Thursday, September 29, 2022

"ခေါင်မိုးထက်က မိုးသံ"



"ခေါင်မိုးထက်က မိုးသံ"

ပြောလက်စကားတွေ တစ်ပိုင်းတစ်စနဲ့ပဲ 
ရပ်လိုက်တော့ တစ်နေရာရာ သွားစရာရှိသေးရင်လည်း မေ့လိုက်တော့ 
ဘာသတင်းပဲ လာနေနေ ဘာသီချင်းပဲ လွှင့်နေနေ 
ရေဒီယိုကိုလည်း ပိတ်လိုက်တော့ 
အပြင်က ပြန်လာသူဆိုရင်လည်း ရေစိုနေတဲ့ခေါင်းကို သုတ်ပြီး 
ဗီဒိုထဲက ခြောက်သွေ့တဲ့ ဝတ်စုံတစ်စုံ လဲဝတ်
ငြိမ်ငြိမ်လေးသာ ထိုင်နေလိုက်တော့

ကွန်ကရစ်နံရံတစ်ခုလိုထူတဲ့ မိုးသံက 
ပထမတော့ နံဘေးအိမ်တွေကို 
နောက်တော့ အိမ်အပြင်လောကတစ်ခုလုံးကို ကာဆီးပစ်လိမ့်မယ် 
လက်ခုပ်သံတွေ အများကြီးရခဲ့တဲ့နေ့ပဲ ဖြစ်ဖြစ် မနက်ကတည်းက
ကခုန်မြူးထူးနေရတဲ့ ပွဲတော်တစ်ခုပဲဖြစ်ဖြစ် အိမ်အပြင်မှာကျန်ခဲ့ပြီ 
မှတ်ဉာဏ်ထဲက အနှစ်နှစ်အလလ ပုံရိပ်တွေတောင်မှ 
သတင်းစာတစ်စောင်လို ဖရိုဖရဲလွင့်ပါနေလို့ နောက်ဆုံးတော့ ပြင်းထန်တဲ့ မိုးသံကိုပဲ နားထောင်နေရပြီ
ဒီလိုအချိန်မှာတော့ 
ပြတင်းပေါက်တွေ လိုက်ပိတ်
ပခုံးတွန့် လက်ပိုက်လျက် မငြိမ်သက်တဲ့ မီးသီးတွေကိုပဲ 
လိုက်ကြည့်နေရုံရှိတော့တယ် မဟုတ်လား
မနက်ဖြန်ရောက်ဖို့လည်း အဝေးကြီးလိုသေးရဲ့

ခေါင်မိုးပေါ်က တဝုန်းဝုန်း မိုးသံဟာ 
အမိုးတစ်ခုတည်းအောက်မှာ အတူတူရှိနေတဲ့ လူတွေကိုတောင် 
တစ်ယောက်စီဖြစ်သွားတဲ့အထိ ခွဲထုတ်လိမ့်ဦးမယ် 
သိပ်မြဲမြံစွာ ဆုပ်ကိုင်ထားတဲ့လက်တွေ မဟုတ်ဘူးဆိုရင်ပေါ့။  ။

-မောင်ယုပိုင်

Collage By Poetry Cafe

ကျနော်က တော်လှန်ရေးသမား

ကျနော်က တော်လှန်ရေးသမား 

ကျနော်က တော်လှန်ရေးသမား 
ကျနော်က တော်လှန်ရေးသမား 
ကျနော်က တော်လှန်ရေးသမား 
သုံးကြိမ် ရွတ်ဆိုပါတယ် ။ 

ကျနော်က တော်လှန်ရေးသမား 

ကျနော့်ကို လက်ဆွဲနှုတ်ဆက်လာတဲ့ သူတွေကို 
ပြန်ပြီး လက်ဆွဲနှုတ်ဆက်မယ် 
ကျနော့်လက်ကိုဆွဲပြီး လက်ထိပ်လာခတ်ရင်တော့
အဲ့ဒိသူရဲ့ ခေါင်းထဲ ကျည်တစ်တောင့် ပစ်သွင်းလိုက်မယ် ။ 

လက်ထိပ်ဆိုတာ 
ဖမ်းချင်ချုပ်ချင်နေတဲ့ သူတွေဆီမှာပဲရှိတာ 
ကျနော်တို့ဆီမှာ ကြိုးတွေပဲ ရှိတယ် 
အဲ့ဒါ နှောင်ကြိုးတွေပဲ 
နှောင်ကြိုးတွေဟာလည်း ပြတ်တောက်ခဲ့တာ ကြာပေါ့ ... 

ကျနော်ဟာ တော်လှန်ရေးသမား 
ကျနော်ဟာ တော်လှန်ရေးသမား 
ကျနော်ဟာ တော်လှန်ရေးသမား 
သုံးကြိမ်ရွတ်ဆိုတယ် ။ 
                                                                #ဗာဂို

ငါ့စျာပနမှာ ကဗျာဖတ်ပါ

ငါ့စျာပနမှာ ကဗျာဖတ်ပါ
____

ဘဝဟာ
ဘာမှမဟုတ်တဲ့ ဗလာကြီးပဲ
ဘယ်အရာမှလည်း မမြဲခဲ့ ၊

ငါ့စျာပနာမှာ ကဗျာဖတ်ပါ
ငါ့သက်မဲ့ခန္ဓာကိုယ်ကြီးကို မလွမ်းဆွတ်စေချင် ။

သက်ရှိသတ္တဝါတွေဟာအားလုံး
သေချာကြည့်လိုက်ရင် ဘယ်တွေများကွာခြားသွားသလဲ
ဖြစ်ပြီးပျက်တဲ့ ခရီးသွားတွေပဲ ၊

နာရီတွေကသူ့ဘာသာသူ အလုပ်လုပ်တယ်
သဘာဝတရားကြီးက သူ့ဘာသာသူ လည်ပတ်တယ်
ရှေ့ကိုနှစ်တစ်သန်းလောက်ခဏပြေးပြီး
လက်ရှိဘဝကြီးကို ကြည့်လိုက်ရင်
သွေးရူးသွေးတန်းနဲ့ဘဝကြီးဟာ
မြေကြီးပဲဖြစ်နေမှာ အသေချာ ။

ဒီတော့ ချမ်းသာခြင်းဟာ နတ္ထိ
ဆင်းရဲခြင်းဟာ နတ္ထိ
မာန်မာနတွေဟာ နတ္ထိ
အဆင့်အတန်းတွေဟာ နတ္ထိ
ပိုင်ဆိုင်သမျှအရာတွေဟာ 
တစ်ချိန်ချိန်တော့ ထားခဲ့ရရိုး အမှန် ၊

လောကဓံတရားအားလုံးကို
ကဗျာနဲ့‌ ပေါင်းစပ်ခံစားစေချင်တယ်
ဒါဟာ...ငါ့‌သေတမ်းစာ
နောက်ဆုံးနာရီများရဲ့အခြားဘက်မှာ
ငါ့သက်မဲ့ခန္ဓာကိုယ်ကြီးနားမှာ ကဗျာတွေဖတ်ပါ ။

-ကောင်းထက်


လျှို့ဝှက်စာ



လျှို့ဝှက်စာ 

ခွေးသေဝက်သေ သေကြရတာတွေ
ခွေးလိုဝက်လို နေကြရတာတွေ

ဒါဟာ ဘဝပဲ
ဒါဟာ လောကဓံပဲ
ဒါဟာ အတိတ်ကံပဲ 
ဒါဟာ ပယောဂပဲ လို့

ရွာခေါင်ခေါင်က ရွှေကျောင်းပြောင်ပြောင်မှာ အိုင်ဖုန်းလေးပွတ်ရင်း
ဟောကြားသွားတဲ့ ဆရာတော်ဘုရားရဲ့သင်္ခါရတရားမှာ
နေတတ် ကျေနပ် အသေမြတ်လိုက်ကြတယ်

ပလက်ဖေါင်းခေါင်းအုံးနေတဲ့ ဗေဒင်ဆရာဆီမှာ 
ဘဝရှေ့ရေး အဖြေရှာလိုက်ကြတယ်

အရက်ဝိုင်းမှာ ဇက်ကျိုးနေတဲ့ဆရာကြီးကို သွားပင့်
သူ့ဆေးကြိမ်လုံးရှေ့မှောက် ပြုစားမိတဲ့ ကျွန်တော် ကျွန်မတို့ နောင်တရလိုက်ကြတယ်

ကမ္ဘာကြီး လုံးသလား ပြားသလားတောင် ကောင်းကောင်းမသိတဲ့
ရှေးလူကြီးနဲ့တိုင်တိုင်ပင်ပင် ခေါပတောင်းပစ်/အုန်းပွဲဆက်
ကောင်းသောအိပ်မက် မြင်မက်လိုက်ကြတယ်

ကွမ်းတံတွေးပေနေတဲ့ပါးစပ်ကို လက်ဖနောင့်နဲ့ဆွဲသုတ်
လက်ကို ထမီမှာပြန်သုတ်ပြီး
အိမ်ရှေ့နတ်ကနား ရှိရာ ထွက်လာတဲ့ အမေ့ဆီမှာ
အဖြစ်ဆိုးတွေ မေ့ပျောက် ပူးဝင်ကခုန်ပစ်လိုက်ကြတယ်

ပက်လက်ကုလားထိုင်မှာ ကျောခင်းလိုက် ခြေဆင်းလိုက်နဲ့
အလုပ်အကိုင်နဲ့ဝင်ငွေအတွက် ရွှေအိုးပုံတွေ ရွှေလိပ်ပုံတွေ ရှယ်ပစ်လိုက်တယ်

ကာကွယ်ဆေးအစား
သူငယ်နာကျမ်း

အသက်ကယ်အင်္ကျီအစား
လှေဦးမှာ ပိတ်စအနီသာချည်ထား

ရှေးဦးသူနာပြုအစား
ဆေးကြိမ်လုံး

ဆေးပေးခန်းအစား
နတ်ခန်း

မိုက်ခရိုစကုတ်အစား
အကြားအမြင်ဆရာ

ဆန်ဂမန်ဖရွိုက်အစား
ပုဂ္ဂိုလ်ထူးတွေပေးတဲ့အိပ်မက်

အိုင်းစတိုင်းအစား
နတ်ရထား

ချားစ်ဒါဝင်အစား
လူဟာ ဗြဟ္မာက ဆင်းသက် ဝက်စားကျင်းထဲက ပြန်လာ

ကိုယ်ချင်းစာတရားအစား
ရွှေပြည်အေးတရား

ကယ်တင်ရှင်နဲ့ ဝိညာဉ်လောကကို မယုံလို့
သရဲအခြောက်ခံရတာတို့ ဝဋ်လည်တာတို့
မလေးရှားစုန်းကားနဲ့ စတီဖင်ကင်းဝတ္ထုထဲမှာပဲ ရှိတယ်

တကယ့်ဘဝမှာတော့
ဆရာတွေများ
ခွေးသေဝက်သေ သေကြ
တစ်ကျောင်းတစ်ဂါထာနဲ့
ခွေးလိုဝက်လိုနေကြ
ဒါဘဝပဲလို့
သူတို့လက်ခံထားကြတာ
မင်းတို့လက်ခံလား 

အနှစ်သုံးဆယ်အတွင်း ဦးနှောက်တွေသေနေတဲ့ ဇွမ်ဘီတွေ
ဆိုရှယ်နက်ဝက်ခ်တွေက သိဒ္ဓိတင်ပေးပြီး
လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်လမ်းကနေ အလုအယက်ဝင်လာကြတယ်

