေချင်တော့ဘူး
မြေလှန်တာချင်းအတူတူ
ဘယ်နေရာပိုနက်လဲ
နှိုင်းမနေတော့ဘူး
ပြာကျတာချင်းအတူတူ
ဘယ်အရပ်ကပိုများလဲ
ယှဥ်မနေချင်တော့ဘူး
ရင်ဘတ်ထဲက ဆူးကို
ကိုင်မထားရင်း
အသက်ကို 
ဖြည်းဖြည်းရှူကြရမယ်မဟုတ်လား
သန်မာတဲ့လူက
မတ်တပ်ရပ်နိုင်မယ်
ယုတ်မာတဲ့လူက
ဒဏ်ခတ်ခံရမယ်
ကမ္ဘာကလည်းလည်တယ်
သံသရာကလည်းလည်တယ်
ငါတို့လည်းလည်ရမယ်
ဘဝထိုထို တက္ကသိုလ် မှာ
လိပ်ပြာလှလှလေး
တစ်ကောင်လောက်က 
ကိုယ့်ဘေးအနားလာဝဲပျံနေရင်ပဲ ဟုတ်လှနေပါပြီမှတ်ယူရမယ်
လိပ်ပြာလေးဝဲပြီးပြန်လာဖို့
ငါတို့တတွေ
လည်လည်ဝယ်ဝယ်နဲ့
နေရာလေးသန့်ရမယ်လေ —

Sêcrêt Pâl

အမေ့သားကြီး ညာရှာတယ်

အစားအသောက်ဆို ကြေးများ
အသားအငါးမှ စားတတ်တဲ့ ငါ့သား
တောခို ကာ တိုက်ပွဲဝင်ချိန်
ငါးနီတူ ကြော်နဲ့ ပဲဟင်းအရည်စိမ်
ရေနွေးပူပူ သောက်နေရ လည်း
အမေ့ဆီ ဖုန်းဆက်ရှာတယ်
သား အဆင်ပြေပါတယ် အမေတဲ့..။

ယင် ခြင် ကိုက်ကာ ယားယံမှာကြောက်
အအေးမိတာ မပျောက်တတ်တဲ့ ငါ့သား
အာဏာရှင်အရှေ့ ဒူးမထောက်
တာလပတ် တစ်ခုအောက် ရောက်နေလဲ
အမေ့သား နေကောင်းဆဲ ပဲ လို့
အမေ့ဆီ စာလေး ပါးရှာတယ်
သား အတွက် စိတ်မပူပါနဲ့ အမေတဲ့.... ။

ဒီအမေ သိရင် ရင်တွေ ကွဲ
ခံစားရတာ နာကျင်နေမှာပဲလို့
အတွေးပူကာ ငါ့သားလေး ဖုံးကွယ်ရှာလည်း
အမေ သိပါတယ် သားလေး ရေ
ဒီမယ် အမေ့သား....
အာဏာရှင်ပေးတဲ့ ကျိန်စာတရား
အဆင်မပြေလည်း ကျော်ကာ လွှား
တိုင်းပြည် အတွက် အားမာန်များနဲ့
ပြည်သူ့မေတ္တာ အလေးထားကာ တိုက်ထုတ်
အာဏာရှင် သူယုတ်မာ တစ်အုပ်
အမြစ်ပြုတ်တဲ့ အချိန် ဒီအမေ
သားကြိုက်တဲ့ အိမ်ချက် လေးတွေ
ယပ်ခပ် ကာ ကျွေးမွေး ပါရစေ...။

# သျှမ်း


မမေ့သင့်သော အမှန်တရား

တော်လှန်ရေးဆိုတာ 
ကိုယ့် အသိနဲ့မှ မဟုတ်ရင် 
ဒွန့်ရှည်တတ်တဲ့ အရာမျိုး မို့
ခဏ ခဏ တိုက်တွန်းနေရသမျှ
ကျွန်စနစ်ဘဝ ရှည်ကြာသွားလိမ့်မယ်။

ကိုယ့်လွတ်လပ်မှု အတွက်
ကိုယ် ကိုယ်တိုင် အားထုတ်ကြ
ငှက်ကလေး ပျံသင်ကာစ လို့
ရဲရင့်မှုကို ဖော်ထုတ်ပြ
စုဖွဲ့မှု နဲ့ အနိုင်ယူ ကြမှ နီးမယ့် ခရီးပါ။