စင်ပေါ်မှာ ဇွမ်ဘီတွေ
ဗုဒ္ဓပြန်ကြွလာရင်တောင် ဝင်းခိုင်ဦးလောက် ကိုးကွယ်သူရှိမှာမဟုတ်

ဒီတစ်ခါ
မြန်မာလူငယ်မျိုးဆက်တွေရဲ့ နော်မန်ဒီကမ်းအတက်မှာ တိုက်ရမှာက
အထက်စီးကနေရာယူထားတဲ့ Hypocrite တွေ 

Enter the Drangon ထဲက ဘရုစလီလို
ရန်သူစခန်းမှာ ပထမဆုံးရင်ဆိုင်ရမှာ 
မှန်ခန်းထဲမှ မင်းတို့ကိုယ်ပွားများစွာ

ငါက အခု ကြောင်သူတော်တွေရဲ့ သုံ့ပန်းစခန်းမှာ
လွတ်လမ်းရှာနေတယ်
ခွေးလှောင်အိမ်ထဲမှာ ဘာသာရေးဘိန်းအထိုးခံထားရတဲ့ အပြစ်မဲ့ပြည်သူတွေနဲ့အတူ
မင်းတို့ရဲ့ရဟတ်ယာဉ်ကို ငါမျှော်နေတယ် 
ဒီစာကို ဖတ်ပြီး ချက်ချင်းမီးရှို့လိုက်။

#မောင်ယုပိုင် 

#Collage Byကဗျာဖတ်ရင်းလှူ


ကျနော်တို့ တစ်ယောက်ကိုတစ်ယောက်က
မေ့လျော့သွားခဲ့ကြရင် ဘယ်လိုလုပ်မလဲ။
အထူးသဖြင့် အစ်မက ကျနော့်ကို။
ဒါမှမဟုတ် ကျနော်က အစ်မကို။ 
မေ့လျော့သွားကြတဲ့အခါ ဘယ်လိုလုပ်ကြမလဲ။ အက်စစ်မိုးတွေ ရွာသွားမှာလား။
စကားလုံးတွေတိုင်းဟာလည်း 
တစ်ယောက်ဆီကနေ ကျန်တစ်ယောက်ဆီကို 
မရောက်ရှိသေးခင်မှာပဲ အငွေ့ပျံ 
ပျက်သုဉ်းသွားကြမှာလား။ 
အတိတ်ကာလတုန်းက ကျနော်တို့ 
ဖွင့်ကြည့်ဝင်ရောက်လို့မရခဲ့တဲ့ ဦးနှောက်ရဲ့ 
အခန်းတစ်ခန်းထဲ လွင့်ပျံ့နေမယ့် ခန္ဓာကိုယ်နှစ်ခုရဲ့ ပူနွေးတဲ့ အငွေ့အသက်နဲ့ တိုးတိတ်ညင်သာစွာ 
ကြားနေရမယ့် John Lennon ရဲ့ Oh My Love ဆိုတဲ့ သီချင်းသံ။ 
Oh my lover, for the first time in my life ပါပဲ အစ်မ။ 
ဒီသတ္တလောကကြီးထဲက ရှိရှိသမျှ 
ရန်သူတွေ အကုန်လုံးကို မေ့ထားနိုင်ခဲ့ကြပြီးမှ 
တစ်ယောက်နဲ့တစ်ယောက် ကုတ်ခြစ်တွန်းထိုးမိသွားကြတဲ့ အချစ်ရဲ့ အံ့ဩဆန်းကြယ်တဲ့ ကျိန်စာကို 
ကျနော်တို့ ရရှိခဲ့ကြတယ်။ 
စိတ်တွေဟာ သိပ်တုန်ရီလွယ်ကြတာပဲ။ 
'ကျေးဇူးပြုပြီး ကားတံခါးကို အကျယ်ကြီးမြည်အောင် မပိတ်ပစ်ပါနဲ့ အစ်မရယ်'လို့ ဒက်ရ်ှဘုတ်ပေါ်က 
ပြုံးတော်မူနေတဲ့ ဘုရားရုပ်တုလေးကို 
ကျနော် ငိုရှိုက်ရင်း တဖွဖွပြောခဲ့။ 
ပြီး၊ ငရဲကို တစ်ယောက်တည်း မောင်းထွက်ခဲ့မိတယ်။ ကျနော့်ရဲ့ စိတ္တဇကို တားဆီးနိုင်တဲ့ ယာဉ်ထိန်းရဲ မရှိဘူး။ ကျနော့်ရဲ့ ဒဏ်ရာထက် ပိုနက်ရှိုင်းတဲ့ 
ချောက်ကမ်းပါး မရှိဘူး။ 
ကျနော့်ရဲ့ နှလုံးသားထက် ပိုမာကျောတဲ့ 
လမ်းမီးတိုင် မရှိဘူး။ 
နောက်ပြီး ကျနော့်ရဲ့ အလွမ်းထက် ပိုကျယ်ပြန့်တဲ့ လမ်းမတွေလည်း မရှိခဲ့ဘူး။ 
ဝန်ခံပါတယ် အစ်မ။ 
ဒီထက်ပိုပြီး မူးယစ်ဆေးဝါးဒဏ်တွေ 
ကျနော် မခံနိုင်တော့ပါဘူး။ 
အစ်မကို မေ့ရတာဟာ ကိုယ့်နာမည်ကိုယ် 
မေ့ရတာထက် နာကျင်ခံခက်ခဲ့တယ်။ 
ကောင်းကင်၊ ပင်လယ်၊ အသက်ခပ်လတ်လတ်အရွယ် မိန်းမတစ်ယောက်ရဲ့ ဂျင်းပင်န်၊ မီးခြစ်၊ မိုးပျံပူဖောင်း။ ကျနော် ပြောပြမယ်။ 
မှတ်ဉာဏ်ကလွဲရင် ကျန်တဲ့အရာအားလုံး 
အရောင်ပြောင်းလွယ်ကြတာချည်းပါပဲ။ 
ကျနော် ရိုးရိုးသားသားပဲ သိချင်မိတယ်။ 
လူဦးရေမွေးဖွားနှုန်း ပေါက်ကွဲထွက်နေတဲ့ 
ဒီကမ္ဘာကြီးထဲမှာတောင်မှ ကျနော်တို့ တစ်ယောက်ကိုတစ်ယောက်က ဘာကြောင့် ရှောင်လွှဲလို့ မရခဲ့ကြတာလဲ။ ဆူးလေမှာ၊ လှည်းတန်းမှာ၊ မြေနီကုန်းမှာ၊ 
ဆင်ရေတွင်းမှာ၊ စံရိပ်ငြိမ်မှာ။ 
ကျနော့်အတွက်တော့ အရာရာဟာ 
အရင်အတိုင်းရန်ကုန်ပါပဲ အစ်မ။ 
ပြည်လမ်းမကြီးဘေးက ပလက်ဖောင်းလေးတွေအကုန်လုံးကို ထွန်ယက်ခြစ်ခြပစ်လိုက်တဲ့အခါ 
တွေ့ရမှာဖြစ်တဲ့ (ဝါ) မြေအောက်ကမ္ဘာထဲက လောင်ကျွမ်းတောက်ပနေတဲ့ အလွှာတွေ၊ 
ထုံကျင်အေးစက်နေတဲ့ အလွှာတွေကို ဖြတ်ပြီး 
မြေသားထုအပေါ်ထိ ထိုးခွဲစီးဆင်းနေတဲ့ ကျနော့်ရဲ့ မှတ်ဉာဏ်အပိုင်းအစတိုင်းဟာ
 တသမတ်တည်းသောအရောင် ရှိကြပါတယ်။ 
ပြီးတော့ အဲဒီအရောင်ဟာလည်း ပြာလွင်ပြီး 
တဆစ်ဆစ် နာကျင်ကိုက်ခဲနေပါသေးတယ်။ 

#ဆစ်ခ်

Tuesday, September 27, 2022

နောက်ဆုံးမျိုးဆက်ဖြစ်ပါစေ



နောက်ဆုံးမျိုးဆက်ဖြစ်ပါစေ
--------------------------------------


တာဝန်ကျေခြင်းကို
အသက်နဲ့ရင်းပြီး
သွားနှင့်သူက သွားနှင့်ကြပြီ

နာကျင်ခြင်းကို
ထွေးပွေ့ပြီး
ကျန်နေသူက ကျန်နေရစ်တယ်

ရှင် ခြင်း
သေ ခြင်း ကြားထဲမှာ
လုပ်ဆောင်ခဲ့တဲ့အရာတွေက
ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းတွေကို
ပြောပြ နေရစ်မှာပါ

အမှန်တရားတွေ
စင်ပေါ်ပြန်မရောက်မခြင်း
တရားမျှတလွတ်လပ်ခြင်းတွေ
နေရာမှန် ပြန်မရောက်မခြင်း
ငါတို့တော်လှန်မယ်

တွဲလက်တွေ မြဲ ညီစေမယ်
အကြောက်တရားနဲ့ မျိုးဆက်ဟာ

"ငါတို့နောက်ဆုံးဖြစ်ပါစေ"



San Zuren 🌸
ဒီမိုကရေစီပြန်ရဖို့
လက်သုံးချောင်းထောင် ဆန္ဒပြခဲ့တုန်းကတော့ ခေါင်းကိုချည်းရွေးပစ်ခဲ့တာ
အဲ့ဒီတုန်းက ဘာသံမှမထွက်ဘူး

သူတို့လည်းခံရရော
အဲ့လိုလုပ်တာဒီမိုကရေစီလား တဲ့
အရင်က ဘောမတွေပဲ ပြောကြတာ
အခု
အုန်းသွင်ထိတော့ မဲလုံးကပါ
ပြောလာပြီ

အမှတ်ရသွားတာလေးတစ်ခု
အရက်ဆိုင် တစ်ဆိုင်ရဲ့
အဝင်ဝမှာရေးထားတဲ့ စာလေး တစ်ကြောင်း

`
``ယျောင့်
အရက်ဝင်မှ လူမိုက်စကားပြောတတ်တာ
မင်းတစ်ယောက်ထဲမဟုတ်ဘူးကွ´´´´  တဲ့

ဒီစကားလိုပဲ
လက်နက်ရှိရင် အနိုင်ရကြေး သတ်မှတ်ထားသူတွေ
လက်နက်နဲ့ အနိုင်ယူပြတော့မှာမို့
ကြောက်ရင် ကြောက်တယ်ပေါ့
ယောကျားစကား မပြောတဲ့ ကောင်
ဘာကိစ္စဒီမိုကရေစီကို လွှဲချနေရမှာလည်း
ဒီစကားမျိုးပြောတော့
၂၁ ရာစု GZ တွေ ရယ်တာပေါ့🤣

MaMyaing

ဝေ



ဝေ
-----


မရှိအတူ ရှိအတူ  ဝေမျှရင်း
ပြည်သူတွေ  အောင်ပန်းဝေ
မအလတွေ  ဒုက္ခပင်လယ်ဝေ
တိုင်းရင်းသားတွေ ပီတိဝေ
Clickers တွေ  အပြုံးပန်း‌ဝေ 😊



San Zuren 🌸

ပန်းတိုင်



ပန်းတိုင်
-----------


တော်လှန်ရေးကြီး
အောင်ဖို့ရာ
လူတိုင်းမှာ
တာဝန်ကိုယ်စီရှိတယ်

သံတိုင်ကြားမှာ
ငါတို့ကိုစောင့်နေတဲ့
ရဲဘော်တွေ ရှိတယ်
ဒုက္ခကြားမှာ
ငါတို့ကိုစောင့်နေတဲ့
ရဲဘော်တွေ ရှိတယ်

တရက် ငါတို့ အပါးခိုမိတဲ့အခါ
တရက် ခြောက်လှန့်နေမှာက
မြင့်မြတ်စွာ နှုတ်ဆက်သွားခဲ့သော
တို့ ရဲဘော်တွေရဲ့ မျက်နှာတွေကို
သတိရပါ

တော်လှန်ရေးကို
တစ်ဦးတစ်ယောက်ချင်း
တာဝန်ကျေပွန်မှုကနေ
စကြစို့

ပန်းတိုင်သည် တရွေ့ရွေ့ဖြင့်
နီး၍ နီး၍ လာခြင်းသာ မြင်၏

မဆုတ်မနစ်သော စိတ်ဖြင့်သာ
ပန်းတိုင်ဆီ အရောက်သွားကြရပေမည်



San Zuren 🌸

ပေးဆပ်သူ



ပေးဆပ်သူ
✨✨✨✨

သစ်ပင်ဟာ
အရိပ်မခိုဘူး
အရိပ်ပေးတယ်

တိမ်တွေဟာ
မိုးမမျော်ဘူး
မိုးရွာပေးတယ်

မုန်တိုင်းဟာ
လေဟုန်မစီးဘူး
လေတိုက်ပေးတယ်

မြစ်တွေက
လှေမစီးဘူး
ရေစီးပေးတယ်

သူရဲကောင်းတွေက
အခွင့်အရေးမယူဘူး
အခွင့်အလမ်းတွေ
ဖန်တီးပေးတယ်



San Zuren 🌸

လှေငယ်ရှင် ⛵



လှေငယ်ရှင် ⛵


ရေရယ်လှေရယ်
လှော်တက်ရယ်
အမယ်ပြည့်စုံ၏

စီးသူကများ
လှော်သူရှား
အသွားနှေးလေ၏

လှေပေါ်စီးတက်
မငြိမ်သက်
ထိန်းရခက်လေ၏

သူများကိုညစ်
ကိုယ်လည်းနစ်
တွေးစစ်မြင်အောင်ကြည့်

လှေကိုကူက
ကိုယ်လည်းရ
လမ်းမှန်‌မြင်လေ၏

အားလုံးကြည်ဖြူ
ဝိုင်း၍ကူ
ညီတူရောက်နိုင်၏

မြန်ပြည်လှေကြီး
ပျော်ပျော်စီး
အေးငြိမ်းချင်စေမိ



San Zuren 🌸

Sunday, September 25, 2022

သူရဲကောင်းတို့မှာတမ်း



သူရဲကောင်းတို့မှာတမ်း


ငါတို့
သေချင်သေနိုင်ပါတယ်
နောင်မျိုးဆက်တော့
ရှင်လိမ့်မယ်

ငါတို့
သေချင်သေနိုင်ပါတယ်
နိုင်ငံကတော့
ရှင်လိမ့်မယ်

ငါတို့
သေချင်သေနိုင်ပါတယ်
သမိုင်းကတော့
ရှင်လိမ့်မယ်



San Zuren 🌸

"အနာဂတ်တွေ သယ်လာတယ်"


"အနာဂတ်တွေ သယ်လာတယ်"


အိမ်က
ထွက်လာတော့
ကျောပိုးအိတ်ထဲမှာ
ခံယူချက်ရယ်
နှလုံးသားရယ်
သစ္စာတရားရယ်

လမ်းခရီးမှာ
ချစ်ခြင်းမေတ္တာကို
မိတ်ဆွေဖွဲ့တယ်
ရန်ငါ ပြတ်တယ်
မတရားတာကို
တရားနဲ့ တော်လှန်တယ်

အိမ်ကိုပြန်တဲ့အခါ
ခေတ်ကြီးတခုလုံး
သူ့နောက်ပါလာတယ်
အနာဂတ်တွေ
သယ်လာတယ်



San Zuren 🌸


ကိုယ်ကိုယ်တိုင်မှ မခံစားဖူးရင်
"ကိုယ်ချင်းစာ" တရားရဲ့ အဓိပ္ပါယ်ကို
နားလည်ဖို့ ခက်လိမ့်မယ်...😥

နှလုံးသားထဲက စာနာမှုကို
လက်တွေ့ပြသကြပါ
ကိုယ် နှုတ် အမူအယာဖြင့် ဆောင်ရွက်ကြပါ

Do Action, No Words.



San Zuren 🌸

ကရုဏာတရားထားပါ



ကရုဏာတရားထားပါ
-------------------------------


ကရုဏာတရားဆိုတာ အေးအတူပူအမျှ အတူတကွရင်ဆိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်
စိတ်ဓာတ်‌ကျနေတယ်
တခုခုလိုအပ်နေတယ်လို့ ခံစားရရင် အကောင်းဆုံးနည်းလမ်းက
အခြားသူတွေကို ကူညီဖေးမခြင်းပါဘဲ
ကူညီလိုက်လို့ တဖက်သားပျော်သွားတာဖြစ်ဖြစ်
အဆင်ပြေသွားတာဖြစ်ဖြစ် မြင်တွေ့ရတဲ့အခါ
စိတ်ထဲမှာ အလိုလိုကြည်နူးမိလာတယ်
စိတ်ကျေနပ်မှုတွေရလာတယ်

ကျွန်မပြောတာ မယုံရင်
တစုံတယောက်ကို ကူညီလိုက်ပါ



San Zuren 🌸

သိကြားမင်းထံသို့ အိတ်ဖွင့်ပေးစာ

သိကြားမင်းထံသို့ အိတ်ဖွင့်ပေးစာ

သို့
တာဝတိံတာ

အသင်သိကြားမင်းခင်ဗျ

ယခုရောက်ရှိလာမည့် ကလေးငယ်များအား
သက်ညှာထောက်ထား၍

‌၎င်းတို့အား ပစ်ခတ်သတ်ဖြတ်သူများနှင့် ဝဋ်ကြွေးမည်မျှရှိသည်မရှိသည်ကို

သိသော ကြားသော မင်းဟူသော အမည်ဖြင့် ညီလျော်စွာ

သိမြင်‌၊ကြားနာ စစ်ဆေးထားပါရန်

ထို့နောက်

အပြစ်ရှိသမျှ ကုန်စင်ကျေစေပြီး
ဘက်မလိုက်ပဲ
ကံရိုက်ရန်
ဒဏ်ထိုက်သူတို့ကို
ယမမင်းဆီသို့ ပို့ပေးစေရန်

သို့မဟုတ်ကား ကျွန်ုပ်သည် ကံကံ၏ အကျိုးပေးကို ယုံကြည်မှု စွန့်လွှတ်လိမ့်မည်ဖြစ်ပြီး

အသင်သိကြားမင်းကား ဘုရားဒကာ သာသနာစောင့်သည်ဟု ယုံကြည်ပါ၍
သာသနာစစ်ကိုပြစေ
ကံ၏အကျိုးအစစ်ကို ပြစေ

အသင်ကား နတ်ပူဇော်သော ငရဲသားများထံမှ
လာဘ်လာဘယူလောက်အောင်

နတ်ပြည်သည် လူပြည်အဆင့်လောက် ကျဆင်းနှင့်ပြီမထင်ပါ
သို့မဟုတ်...

အသင်သည် လူ့ဘဝက စောင့်တည် အားထုတ် ကြိုးပမ်းယူခဲ့သော ဘဝဟောင်းကိုမေ့၍
စည်းစိမ်သစ်မှာ ယစ်ငွေ့လျှံနေလိမ့်မည်ဟု မထင်ပါ
သို့မဟုတ်...

ယုံကြည်စိတ် အကြွင်းအကျန်ကို ထောက်ထား၍
မှ
လူ့ငရဲ

#Tommy

Revolution Reviews 🍀🍀🍀🍀🍀🍀🍀🍀

Revolution Reviews
🍀🍀🍀🍀🍀🍀🍀🍀


လွတ်လပ်ခြင်းဟာ ချစ်ခြင်းတရားလိုပဲ
သိပ်အဖိုးတန်တယ်ဆိုတာ သိခဲ့တယ်

ယုံကြည်ချက်ဟာ ရှင်သန်မူထက် လေးနက်တယ်
လူငယ်တွေဟာ ထင်တာထက် ပိုသန်မာတယ်

လူတွေ အာဏာရူးလာရင် တိုင်းပြည်တခုလုံး အနာဂတ်ပျောက်သွားနိုင်တယ်ဆိုတာ ကြုံခဲ့တယ်

အုပ်ချုပ်မူစနစ်တခုမှားတာနဲ့ တိုင်းပြည်
ခုလုံး အမှောင်ခေတ်ပြန်ရောက်မယ်ဆိုတာ သိခဲ့ရတယ်

လူတွေ ကောက်ကျစ်ယုတ်မာအကြမ်းဖက်လာရင် ဘယ်နတ်ဘုရားကိုမှ ဆုတောင်းလို့မရတာ လက်တွေ့ပဲ

ဘယ်ဘာသာကိုးကွယ်ပြီး ဘယ်ဘုရားကို ယုံတာထက် ကိုယ်ခြင်းစာတရားနဲ့ ချစ်ခြင်းတရားကို ယုံဖို့ ကြုံခဲ့ရတယ်

ရှင်သန်မူရဲ့တန်ဖိုးဟာ ရေပွက်ပမာ ခဏတာပဲဆိုတာ မြင်တွေ့သိရှိခဲ့ရတယ်

အောင်မြင်မှု ကျော်ကြားမှုတွေဟာလဲ ဘာမှမဟုတ်ခဲ့ ဆိုတာ သိလာရတယ်

ကမ္ဘာကြီးဟာ မကောင်းတဲ့သူတွေကြောင့် ပျက်စီးတာ မဟုတ်

မကောင်းမူတွေကို ထိုင်ကြည့်နေတဲ့သူတွေကြောင့်သာ
ပျက်စီးလိမ့်မယ်ဆိုတာ ကိုယ်တိုင်ကြုံခဲ့ရတယ်လေ.