ကိုယ့်အတ္တ ကို မာန်လျော့ကြ
ကိုယ်ချင်းစာတရား ဖော်ထုတ်ပြ
အာဏာရှင်တွေ မချုပ်ငြိမ်းသေးသမျှ
ကိုယ့်အိမ် တံခါးဝ
ဘယ်သော့ခတ်ခတ် မလုံခြုံပါ...။

# သျှမ်း


ကြယ်ကြွေ ည

ရဲဘော်...
နေလိုရာနေ စေလိုရာစေသမျှ
မင်း ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေ
တိုင်းပြည် အပေါ်  ကျေ ခဲ့ပါတယ်လေ
တိုင်းပြည်က လိုတော့လည်း
မင်းဟာ အသက်ကို ရင်းတယ်
မလိုတော့လည်း မင်း 
အတင်းတွယ်ကပ် မနေခဲ့ဘူးရယ်။

အာဏာရှင် စနစ်ဆိုး အောက်
ဒူးမထောက်ဖို့ မင်းပြောခဲ့သမျှ
ငါတို့ ဘယ်အခါမှ မမေ့ ပျောက်ပါ။

ရဲဘော်ရေ....
ဆေးလိပ်တိုတစ်လိပ်  အတူသောက်ဖော်
ဂီတာတစ်လက် နဲ့ အတူပြုံးပျော် ဖူးတဲ့
မြိန်ရာ ဟင်းကောင်း တစ်ခွက်
ငါတို့အတွက် ဆုံးရှုံးခဲ့သလို
တိုင်းပြည် အတွက်တော့ သူရဲကောင်း တစ်လက် 
လမ်းတစ်ဝက် ပျောက်ရှသွားခဲ့လေခြင်း...။


# သျှမ်း

Wednesday, May 11, 2022


လောကငရဲမှာ ဖွင့်ဟချက်

ပူပြင်းလှတဲ့ ရာသီအောက်ဝယ်
လူမသိသူမသိတဲ့ လောကငရဲတစ်ခု
ထပ်ရှိနေ သေးကြောင်း
ကိုယ် မဖွင့်ဟချင်ဘူး မာရီယာ
ဘာလို့ဆို.....
အရာအားလုံး ဟာ သူ့အပူနဲ့ သူမဟုတ်လား

အမှန်တရားဆိုတဲ့ အရာကြောင့်
အမှားလုပ်တဲ့သူတွေ ချတဲ့ ပြစ်ဒဏ်
ခံရတာကိုတော့ ကိုယ့်မှာ အောင့်သက်သက်ရယ်
လောကကြီးမှာ
အနိုင်ရတဲ့သူကသာ မှန်စမြဲဆိုတဲ့အသိ
နှောင်းလူတွေအထိ မရောက်သွားခင်
အမှန်တရားသာ အနိုင်ရစမြဲ ဆိုတာလောက်တော့ သက်သေပြ ချင်တာပါ။

အခွင့်ရရင်တော့ အကုန်လုံးကို
ပြောပြ ချင်ပါသေးတယ်
ဒီတော်လှန်ရေးအတွက်
ကျနော်တို့ဟာ တာဝန်မကျေခဲ့ကြောင်း
လမ်း ခုလတ်တစ်နေရာ ကျကျန်ခဲ့ပေမယ့်
ကျနော်တို့ဟာ တက်စွမ်းသလောက်
ကြိုးစားနေသေး ကြောင်းကိုပေါ့။