San Zuren 🌸

သူမက လက်ဖက်ရည် ကြိုက်တယ်

သူမက လက်ဖက်ရည် ကြိုက်တယ်

သူမက လက်ဖက်ရည် ကြိုက်တယ်

လက်ဖက်မှုန့်ထုပ်ဖောက်ထည့်
နို့ဆီအနည်းငယ်ဆမ်းပြီး
ရေနွေးစပ်
သူမ မနက်တိုင်း အိပ်ချင်ပြေ သောက်တဲ့ လက်ဖက်ရည်

ဒီနေ့က နှစ်ပတ်လည်နေ့

သူမရေချိုး
ခေါင်းလျှော်
မိတ်ကပ်ပြင်
အင်္ကျီရွေးနေပြန်ပြီ
နောက်‌တော့ လက်ဆောင်ပေးဖို့ ဘူးလေးယူပြီးထွက်သွားတယ်

ကောင်လေးက စိတ်ကောက်နေတယ်

နောက်ကျလိုက်တာ
အင်္ကျီအရွေးလွန်သွားတာပါ မောင်ရယ်
ဒီက စိတ်ပူနေတာ
မမက ကလေးမှမဟုတ်တာ ဘာစိတ်ပူရမလဲ
ခေတ်မှမကောင်းတာ
ဒါများချိန်းနေသေး
တွေ့ချင်လို့လေ စိတ်ပူ‌ပေမယ့်
ကဲပါ ရော့ မောင့်အတွက် လက်ဆောင်
ဘူးထဲမှာ နာရီလေးက သစ်လွင်နေ
ကောင်လေး ပြုံး၏
“ဗိုက်ဆာပြီလား”

စာဖိုးမှူးက ဟင်းချက်တော်တယ်

မိသားစုစားသောက်ဆိုင်ထဲမယ်
စားကြသောက်ကြရင်း ရယ်မောကြည်နူးနေ
အလုပ်လုပ်တဲ့ကောင်လေးတွေကတောင် တိုးတိုးပြောတယ်
“နတ်ဖက်တဲ့အတွဲလေးလိုပဲ”
ထမင်းကြော်ပွဲက အသည်းပုံလေး ပြင်ထားတယ်
လက်မှာ ‌ကောင်မလေးပေးတဲ့ နာရီလေးပတ်လို့
ကောင်လေး နှလုံးသားက နွေးထွေးလို့ပေါ့

ပန်းခြံလေးမှာ အနမ်းပန်းပွင့်နေသည်

လက်လျှောက်ကြရင်း
လက်‌ကလေးကို ငြင်သာစွာကိုင်ထားရင်း
စကားသိပ်များတာပဲ မ က
မ က ပြုံးပြုံးနဲ့ကြည့်နေပါရဲ့
စကားနဲ့မပြည့်စုံတဲ့ အကြင်အနာ
အနမ်းပန်းလေး ပါးမှာပန်ပေး
သူမကတော့ ရှက်လျက်ပါလေ

တစ်ယောက်ထဲ မပြန်နဲ့ လိုက်ပို့မယ်

မ က ကလေးမှမဟုတ်တာ ကိုယ်အိမ်ကိုယ်ပြန်နိုင်ပါတယ်
ခေတ်ကာလ မကောင်းလို့ပါ မ ရယ်
သူမ မငြင်းနိုင်ရှာ
မျက်နှာလေး ကြာကြာမြင်ရတာပဲ
စိတ်လျှော့ပေးရင်း အပြန် လမ်းလျှောက်လာခဲ့
လက်လေးတင်းတင်းဆုပ်လျက်

သေနတ်နဲ့ လိုက်လာတယ်

ခပ်လှမ်းလှမ်းမှာ စစ်ကားကြီးထဲ
မရေရာ အင်အားများလျက်နဲ့
ဝံပုလွေ မျက်လုံးနဲ့ ချောင်းနေကြ
ကားစက်နှိုးသံက မိစ္ဆာအော်မြည်သံလို
ရှေ့က ပိတ်ရပ်ပြီးပြောတယ်
“ရပ်စမ်း”
ကျော်ဟိန်းရဲ့ ခန့်ငြားတဲ့အသံလည်းမဟုတ်ခဲ့
သေနတ်တစ်လက်လွယ်လို့
“မင်းတို့ကို မသင်္ကာဘူး စစ်ဆေးမယ်”
သရေတမြားမြား ဝံပုလွေတွေအစာချောင်းနေကြတာ
သေနတ်ကိုထောက်လို့ ပျောက်ကွယ်သွားခဲ့ကြ ထိုတစ်ခဏလေး

အဆုံးသတ်ကို မသိချင်ဘူး

စစ်ကြောရေးမှာ သေဆုံး
အလောင်းစစ်ဆေးရာ သုတ်ပိုးရှာတွေ့
မနက်တိုင်း လက်ဖက်ရည်ခွက်နဲ့ ဇွန်းသံမကြားရတော့ဘူး

ဂျုးတွေကို ကယ်သူက ငို နာဇီတွေက နောင်တမရှိ

သူမကို မတားခဲ့မိလို့လား
ကောင်လေးက ပေါ့ဆလို့လား
ဘုရားမကယ်ပေးလို့လား
နိုင်ငံကိုကမကောင်းလို့လား
အပြစ်တင်စရာ လူရှာရခက်
ရန်သူကို မမြင်နိုင်ကြ
ဝမ်းနည်းစိတ်ဖုံးလို့
အလောင်းတောင်မမြင်ရ
မိဘနှစ်ပါးက အပြစ်တင်စိတ်ကိုယ်စီနဲ့

သံသရာ

ငါတို့မိခင်တွေကို မုဒိန်းကျင့်ကြတယ်
နောက်တော့ ငါ့တို့အစ်မ‌တွေ၊ညီမတွေ
ငါတို့ချစ်ရသူတွေ
တရားမျှတမှုက မြောင်းထဲမှာ
ဝံပုလွေတွေကတော့ အစာရှာဆဲ
နှစ်တွေရှည်ကြာအောင် မရှိခဲ့တဲ့ လုံခြုံမှုတွေကို
သေနတ်နဲ့ ဖယ်ခွာပစ်ကြတာ
သေနတ်ပြောင်းဝကနေပဲပြန်ရှာရမယ်
အချင်းချင်းတောင် မကူညီမစောင့်ရှောက်ချင်တဲ့ ကမ္ဘာမှာတော့
ရွှေပြည်တော် မျှော်တိုင်းဝေးပေဦးတော့
လုံခြုံမှု၊တရားမျှတမှု၊တိုးတက်သော နိုင်ငံတော်ဆို‌တာတွေ

လက်ဖက်‌ရည်တွေကတော့ အေးသွားဆဲ
ဇွန်းနဲ့ ခွက်တွေကတော့ ချောင်ထဲမှာ ဖုန်တက်ကုန်ကြဆဲ

#Tommy
(လူတိုင်း လုံခြုံစိတ်အေးရသည့် ဘဝမျိုး ပြန်ရနိုင်ပါစေဟုသာ မျှော်လင့်ကြည့်ရင်း...

ဝမ်းနည်းစွာဖြင့်)

အလှူ

အလှူ
========================
သူတို့အတက်၊ တိုင်းပြည်ပျက်လို့
သွေးထွက်စွန့်စား၊ ရဲဘော်များကို
ပြည်သားပြည်သူ၊ ဝိုင်းဝန်းကူသည်
တူတူရုန်းထွက်နေတုန်းတည်း။

အမောင်လုပ်သား၊ ရဲဘော်များကို
ဘာအားလှူခဲ့လေသနည်း။

လက်မရွံ့တွေး၊ လစာလေးကို
ပြေးလှူခဲ့ကြောင်းမှတ်ပါလေ....။

ကြင်ဖော်မယား၊ ရဲဘော်များကို
ဘာအားလှူခဲ့လေသနည်း။

အမွေထပ်ထပ်၊ရွှေနားကပ်ကို
ပေးရက်ခဲ့ကြောင်းမှတ်ပါလေ....။

အမေအိုဖွား၊ ပြည်သစ်အားတွက်
ဘာများပေးဆပ်လှူသနည်း

ကြင်နာပိုက်တွယ်၊ ငါ့သားငယ်ကို
ရင်ဝယ်စည်းခြား၊ တိုင်းပြည်အားတွက်
ပေးထားခဲ့ကြောင်း မှတ်ပါလေ.....။

ဖြေရင်းမတ်တတ်၊ ပါးပြင်ထက်မှာ
လိမ့်ကာစီးကျ၊ မျက်ရည်စတို့
နင့်စို့လွမ်းဆွတ်လေပြီတကား......။

သီဟ

Friday, September 23, 2022

"နိုင်ငံတော်သီချင်း-၅"



"နိုင်ငံတော်သီချင်း-၅"

ဖုံးထားတဲ့အဝတ်ဖြူ ကိုဖယ်လိုက်တော့
ရုပ်ပျက်ဆင်းပျက်သေဆုံးနေတဲ့ နိုင်ငံတော်
ကျီးပြိုတယ်
လျှပ်စီးတွေလက်တယ်
လေမတိုက်ပဲသစ်ရွက်တွေလှုပ်တယ်
သွေးသားဆန္ဒမရှိတော့တဲ့
ငှက်လှောင်အိမ်ထဲကလူတွေ
ရှင်ခြင်းရဲ့အမှတ်တရ
လက်ကောက်ဝတ်ပေါ်ကအမာရွတ်တွေ
မေတ္တာသုတ်ရွတ်နေတဲ့
ဓာတ်ငွေ့ကာမျက်နှာဖုံးနဲ့ဘုန်းကြီးတွေ
နှိပ်စက်မှုကိုမခံနိုင်တဲ့အဆုံး
တိမ်တွေက နေမင်းကြီးပုန်းနေတဲ့နေရာကို
ဖွင့်ပြောပြလိုက်တယ်
နှုတ်ခမ်းထောင့်စွန်းကသွေးတွေဟာ
အသက်ရှိနေသလိုပူနွေးနေဆဲ
သင်၏ တမလွန်ဘဝကနိုင်ငံတော်။

-အောင်ခင်မြင့်

"ပျဥ်းမငုတ်တို"




"ပျဥ်းမငုတ်တို"

ဖုထစ်ရွတ်တွ၊ ငှက်ဠင်းတသို့
ပျဥ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။

ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လျာ၊ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက်။

ကုန်းမိုကမ်းပါး၊ မြေပက်ကြားတွင်
စစ်သားခမောက်၊ ပိတ်ခြောက်ခြောက်ရုပ်
စစ်ရောက်စခန်း လက်ပြညွှန်း။

ထိုပင်ငုတ်တို၊ ပျဥ်းမအိုသည်
စစ်ကိုလဲကြုံ၊ ခြအုံလည်းဖြစ်
ဓားထစ်လဲခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လည်း၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်။

ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင်ယောက်ျားကောင်းတကား။

-မင်းသုဝဏ်

"သူတို့ကို မယုံနဲ့"



"သူတို့ကို မယုံနဲ့"

သူတို့ကို မယုံနဲ့
သူတို့ကို မယုံနဲ့
သူတို့ဘာပြောပြော မယုံနဲ့
သူတို့ကနေ
သစ်ပင်ကို သစ်ပင်လို့ ပြောလည်း မယုံနဲ့
လူကို လူလို့ ပြောလည်း မယုံနဲ့
လကို လလို့ ပြောလည်း မယုံနဲ့
ယုန်ကို ယုန်လို့ ပြောလည်း မယုံနဲ့
သူတို့ ဘာပြောပြော မယုံနဲ့ ။

သူတိုကနေ
ရွှေကို ရွှေလို့ ပြောလည်း မယုံနဲ့
ငွေကို ငွေလို့ ပြောလည်း မယုံနဲ့
ရေကို ရေလို့ ပြောလည်း မယုံနဲ့
သူတို့ ဘာပြောပြော မယုံနဲ့ ။

တက်နေတာက ဈေး
ကျနေတာက စိတ်ဓာတ်
သစ်လည်းပြောင်ပြီ
မြစ်လည်းခေါင်ပြီ
လျှပ်စစ်မီးမရှိရင် ဖယောင်းတိုင်ထွန်းတဲ့
သဘာဝဓာတ်ငွေ့တွေ 
အလုံးအရင်းနဲ့ ပြည်ပကိုထွက်ခွာ
ငါတို့တော့ အမှောင်ထဲမှာ ငုတ်တုတ်
ငါတို့တစ်သက်တာမှာ
သူတို့ပေးတာဆိုလို့ တစ်ခုပဲရှိတယ်
အဲ့ဒါ ဒုက်ခ။