# သျှမ်း


REVOLUTION ( Ho Chi Minh)
-----------------------------------------

တော်လှန်ရေးမှာ

မင်းဘာလုပ်နေလဲ 
လူမသိစေနဲ့

မင်းဘယ်ရောက်နေလဲ
လူမသိစေနဲ့

မဖြစ်မြောက်တဲ့
စွမ်းဆောင်ရည်လောက်နဲ့
လူမသိစေနဲ့

ထိရောက်တဲ့ 
စွမ်းဆောင်ရည်လုပ်ပြီး
မင်းကျဆုံးမှ လူသိပါစေ



San Zuren 🌸


ဖတ်ရန်မလိုသော ဝတ္ထု

စစ်တွေအကြောင်းရေးတယ်
သတ်လိုက်
ဖြတ်လိုက်
နှိပ်စက်လိုက်
ဒုက္ခရောက်လိုက်
ငြိမ်းချမ်းရေးအကြောင်းရေးတယ်
မတည်မြဲလိုက်
ပြိုကွဲလိုက်
လူတွေအကြောင်းရေးတယ်…
ငိုလိုက်
ရယ်လိုက်
သေလိုက်
မွေးလိုက်
ချစ်လိုက်
မုန်းလိုက်
ယုတ်မာလိုက်
ဟန်ဆောင်လိုက်
ကောက်ကျစ်လိုက်
စိတ်ကောင်းထားလိုက်
မထားလိုက်
ဖတ်ရန်မလိုသောဝတ္ထုတွေရေးတယ်
ဒီဝတ္ထုကိုဖတ်စရာမလိုတဲ့ ကမ္ဘာမှာနေတယ်
အညတရ စာရေးသူတစ်ယောက်အဖြစ် ကြွေးကျော်တယ်

အဲ့တုန်းကတော့ အရူးလိုပဲ
ကျွန်တော်ဟာ တော်လှန်ရေးသမား
ဉာဏ်ကြီးရှင်ကြီး 
ခေါင်းဆောင်ကြီး
အပြောင်းအလဲကြီး
ကြီးနိုင်သမျှ ကြီးပြီးတော့ 
အလောင်းကောင်ကြီး
မုန်းစရာကြီး
တာဝန်မဲ့သူကြီး
ဂန္တဝင်ကြီး

#Tommy

Monday, May 9, 2022



◼အာဏာသေ◼

ကြောက်သွားမလားလို့
ရွာများကို
ပြာကျစေလည်း... ။ 

ချောက်ချားမလားလို့
မြို့များအနှံ့
ထိတ်လန့်စေလည်း... ။ 

အမှောင်တွေတန့်ဖို့
ပြည်သူက...
ထောင်မဆံ့အောင် ရဲရင့်တယ်။ 

အကြောက်ခင်းလို့
တစ်ယောက်ချင်းစီ သတ်ပြလည်း
ပြည်သူက...
မကြောက်မငြင်းညီ ရပ်ကြတယ်။ 

ဒင်းတို့သာ
လက်ကုန်ခြောက်ပြလည်း
ပြည်သူက အသက်ပုံတောင်
မကြောက်ကြတော့ဘူး ။ 

ဒင်းတို့ရဲ့ အကြောက်တရားနဲ့
ဒင်းတို့သာ မှောက်မှားပြီး
ချောက်ချားနေကြပြီ။ 

ပြည်သူ ကမ္ဘာမကျေတော့
ဒင်းတို့သာ အာဏာသေရပြီ။ ◼

©ဒေါင်းသွေး
#thevoiceofspring #poem

သိပ်မကြာခင်
မိုးတွေရွာတော့မယ် အချစ်ရေ
ခေါက်ဆွဲပြုတ်နဲ့
လက်ဖက်ထုပ်ကို
နိဗ္ဗာန်လို့ထင်ပြီး
မင်းကိုလွမ်းနေရတာကို
ဘဝလို့သတ်မှတ်တယ်
ဘုရားကဘုရားဖြစ်ဖို့
အားလုံးစွန့်နိုင်ပေမယ့်
စစ်ပွဲဆိုတာ
ဘုရားပွင့်ဖို့မှမဟုတ်တာ။

ဒီ့အတွက်
အချစ်ဟာ ဘဝ ဖြစ်ပြီး
ဘုရားကိုခဏခေါက်ထားတယ်
စစ်ပွဲကတော့
မ​ကြိုက်လည်း
မတရားမှုအတွက်
အောင့်ကာနမ်းရတာက
ဒီနိုင်ငံတော်မှာလူဖြစ်ရခြင်းပဲ​ပေါ့ ။

LuAh
ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကိုတီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ်
ငါ့မိသားစုမှာ မိုးယိုပေါက်လေးရှိနေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ချပ် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မဝင်တဲ့ ဂိုးတွေကို ငါသွင်းခဲ့တာ။

စိုင်းဝင်းမြင့်
(ချယ်ရီမဂ္ဂဇင်း၊ ၂၀၀၃)


Sunday, May 8, 2022



အသက်ဘူးလေးသို့ - ၁၀

ကိုယ်တို့ဆက်ဆံရေးများကွာ
အချေအတင်းနဲ့နိုင်ငံတော်သီချင်း
ခြေဆင်းအပိုဒ်တောင်မပြီးခင်ပါဘူး...

အချစ်မိုးစွေဖို့နေနေသာသာ
တစ်ခါတလေလေးများ
ကွက်ကြားမိုးရွာဖို့
ဖိုးပြည့်ရဲ့ကိုယ်စောင့်နတ်ကို
အကူအညီတောင်းချင်သေးတာ...