ဈေးမှာ ပုစွန်ခေါင်းရှာမတွေ့တော့သလို
ပုဇွန်တောင်ချောင်းလည်း ပြောက်သွားနိုင်ရဲ့
ဧရာဝတီမြစ်ကြီးလည်းမှောက်သွားနိုင်ရဲ့
လွှတ်တော်မှာ အမတ်လစာတိုးရေးကိုသာတင်ပြတယ်
ဘယ်အမတ်မှ ကုန်ဈေးနှုန်းကျဆင်းရေးကို 
ထည့်မဆွေးနွေးခဲ့ဘူး။

တဖြည်းဖြည်းနဲ့ ကိုယ်နဲ့မဆိုင်တာတွေ ပိုများလာ
ကြက်ပျံ၊ ဝက်ပျံ၊ ငှက်ပျံ
ကန်စွန်းရွက် ပျံ၊ ချဉ်ပေါင်ရွက် ပျံ
ပဲပင်ပေါက် ပဲပြား ပျံ
ရှိရှိသမျှ အကုန်ပျံ။

နောက်ဆို
ငါတို့လည်း လူစင်စစ်က နွားတွေဖြစ်
မြက်တောင် တက်ဈေးနဲ့ ဝယ်စားရမလားမသိ။

မယုံနဲ့
သူတို့ကို မယုံနဲ့
သူတို့ဘာပြောပြော မယုံနဲ့
အထူးသဖြင့် မယုံနဲ့၊ ယုံကို မယုံနဲ့ ။ ။

-လူအိမ်

Collage By Poetry Cafe

"ခရီး"



"ခရီး"

အိမ်မက်မရှိသူ
သီချင်းမဆိုတတ်သူ
ငါမဟုတ်မူ၍။

ငါ့အသင်
ခြေဆေးပါ
ခေါင်းလျှော်ပါ
ရေချိုးပါ
လာလေ...ဒို့သွားကြရအောင်။

ဝိညာဥ်မဲ့ခေတ်များနဲ့
၂၄နာရီတို့ထံမှ
ကံကြမ္မာအရရွေးနှုတ်
ရေဒီယိုခလုပ်ကိုနှိပ်
သတင်းစာကိုလည်းပိတ်ခဲ့ပါ။

အစက်တစ်စက်မှ
အခြားအစက်တစ်စက်သို့
ဆက်သွယ်ပြီးမျဥ်းဖြောင့်တစ်ကြောင်း
ညောင်းညာနေရောပေါ့။

နှစ်ပေါင်းအသောင်းအထောင်
သိပ်သည်းစွာမှောင်ခဲ့
အရောင်၊ရနံ့
ရသ၊လူ့အခွင့်အရေး
မြင့်မြတ်သောကလေးငယ်
ချိုနွေးသောမိခင်နို့
တို့ထိတီးခတ်လိုက်သောအခါ
လက်မှတ်ထိုးထားသောစာရွက်
မိုးချုန်းပျက်သံကြားရတယ်။

အတွေ့အကြုံနုနယ်စဥ်
မျက်ရည်ဆိုသောအသင်
လူမသိခင်ခုန်ဆင်းသွားရဲ့
သစ္စာဖောက်တစ်ယောက်အမူအကျင်နဲ့။

လမ်းတူသူချင်းသာ
ဒဏ်ရာကိုဆေးကု
သွေတိတ်အောင်ပြုစုလို့
ဒို့နောက်ကလူတွေလဲသတိရနေမယ်။

ကြောက်ကြဟေ့၊ကြောက်ကြ
ဒီနေ့ကိုသူတို့ပိုင်သ သတဲ့
အို ထမင်းစားခဲ့
အို အသက်ရှူခဲ့သူများသို့
ဆိုက်ဗေးရီးယားရောက်
သစ္စာတရားဟာ
ကျန်းမာလျှက်ရှိကြောင်းသတင်းရတယ်။

အိမ်ရယ်
အိပ်ယာရယ်
သံယောဇဥ်များရယ်
ချစ်သောသူရယ်
ပူပင်ပေမယ့်ခဏခွဲခဲ့ရ
ပြန်ဆုံကြတော့ပိုလို့နွေးမယ်။

ခြေထောက်များရဲ့အောက်
သမန်းညက်လောက်အောင်
'ဆက်လျှောက်ကြ'
'လျှောက်ကြ'
'လျှောက်ကြ'

လျှပ်တစ်ခါပြက်
မျက်တောင်တစ်ခါခတ်တိုင်းအံ့ဖွယ်ပ
ဝါကျ၊ပုဒ်မ
စကားလုံး၊သွေးနံ့
အဖြူသန့်စားပွဲခင်း
ဟင်းခွက်ပေါင်းငါးရာ
မုသာဝါဒနဲ့
​ဘာသာဗေဒတစ်ခုလေ
ကမ်းနားရေစပ်မှာထိုင်နေရဲ့။
'အလို'
ကိုင်းပင်ကဗျိုင်းတောင်
တောင်ပံလန့်ပျံပြေးသွားတယ်။

အို လူ့သမိုင်း
စောင့်ဆိုင်းမှုသမာဓိ
ပြည့်ဝမြဲ ပြည့်ဝတော်မူပါအရှင်။

ဟိမဝန်တာ
ဂန္တဝင်မြောက်တောအုပ်
လမ်းရှုပ်သည်ဖြစ်စေ
လမ်းရှင်းသည်ဖြစ်စေ
ရွှေပြည်တော်ကြီးနီးပါပြီ။

'လူ့ဘဝကား
အိမ်မက်မျှသာဖြစ်၏'
သစ်ပင်ပျို ပင်စည်တို့၌
ထိုစာပိုဒ်ကိုတွေ့ရမည်
ငါရေးသားခဲ့ခြင်းဖြစ်ပေသည်။  ။

-အောင်ချိမ့်

#Collage by Poetry Cafe

ဘာလဲဘယ်လဲမောင်ရေခဲ



ဘာလဲဘယ်လဲမောင်ရေခဲ 

ပြုံးနေတဲ့ မျက်နှာပုံနဲ့
ဒီလိုမနေနဲ့

မဲ့နေတဲ့ မျက်နှာပုံနဲ့
ဒီလိုနေတဲ့

ခေတ်ကြီးက
အာဏာကြောင့် ပျက်နေရတဲ့ကြားထဲ
စောက်ရူးက အာဏာလာပြနေပြန်တယ်

ထိုင် ထိုင်ပြန်ပြီ
စား စားပြန်ပြီ
သွား သွားပြန်ပြီနဲ့

တရားစကား အပြောများလာလို့လား
မဟားဒယား ပေါများလာလို့လား
ရှားပါးတဲ့ခေတ်ကြီးထဲ
ချစ်ခြင်းတရားဟာ ပါးပါးလာ

ကျားကလည်း တမျိုး
ရှင်ကြီးကလည်း တမျိုးနဲ့
လီးလို မှိုလိုမျိုး

နေမြင့်လေ အရူးရင့်လေဆိုသလို
လှေကလူးလာလေ 
ဘုန်းကြီးတွေပိုရူးလာလေ။

#အန်နိုလာ

- Revolution -



- Revolution -

ဒီပန်းသီးကို မခူးပါနဲ့လို့
တားမြစ်လိုက်ကတည်းက
အာဒံဟာ ဖန်ဆင်းရှင်ကိုတော်လှန်ဖို့
ကြိုးစားတော့တာပါပဲ။

ဒီလိုနဲ့...
လူဟာ တော်လှန်ရေးက
ဆင်းသက်လာတဲ့ သတ္တဝါတွေ ဖြစ်လာခဲ့ပါတယ်။

◾️အန်နိုလာ

ကမ္ဘာကြီးကိုငါမေးရပါဦးမယ်



#ကမ္ဘာကြီးကိုငါမေးရပါဦးမယ်

ဘဝအဓိပ္ပါယ်ဆိုတာ
လူသတ်သမားလက်ထဲက ဝက်အူလှည့်တွေလား
ကမ္ဘာကြီးကို ငါမေးရပါဦးမယ်။

ဘဝအဓိပ္ပါယ်ဆိုတာ
မီးလင်းဖိုထဲက မီးသွေးခဲတွေလိုလား
ကမ္ဘာကြီးကို ငါမေးရပါဦးမယ်။

လူနှစ်ယောက် ချစ်မှုပြုပြီးလို့
စွန့်ထုတ်လိုက်တဲ့ သုတ်ပိုးတွေကြောင့်
ဓမ္မကိုပျက်ရယ်ပြုဖို့
မွေးဖွားလာတဲ့ သရော်စာတပုဒ်အကြောင်း
ကမ္ဘာကြီးကို ငါမေးရပါဦးမယ်။

ငါတို့သေရမှာထက် 
အာဏာရူးတွေ အသက်ရှင်မှာ ကြောက်တယ်ဆိုတဲ့ ပြည်သူတွေအကြောင်း
ကမ္ဘာကြီးကို ငါမေးရပါဦးမယ်။

ကမ္ဘာကြီးရေ...
လူတစ်ယောက် ဘုရားလုပ်တမ်းကစားနေတာနဲ့တော့
ကျနော့်မေးခွန်းတွေကို စောက်ဖက်မလုပ်ဘဲ မနေပါနဲ့။

မျက်စိရှေ့မှာတင် ဆပ်ပြာပူဖောင်းလေးတွေ
အသံတိတ် ပေါက်ကွဲကုန်ကြပြီ။

#အန်နိုလာ
Dec 16 2021

ကြယ်



ကြယ် 


ကိုယ့်ကိုယ်ကိုယ် ရိုက်ခွဲပစ်လိုက်တဲ့

မှန်ချပ်တွေပါပဲ။

ကျောပိုးအိတ်ကလေးထဲမှာ လွမ်းစရာတွေ 

ထည့်ထားတယ်။

ဦးနှောက်မှာ မနက်ဖြန်ရဲ့

အနာဂတ်တွေက

တွန့်လှုပ်လို့။

တိမ်တွေဆီ ခရီးထွက်ဖို့

ကောင်းကင်ရင်ခွင်ကို ကျောခိုင်းခဲ့ရသူတွေပါ။

အိမ်အပြန်လမ်းမှာ 

ထမ်းလာတဲ့ ရွှေအိုးကို

နိုင်ငံတော်လို့ အမည်ပေးကြလိမ့်မယ်။



#အန်နိုလာ


Wednesday, September 21, 2022

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်



ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်
---------------------------------------


လာကြပါလေ
လူပင်လယ် ပန်းခင်းကြီး
အမှောင်ကမ္ဘာက ဖွင့်ထွက်
ခပ်ရဲရဲ  ပွင့်ကြရအောင်
   
ဒီမိုကရေစီ  ဝေါဟာရ
ပွင့်သစ်ဖို့  စွန့်လွှတ်ကြပါစို့
      
ငါတို့ခေါင်းက  ထွက်တဲ့သွေး
အနာဂတ်ပန်းတွေ လန်းစေရေး
ဆွတ်ဖြန်းပေးမယ်
 
ငါတို့ ခန္ဓာရဲ့မြေဆွေး
တန်းတူအရေးအတွက်
ပေါင်းသင်ပေးမယ်

အဖျက်သမား
ဖက်ဆစ် မိစ္ဆာတပ်အား
ဟောဒီ ကမ္ဘာမြေပေါ်မှာ
အရှင်မထား 
   
တူတန်ရာ  အဝီစိငရဲ
တို့အားနဲ့  ပို့ကြရအောင်

ကျဆုံးရဲဘော် ပြည်သူတွေကို
တိုင်တည်လို့
ဖက်ဆစ် ကြေးစားတပ်ကို
အဆုံးထိ သေတပန်ဆုံး
တိုက်ထုတ်ကြပါစို့



San Zuren 🌸

သမိုင်းပေးတာဝန်



သမိုင်းပေးတာဝန်
-------------------------


၁၉၆၂ကနေ ဒီနေ့ထိဟာ
စစ်အာဏာရှင် စနစ်ဆိုးအောက်မှာပဲ
ရှိသေးတယ်

တိုင်းပြည်ရဲ့အာဏာဆိုတာ
ပြည်သူတွေရဲ့မူလပိုင်ပစ္စည်း
မွေးရာပါရပိုင်ခွင့်ပဲ

ဘယ်သူကအုပ်ချုပ်
ဘယ်သူကဥပဒေပြု
ဘယ်သူကတရားစီရင်ဆိုတာဟာ
ပြည်သူတွေကပဲ
ရာနှုန်းပြည့်ဆုံးဖြတ်သတ်မှတ်ရမှာ
ဒါကိုတယောက်ယောက်တဖွဲ့ဖွဲ့က
အဓမ္မစီမံနေသရွေ့
ဒါဟာအာဏာရှင်စနစ်ပဲ

ပြည်သူ့လက်ထဲကို
အာဏာ ပြန်မအပ်လည်း
ရအောင်တိုက်ယူမှာပဲ

"ဒါပြည်သူအားလုံးရဲ့သမိုင်းပေးတာဝန်"

မသေရင် ရှင်တယ်
မရှင်တော့ရင် သေမယ်
မသေခင်ခဏ
လိပ်ပြာလှလှလေးလို ပျံသန်းမယ်
ဖြစ်တည်ရှင်သန်ခြင်းဘဝကို
လူဆန်ဆန် လျှောက်လှမ်းမယ်



San Zuren 🌸

စကားလုံးမရှိ



စကားလုံးမရှိ
------------------

နင့်ကနဲ ခံစားလိုက်ရတဲ့
စာနာစိတ်အတွက် ...
ရေးပြစရာ စကားလုံးမရှိ.... 😔

ကိုယ့်သားသမီးတွေ ဒီလို
နေရာ မရောက်သေးသမျှတော့

ဒီတော်လှန်ရေးကြီးက
ကိုယ်နဲ့ မဆိုင်ဘူးလို့ ထင်နေကြဦးမှာပဲ

ကိုယ်နဲ့ ဆိုင်သလိုနေမှ နိုင်မယ့်
တော်လှန်ရေးကြီးပါ

တတ်နိုင်တဲ့ဘက်က
ကူညီပါ
လှူကြပါ
ထောက်ပံ့ကြပါ
ကလစ်ကြပါ


San Zuren 🌸

ဝလုံးရေးဖို့ ရွှေခဲထိုင်



ဝလုံးရေးဖို့ ရွှေခဲထိုင်

ခဲတံတွေလည်း ကျိုးခဲ့ပြီ
သွေးတွေလည်းစွန်းခဲ့ပြီ
ဝလုံးလေးတွေ မဝိုင်းနိုင်တော့ဘူး
ညီလေး မင်း ငြိမ်းချမ်းသွားပြီလား
တောရွာအရပ်က လေယာဉ်သံတွေက
မြို့ပြက ဒီဂျေအသံတွေကို ထိုးဖောက်ဖို့
ဗုံး  ဘယ်နှလုံးလောက်ကျဲပြဖို့လိုနေသေးတာလဲ
ဘာအရေးလဲ  အရင်လိုပဲ 
Save The Children ပေါ့......

ThaeNu

မငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေး သမိုင်း


မငြိမ်းချမ်းတဲ့
ငြိမ်းချမ်းရေး သမိုင်း
    

ဆင့်ကဲ ဆင့်ကဲ
ဖြစ်ထွန်းမှုတွေနဲ့
ယဉ်ကျေးမှုတွေ
ပြောင်းလဲတိုးတက်နေတဲ့
ကမ္ဘာ့ လူဘောင်ကြီးဆို...

ခုတော့လည်း
ကမ္ဘာဦး ကျောက်ခေတ်
အားကြီးသူ အနိုင်ယူစတမ်း
စိတ်ဓါတ်တွေနဲ့
တောရိုင်းဥပဒေတွေက
မင်းမူ လိုစိုးမိုးနေတုန်း...

အာဏာဟာ
သေနပ်ပြောင်းဝက
လာတယ်တဲ့ ကလေးရေ...

စစ်မြင်းတွေ ခွာသံပေး
ကစုန်ဆိုင်းလိုက်တိုင်းမှာ
အသိုက်အမြုံ တွေ
မီးဟုန်းဟုန်းတောက်ရ..
အနာဂတ် တွေ လည်း
ပျောက်ရှ
ဘဝတွေလည်း ပျက်ရ
အသက်တွေလည်း သေရ

အချုပ်အခြာ အာဏာ
နယ်မြေပိုင်ဆိုင်မှုတွေနဲ့
နိုင်ငံတော် တဲ့
လွတ်လပ်ရေး၊ငြိမ်းချမ်းရေး
သိပ်ကို ခမ်းနားတဲ့
ဂုဏ်ဒြပ်တွေနဲ့
ကြီးမြတ်တဲ့ .....
စကားလုံးတွေပေါ့ကွယ်

အကျိုးစီးပွား အတ္တတွေနဲ့
လူကြားကောင်းအောင်
လှိင်လှိင်သုံးနေလိုက်တာများ
တကယ့်ကို
သူတော်စင်ကြီးတွေနေတဲ့
ကမ္ဘာကြီး တစ်ခုလို...

ငြိမ်းချမ်းရေး သမိုင်းကို
သွေးတွေနဲ့ပဲ ရေးခဲ့ကြတာများ
သမိုင်းတကျော့
ပြန်လည်လာရင်
မငြိမ်းချမ်းခဲ့တဲ့
ငြိမ်းချမ်းရေး
ရှာဖွေသူ ဝိဉာဉ်တွေက
ဟားတိုက်ပြီး ရယ်မောနေရော့မယ်

ဝမ်းနည်းစရာပါပဲ
ငါတိုအိမ်
ခေါင်မိုးမလုံခင်မှာကို
ကမ္ဘာကြီးက
မည်းမည်းမှောင်
နေပြန်ပါရောလေ...။

/ငရာ/

ငြိမ်းချမ်းရေး


ငြိမ်းချမ်းရေး

--------------------

ကချင်က ဝါးခုတ်

ကရင်က နှီးဖြာ

ကယားက တိုင်ထူ

ချင်းက ကြမ်းခင်း

မွန်က နှီးချည်

ဗမာက ထရံရက်

ရခိုင်က သက်ငယ်ပျစ်

ရှမ်းက ခြံစည်းရိုးကာလို့....

မိုးပြာပြာအောက်

ရိုးရာအိမ်ကလေး

ဆောက်ကြရအောင်....


San Zuren

ဘာမှအဆင်မပြေဘူး


ဘာမှအဆင်မပြေဘူး
------------------------------

လေက အေးပေမယ့်
လတ်ဆတ်မနေဘူး

လမ်းမတွေကျယ်ပေမယ့်
မလွတ်လပ်ဘူး

ချစ်ခင်သယောင်ရှိပေမယ့်
တစ်ဦးနဲ့တစ်ဦး
သံသယတွေနဲ့

အိပ်ပျော်သယောင်ယောင်ပေမယ့်
အိပ်မက်ဆိုးတွေနဲ့

တံခါးတွေပိတ်ထားပေမယ့်
လုံခြုံမနေဘူး

မနက်ဖြန်ဆိုတာ
ရှိကောင်းရှိနိုင်ပေမယ့်
မနေ့ကတွေအတိုင်းပဲ

စိမ်းလန်းတဲ့ဝန်းကျင်မှာပေမယ့်
အသက်ရှူမဝဘူး

ဘာမှ
အဆင်ပြေမနေပါဘူး
ငြိမ်းမှ
မငြိမ်းချမ်းဘဲ


San Zuren🌸

ကိုယ်


ကိုယ်
----------

ကိုယ်သာလျှင် ကိုယ့်ပျော်ရွှင်မှုကို
ဖန်တီးနိုင်တယ်ဆိုတာ သိလာလေ
ကိုယ်ဟာ သိပ်လောဘကြီးတတ်လာလေပဲ

ကိုယ့်ကိုယ်ကိုယ် ပိုလှအောင်နေတယ်
ပိုထက်မြက်အောင်နေတယ်

ကိုယ်ကျန်းမာအောင်နေတယ်
စာများများဖတ်တယ်

ကိုယ်ပိုကြီးပြင်းရင့်ကျက်ဖို
လက်တွေ့ဘဝထဲက သင်ခန်းစာယူတယ်

ကိုယ်အလုပ်ကြိုးစားတယ်
လိုအပ်သူအပေါ် ဝေမျှပြီး
ပျော်ရွှင်ခြင်းတွေကို ရိတ်သိမ်းတယ်

ကိုယ်မတုံပြန်ချင်တဲ့အခါ
တိတ်ဆိတ်ခြင်းကို ထွေးပွေ့တယ်

ကိုယ် မားမားမတ်မတ်ရှင်သန်‌တယ်


San Zuren🌸

Monday, September 19, 2022

"နိုင်ငံတော်ပြဇာတ်"



"နိုင်ငံတော်ပြဇာတ်"

ခေါင်းမပါတဲ့ရထားတစင်း
ကမ္ဘာကြီးထဲ မောင်း၀င်နေသလို
သစ်ပင်ကို အမြစ်တွေဖြတ်ပြီး 
မြေပြင်ပေါ် ထောင်ပြထားသလို
ဖရိုဖရဲ လှပါတယ်
ပြီးတော့...မရှုနိုင်မကယ်နိုင် လှပါတယ်

ရေကို ၀ယ်နစ်ရသလို မကျွတ်လွတ်နိုင်ခြင်းများ
မီးကို ၀ယ်လောင်ရသလို စော်ကားခံရမှုများ
ငါတို့ဟာ ဒုက္ခကို အောက်ကျနောက်ကျရှာဖွေခဲ့မိပြီလား

နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေတယ်
လက်တွေ တဆတ်ဆတ် တုန်နေတယ်
စိတ်ဟာ တဆတ်ဆတ် တုန်နေတယ်

ဒီအရပ်မှာ ပျော်ရွှင်မှုတွေ 
လူမနေတဲ့အခန်းထဲက ဘုရားပန်းလို 
ညှိုးလျော်ခြောက်ကပ်နေခဲ့တာ ကြာပြီ

ဒီအရပ်မှာ မျှော်လင့်ခြင်းတွေ သစ်ခက်လို အစိမ်းချိုးခံခဲ့ရတာလည်း ကြာပြီ

တဇာတ်လုံး သွေးထွက်သံယိုရှုမျှော်ခင်း
အရသာဟာ လျှာကို လွှဆွဲနေတယ်
ငါတို့ မပျော်ရွှင်ခဲ့ရဘူး ငါတို့ ပျော်ကျခဲ့ရတယ်

ဂျုံစိုက်ခဲ့တဲ့လက်တွေဆီ 
ဂျုံဟာ ပေါင်မုန့်အဖြစ် ပြန်မလာဘဲ
ဂျုံစိုက်ခဲ့တဲ့ဘဝတွေဆီ
ဂျုံ ဟာ ကျည်ဆံအဖြစ် ရောက်လာခဲ့ပါပေါ့

ခိုးသားဓားပြတွေရဲ့ရန်ထက်
ရေဘေးမီးဘေးက ဘဝတွေကို လမ်းဘေးဆွဲချသွားခဲ့တယ်
ရေဘေးမီးဘေးထက် မင်းဘေးအန္တရာယ်က
အရာအားလုံးကို ငရဲထဲ ဆွဲချသွားခဲ့တယ်

အရှင်လတ်လတ် တယောက်ချင်း ပျက်ကျရ
အရှင်လတ်လတ် တမိသားစုချင်း တပ်ပျက်ရ
အရှင်လတ်လတ် ကမ္ဘာပျက်သလို ဆောက်တည်ရာမဲ့ရ

ပြည်သူတစ်ဦးဟာ 
သမ္မတရဲ့ထမင်းစားပွဲဝိုင်းက အသားစကို
ခွေးလို လျှာနဲ့ ခိုးယက်နေရတယ်

ဒီဒေသမှာ အမှန်တရားဟာ 
အသက်တစ်ချောင်း
ဒီဒေသမှာ ဥာဏ်ပညာဟာ 
သံခြေကျင်းခတ်ခံထားရတဲ့အကျဉ်းသား
အာဏာရှင်ဟာ ပြည်သူကို 
လက်နက်နဲ့သာ စကားပြောတယ်

မြေခွေးတစ်ကောင်လို တွေးခေါ်တတ်သူဟာ
မြေခွေးတစ်ကောင်လိုသာ 
ကောက်ကျစ်ယုတ်မာတတ်ပေလိမ့်မယ်

ဒီနိုင်ငံမှာ ပြည်သူ့ဂုတ်သွေးကို 
ရေစုပ်စက်နဲ့စုပ်သလို စုပ်ယူခဲ့လွန်းလို့
ဘီလူးသဘက်ဖြစ်သွားတဲ့အစိုးရနဲ့
ဒီနိုင်ငံမှာ လူနဲ့သူနဲ့မတူတော့တဲ့နိုင်ငံသားတွေ...