ကိုယ်လိုအရိုင်းအစိုင်းကလည်း
ကိုယ်ထင်ရာကိုစိုင်း
သူကလည်းသူထင်
ကုတင်ရွှေနန်းနဲ့
အလွမ်းတွေတောင်
သွေးအေးနေပါပြီ....

မမြင်ရတဲ့
တစ်ယောက်တစ်နေရာမှာ
နေသာထိုင်သာရှိဖို့
လိမ်ညာဟန်ဆောင်နေရတာ
ဘယ်လောက်တောင်ကြာနေပြီလဲ...

မင်းရောကိုယ်ပါ
တိုင်ဖွန်းနဲ့ပဲလာလာ
ဟာရီကိန်းနဲ့ပဲလာလာ
မိုးထဲလေထဲမှာ
ကိုယ်တို့ပေါင်းဆုံမိတဲ့အခါ
အပျက်အစီးတွေကြားထဲက
မပျက်စီးသေးတဲ့
သစ္စာတရားဆိုတာ
တွေ့မြင်နိုင်ပါဦးမလား.....

❤️‍🩹

မေ့မှာပါ......

Sêcrêt Pâl


အသက်ဘူးလေးသို့ - ၉

တကယ်•••

ချစ်ခဲ့တာပါပဲ

မဟုတ်ဘူး

ချစ်နေဦးမှာပါ~

တစ်သက်လုံးချစ်သွားမှာပါ ˙❥˙

ငါကပဲဆက်ချစ်နေပါ့မယ်

မင်းဘာဖြစ်ဖြစ်ပေါ့__

မင်းအတွက်

အရာရာတိုင်း

ချစ်တဲ့စိတ်နဲ့

ရှင်သန်နေမယ်---

မေတ္တာရောင်ပြန်တွေ

ဘာတွေညာတွေတော့

မလိုချင်ဘူး~

ကိုယ့်ချစ်ခြင်းမေတ္တာပဲ

မင်းကိုရစေချင်တယ်•••

အဆင်ပြေတယ်မလား~

ငါ့ကိုငါ ကောင်းအောင်နေမယ်

ငါ့ကောင်းတဲ့အရာတိုင်း

မင်းအတွက်

ဖြစ်ပါစေ•••

#တစ်ခုတော့ ရှိတယ်

မင်းကို ငါ့လိုမဖြစ်စေချင်တာပဲ

✿စက္ကန့်တိုင်း ပျော်ရွှင်ငြိမ်းချမ်းပါစေ✿ 



Sêcrêt Pâl


အမေ့ဆီသို့ ပြန်စာ

အာဏာရှင်ပေးတဲ့ ငြိမ်းချမ်းရေးဆိုတာ
ဆေး မတိုးတော့တဲ့ ရောဂါပဲ အမေ
ငြိမ်းချမ်းရေးကို မူးယစ်ဆေးလို
စွဲလမ်းခဲ့ရတဲ့ လူငယ်တစ်ယောက်မှာ
သောတာပန် ဖြစ်ဖို့အရေး 
ကျ​နော် မတွေးနိုင်သေးဘူး အမေ...။

နာကြည်းချက်ကို အရက်ပြန် လောင်း
မိုးနဲ့ ဆောင်းကိုလည်း ကျနော်
ထပ် အန်တု ရဦးမှာမို့
အမေရေ.....
ကိုယ့်ရွာလေး မီးလောင်
ဘုရားကျောင်းဆောင်တွေ ပါကုန်ချိန်
အမေနဲ့ ရွာဆီ သား မရောက်နိုင်ခဲ့တာ
သားမိုက်ကိုလည်း ခွင့်လွှတ်ရှာပါတော့... ။


ဒီတော်လှန်ရေးကြီး ပြီးရင်တော့
အမေ့ကိုလည်း လုပ်ကျွေးပြုမယ်
အဆင်မပြေမှု ကြားထဲ
ပေါင်ထားခဲ့ရတဲ့ လယ်လေးကိုလည်း
သား ပြန်ရွေးပေးပါမယ်
ပြာပုံထဲ ပျောက်ရှ သွားတဲ့
အဖေ့ပုံလေးကိုတော့ သားပြန်လာမှာပဲ
ထပ်ရှာ​ကြည့်ဦးမယ် အမေ။

# သျှမ်း

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...