တော်ပြီ...
နောက်တစ်ခါဆို ဘယ်အာဏာရူးရဲ့လက်နဲ့မှ
နိုင်ငံတော်အလံကို မလွှင့်တော့ဘူး။ 

-ကိုသျှား

#Collage By Poetry Cafe
မနက် အိပ်ရာထရင် မျက်နှာသစ်ရသလို
တစ်နေ့ ထမင်း နှစ်နှပ်စားရသလို
အချိန်တန်ရင် ကျောင်းသွား၊ 
အလုပ်သွားရသလို
စိတ်ကောက်ခြင်းကို နေ့စဥ်ပြုမြဲ ၊ 
ဝတ္တရားတစ်ခုလို မပျက်မကွက် 
ပုံမှန်ဆောင်ရွက်တတ်တဲ့ 
မိန်းကလေးတစ်ယောက်နဲ့ 
ချစ်ကြိုက်ဖူးရင် 
ကျွန်တော့်ကို ကိုယ်ချင်းစာမိမှာပဲ။ 

တစ်ခါတလေ ပုံမှန်ထက် ပိုပြီး 
အိုဗာတိုင်နဲ့ စိတ်ကောက်တာမျိုးတောင် 
ရှိသေးတယ်။ 

အဲ့ဒီလိုပဲ
ချစ်သူကို အရှုံးပေးဖို့၊ လိုက်လျောဖို့၊ 
သူအလိုမကျတဲ့အခါ 
ချော့မော့ဖို့ကို 
အထက်အရာရှိက ပေးအပ်ထားတဲ့ 
တာဝန် ဝတ္တရား တစ်ခုလို 
ကျေပွန်စွာ ထမ်းဆောင်တတ်တဲ့ 
ကောင်မျိုးကို ပြပါဆိုရင် 
ကျွန်တော့်ကိုသာ 
လက်ညှိုးဝိုင်းထိုးကြစမ်းပါဗျာ။ 

-မင်းလူ
(အမည်မဖော်လိုသူအချစ်- မှ)

"တော်လှန်ရေးပန်းခြံ"

"တော်လှန်ရေးပန်းခြံ"

အလံတော်ဟာ
တစ်ဝက်ပဲလွင့်နေတယ်

အနီရောင်ကြယ်ကြီးတစ်လုံးဟာ
မြေကြီးထဲစိုက်ဝင်လို့

ပန်းဖြစ်တာချင်းတူပေမဲ့
ငါတို့ဟာ
လွမ်းသူ့ပန်းခွေဖြစ်ခဲ့ကြတယ်။

-အောင်ခိုင်မြတ်

"ငရဲမှာ အရှင်လတ်လတ်"

"ငရဲမှာ အရှင်လတ်လတ်"

လမ်းလည်း မလွတ်ပါဘူး
သစ္စာပန်းများ ညှိုးရော်

ကားတာယာတွေ မီးပုံရှို့
မီးခိုးရဲ့ နေရပ်လိပ်စာ
လာရာလမ်းကို စုံစမ်းစရာမလို
စွန့်လွှတ်သူတို့ သွားခဲ့ကြပြီးပြီ

ကြွေးကြော်သံတွေ အရပ်ရှစ်မျက်နှာ
မျက်ရည်မှာ လက်သီးလက်မောင်းတန်းလို့

တအိမ်ထဲဆိုလည်း
ကမ္ဘာကို ချိတ်ဆက်
အားမလျော့သော မီးလျှံတွေ

ခွင့်လွှတ်ပါဘုရား
ထိခြင်းငါးပါးမှာ
ထောင်ထားတဲ့ လက်သုံးချောင်းမပါသေးတဲ့အတွက်

အဓမ္မကို တော်လှန်သောတရားဓမ္မ
ဘုရားတားလည်း
သည်လမ်းကို ဆက်လျှောက်မယ်။ ။

-မိုးရင့်ကြယ်

'စက်တင်ဘာမိုးရေစက်များ''



''စက်တင်ဘာမိုးရေစက်များ''

ညီမလေးရေ
အဲဒီနေ့က
ကောင်းကင်ကြီးမျက်ရည်စို့ 
မိုးတွေလည်းညို့လို့။

သမီးကအမာခံမဟုတ်ဘူး
အသေခံတဲ့
မင်းပြောခဲ့တယ်။

ညီမလေးရေ
ချီတက်လာသူတွေကို
မင်း‌ဈေးပန်းဗန်းထဲက
ချ,ချကျွေးခဲ့တဲ့
ကြံချောင်းတွေဆို
ခုထိတိုင် ချိုနေတုန်း၊

ညီမလေးရေ
မင်းလဲကျသွားသည့်တိုင်
မလွှတ်တမ်းကိုင်ခဲ့တဲ့
တို့ ဖခင်ဓာတ်ပုံ
တို့အားလုံးရဲ့နှလုံးသားအစုံနဲ့ 
ခမ်းမများအားလုံးမှာ
အပြီးအပိုင် ချိတ်ဆွဲလိုက်နိုင်တာ 
မင်းပေးခဲ့တဲ့စံနမူနာ။ 

ညီမလေးရေ
မိုးတွေညိုတဲ့ 
ဒီလိုနေ့တိုင်းမှာ 
မင်းနဲ့အတူ 
စွန့်ခဲ့သူအပေါင်းအတွက်
မျက်ရည်ပန်းခွေ
လမ်းတွေပေါ်ပြည့်လို့ 
ညီမလေးရေ - - - 

-မင်းကိုနိုင် (၁၉ - ၉ - ၂၀၁၂)

Collage By Poetry Cafe

Sunday, September 18, 2022

Change The Earth

Change The Earth
--------------------------


မတရားမှု
လိမ်လည်မှု
လောဘကြီးမှုတွေ ကို ဆန့်ကျင်ပြီး

ရိုးသားမှု
အမှန်တရား
စာနာမှုတွေ အတွက်
သင့်အသံကို မြှင့်တင်ဖို့ မကြောက်ရွံပါနဲ့

အသံမထုတ်နိုင်သူတွေအတွက်
အသံထုတ်နိုင်သူတွေက
အသံထုတ်ပေးရမယ်

ကမ္ဘာပေါ်မှာ ရှိတဲ့သူတိုင်း
ဒီလိုလုပ်မယ်ဆိုရင်
ကမ္ဘာကြီးပြောင်းလဲသွားပါလိမ့်မယ်

Never be afraid to raise your voice for honestly and truth and compassion against injustice and lying and greed.

Those who have a voice must speak for those who are voiceless.

If people all over the world would do this, it would change the earth .🌎



San Zuren 🌸

စစ်မီး

စစ်မီး
----------


တော်လှန်ရေး
ရေစက်တွေနဲ့
ဆုံကြုံလွန်းရတဲ့ "နိုင်ငံ"

စစ်မီး ဆိုတဲ့
အခန်းဆက်
ဝတ္တု ရှည်ကို
ဝဋ်ကြွေးလို့
ခေါင်းစဉ်တပ်
မျက်ရည်‌တွေ
သွေးတွေနဲ့ ပဲ
ရေးနေခဲ့ရ

သေကြ
ပြာကျ
ရွာကလူတွေ

ဖိနှိပ်ခံ
စတေးခံ
သူရဲကောင်းတွေ

အိုးပျောက်
အိမ်ပျောက်
ဘဝပျက်သူတွေ

သူပြေး
ကိုယ်ပြေး
စစ်ဘေးပြေးတွေ

အခြေမကျ
အနေမလှ
ကြေမွများလှပြီ

မြေပြင်မှာ စစ်ပွဲတွေ
ရင်ခွင်မှာ အနာတရတွေ

စစ်ပွဲတွေကို မုန်းတယ်
သို့သော် စနစ်ခါးတော့
စစ်ချိုတယ်

တော်လှန်ရေးကား
ရှည်လျားလှ၏
ကြမ်းတမ်းလှ၏

သို့သော်
ဆက်လျှောက်မည်
ဆိုးရွားယုတ်ညံ့သည့်
စစ်အာဏာရှင်ကို
မည်သည့်အခါမျှ
ဒူးမထောက်

ဉာဏ်ပညာ
ချစ်ခြင်းတရားတို့ဖြင့်
တော်လှန်ရေး
အမြန်အောင်ရမည်



San Zuren 🌸

ဝိဉာဉ်မှတ်တမ်း

ဝိဉာဉ်မှတ်တမ်း

သေလွန်ပြီးသူများ
ကောင်ကင်ယံမှာ နားစက်ပါတော့ဆိုပေမယ့်

လိပ်ပြာမလုံလို့တဲ့

ကလေးက နိုင်ငံရေးက စိတ်ဝင်စားရင် ဂြိုလ်ကောင်လို့ သတ်မှတ်တဲ့ ပတ်ဝန်းကျင်ထဲမှာ

အာကာသထဲက ကဗျာများကို ငါရေးစပ်
တို့ထိရေးသားတဲ့ မင်စက်တိုင်းမှာ
သေလွန်သူတို့ သွေးမျက်ရည်ပါတယ်

မကောင်း‌တဲ့သူများကို
ကောင်းတဲ့သူများက ဘယ်တော့မှ မနိုင်ပေ

ကံတရားသည် မျက်နှာလိုက်သလားဟု ကျွန်ုပ်စွပ်စွဲလိုသည်

ဤစွဲချက်ကို မတရားခံရ သေဆုံးကြသူ
အမျိုးသမီး
ကလေး
စစ်သည်တော်များ သက်သေခံစေ

အဆုံးအဖြတ်ပေးတဲ့ အချိန်ကျရင်
ငွေသားနည်းလို့ ချိန်ခွင် မညီနိုင်ပါက

ငရဲသာ ဆွဲချလိုက်ပါ

ဘူဇွာတွေနေနေတဲ့ နတ်ပြည်ထက်
သူရဲကောင်းတွေနေတဲ့ ငရဲက

ပိုသာယာပါတယ်

#Tommy

STORY



STORY
----------


ကဗျာဆရာ ဆိုတာ
လောကဓံကပေးတဲ့ နာကျင်မူတွေကို
နှစ်ဆခံစားနေရတဲ့ သူပါ

ကျွန်မဟာ...
အချိန်တန်လူတစ်ယောက်
ထမင်းဆာသလို ကဗျာကို ဆာပါရဲ့

ကဗျာလေးတစ်ပုဒ်ရေးနေရင်း
အတွေးတွေဆီ
တခြားခံစားချက်လေးတွေက
ဝင်ရောက်လာလေတော့
ကဗျာတိုတွေ ဆက်တိုက်ရေးဖြစ်ခဲ့တယ်

ကဗျာတိုလေးတွေကိုလည်း
လူအချို့က ကြိုက်ကြတယ်

သို့သော်
ကျွန်မရေးလက်စ ကဗျာကိုတော့
ဆက်မရေးဖြစ်ခဲ့
မပြီးသေးဘူး
ဆက်ရေးဖို့ လမ်းစရှာမရဘူး
Story ဖော်မရဘူး

အဲ့ကဗျာက

"ကျွန်မပါ"



San Zuren 🌸

ငါတို့မှာ ငါတို့ပဲရှိတယ်



ငါတို့မှာ ငါတို့ပဲရှိတယ်
-----------------------------


ပျော်ပါ
ပျော်ရွှင်မူဟာ လူတိုင်းနဲ့ ထိုက်တန်ပါတယ်
ချစ်ခြင်းတရား ကိုယ်ခြင်းစာတရားနဲ့ဆို
ပိုပြီး‌ပြည့်စုံတာပေါ့

ချစ်ခြင်းတရားဆိုတာ ဖိနှိပ်ခံရသူတွေကို
ပိုချစ်ပေးဖို့ ရပ်တည်ပေးဖို့အတွက်ပါ
ကိုယ်ခြင်းစာတရားဆိုတာ မျှဝေခံစားခြင်းပါ
လိုအပ်နေသူတွေအတွက် ပိုလျှံနေသူတွေက
ဝေမျှပေးတာမျိုး အတူတူခံစားပေးတာမျိုးပေါ့

လူတိုင်း ပျော်ရွှင်နိုင်ဖို့အတွက်
လူတချို့မှာတော့ ဘဝတွေ အနာဂတ်တွေ
ရင်းပြီး တိုက်နေကြပါတယ်

ဒါကြောင့်
စစ်အာဏာရှင်ကို
ဆန့်ကျင်တော်လှန်နေကြတဲ့ ရဲဘော်များကို
ပြည်သူတွေ စိတ်ဓာတ်ခွန်အား ပေးကြပါ
ထောက်ပံ့ ပေးကြပါ
ကလစ် ပေးကြပါ
နိုင်ရာတာဝန် ထမ်းဆောင်ပေးကြပါ

ငါတို့မှာ ငါတို့ပဲရှိတယ်



San Zuren 🌸

နှလုံးလှသူတွေ



နှလုံးလှသူတွေ
--------------------


ကြမ်းတမ်းတဲ့နှလုံးသား
ခက်ထန်တဲ့ကိုယ်ကျင့်တရားကြောင့်တော်လှန်ရေးသမား လုပ်နေကြတာ မဟုတ်ဘူး

ချစ်တတ်တဲ့ နှလုံးသား
ကြင်နာတတ်တဲ့ ကိုယ်ကျင့်တရား‌တွေကြောင့်
လူသားအားလုံး အကျိုးအတွက် တော်လှန်ရေးသမား လုပ်နေကြတာ ဖြစ်တယ်

ပြည်သူတစ်ယောက်ချင်းရဲ့နာကြင်မှုတွေကို
သူတို့နှလုံးသားက ခံစားသိနဲ့
အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို
တော်လှန်နေကြသူတွေ ဖြစ်တယ်

သူတို့အားလုံးဟာ နှလုံးလှသူတွေ ဖြစ်တယ်



San Zuren 🌸

ကလစ်ကာတို့၏ အင်အား




ကလစ်ကာတို့၏ အင်အား
----------------------------------


ငါတို့ ကလစ်ကာတို့၏ အင်အား
မိုးကြိုးသွားလို
မကောင်းဆိုးဝါး စစ်မိစ္ဆာများ
ရင်အားထိုးခွဲ ငရဲမီးလို
လောင်ကျွမ်းပါစေ

ပယ်လယ်ရေလို
တို့တွေဓမ္မ
လမ်းကြောင်းကြအောင်
လမ်းတွေဖောက်ဖို့
ကလစ် ကို ခေါက်တယ်

ကလစ်ကို ခေါက်ပြီး
အသစ်တွေ တည်ဆောက်
လမ်းကိုဖောက်
အဆုံးထိရောက်အောင်
လျှောက်ကြမယ်
လမ်းချင်းတူရင် လူချင်းဆုံတယ်

တည်ဆောက်ကြမည်

"ဒီမိုကရေစီ"



San Zuren 🌸

လောကဧည့်သည် ------------------------

လောကဧည့်သည်
------------------------

တစ်ကိုယ်ရေစာ အတ္တတွေနဲ့
ဘဝအမောတွေနောက်
မျောနေအောင် လိုက်နေရပုံများ...

"ငါ့ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး
သက်တန့်ဖြစ်သွား ငါ့ကိုပြန်မျှားခဲ့ပေါ့"
ချိုလိုက်တာ ဆရာ‌မောင်ချောနွယ်ရယ်
ဂန္တဝင်တွေပါပဲ ...

ကြောက်တယ်ဆိုပြီး လွယ်လွယ်နဲ့
လှည့်ပြန်မရတဲ့ ဘဝဆိုတာကြီးကို
ဆုပ်ကိုင်မိတဲ့အခါ သုံးမရတဲ့
ခေါင်းထဲကနေ နှစ်ချို့နေတဲ့
ဒဿန တွေနဲ့ ကျွန်တော့်အချိန်တွေ
လေလွင့်ဖူးတယ်...

ရှုံးမှာကြောက်လို့ သုံညလေး
တစ်လုံးရှေ့က ဖြတ်မလျှောက်ရတဲ့
တစ်ကောင်လိုပေါ့...

သိမ်ငယ်စိတ်တွေနဲ့ပဲ
နှလုံးသားနဲ့ ကဗျာတွေကို
လိုက်ရှာမိတဲ့အခါ
ကိုယ့်ရင်ဘက်ကပဲ ထွန်သွား
ကိုယ့်ရင်ဘက်ကိုပဲ လယ်ပြန်ထွန်...

ဒီလိုနဲ့ပဲ လူတွေမျက်နှာပေါ်က
ကမ္ဘာကြီးကို
ကျွန်တော်လည်းလေ
မယုံကြည်တက်တော့ဘူး...

မာယာတွေ ရစ်သိုင်းထားတဲ့‌
လောကဓံ တရားအောက်မှာ
ဘယ်လူသားမှ
ဒဏ်ရာ မကင်းခဲ့ပါဘူးတဲ့
ကိုတာရာမင်းဝေလည်း ပြောဖူးတယ်...

အဲ့ဒီလိုပါပဲ
ဒဏ်ရာတွေကို လိမ်းကျံရင်းနဲ့
အဇ္ဈတ္တမှာ အတ္တတွေကလည်း
အစွန်းတွေ ထွက်နေစမြဲ ...

တကယ်တော့ ဘဝ ဆိုတာ
ကောင်းကင်နဲ့ ငရဲ ကြားမှာ
"ဝိဝါဒ" အမျိုးမျိုးတွေနဲ့
ကွဲပြား နေစရာလည်း မလိုအပ်...

ဗန်ဂိုး ရဲ့ စကားအတိုင်းပါပဲ
သစ်ပင် မဟုတ်ဘူး
ဒါပေမယ့် စိမ်းလန်းရှင်သန်နေရမယ်
ပန်းပွင့် မဟုတ်ဘူး
ဒါပေမယ့်
ဖူးပွင့် ဝေဆာနေရမယ်
အဲ့ဒီလိုပဲ
ဆောက်တည်လိုက်တယ်

*လူ့ဘုံခန်းဝါ လူ့ပြည်ရွာမှာ
လာတုန်းခဏ ဧည့်သည်မျှ *

အတ္တသမ္မာ ပဏီဒိ
အတ္တာဟိ အတ္တာနော နာထော

/ငရာ/

Saturday, September 17, 2022

လူတစ်ယောက်ရဲ့အဓိပ္ပါယ်ကို
လာလာမစွက်ဖက်နဲ့
ကိုယ့်အဓိပ္ပါယ်နဲ့ကိုနေ
ဆုံးရှံးခဲ့တယ်ဆိုတာလဲ
သေချာပလေ့စေ။

လူတစ်ယောက်ကိုလက်သီးနဲ့ထိုးဖို့ဆိုတာက
ကိုယ့်မှာမေးရိုးရှိရတယ်တဲ့

ငါ့လက်သီးတွေမင်းဆီသက်ရောက်ဖို့
ငါ့မှာမေးရိုးရှိတယ်

ခုတော့မင်းမှာမေးရိုးမရှိပဲ
မင်းလက်သီးတွေငါ့အပေါ်လာလာသက်ရောက်နေတာက

အမှန်တရားရေ
မင်းတရားလွန်လွန်းပြီ

ဘဝမှာ လေးငါးခြောက်ခု မလိုပါဘူး
နှစ်ခုပဲ

ချစ်သူစစ်စစ်နဲ့
ရန်သူစစ်စ်

မောင်ချောနွယ် 

မစဥ်းစားခြင်းသေတ္တာ ...............................




မစဥ်းစားခြင်းသေတ္တာ
...............................

ကမ္ဘာမြေပေါ်မှာ
ကိုယ့်ကိုချစ်တဲ့လူဟာ
ဘောလုံးသင်းတစ်သင်းစာလောက်မှ ရှိရဲ့လား
မစဥ်းစားတော့ပါဘူး...တဲ့။

ဘယ်သူဟာ
ပန်းသီးတစ်လုံးကိုစားပြီး
နယူတန်လို တွေးခေါ်မိပါသလဲ
မစဥ်းစားတော့ပါဘူး...တဲ့။

သီချင်းတစ်ပုဒ်ကိုနားထောင်ရင်း
ဘယ်သူဟာ
ကမ္ဘာသစ်စေမယ့် သီအိုရီရခဲ့ဖူးလို့လဲ
မစဥ်းစားတော့ပါဘူး...တဲ့။ 

တစ်ကိုယ်လုံး တစ်ဘဝလုံး စုတ်ယူ
ကိုယ့်ကိုမသေရုံ မွေးမြူထားတဲ့လူတွေ
ရှိနေပြီ
မစဥ်းစားတော့ပါဘူး...တဲ့။

မည်သူမဆိုပေါ့
အရာအားလုံးကို မစွမ်းဆောင်နိုင်ဘူး
တစ်ခုခု လွဲချော်နေတဲ့အကြောင်း
ပြောပြချင်တယ်
မစဥ်းစားတော့ပါဘူး...တဲ့။ 

ကမ္ဘာပေါ်မှာ
ဘယ်အရာမဆို ညာလို့ရပေမယ့်
အစာအိမ်ကို ညာလို့မရတဲ့အကြောင်း
ပြောပြချင်တယ်
မစဥ်းစားတော့ပါဘူး...တဲ့။

လူတိုင်းလူတိုင်းရဲ့ ရင်ထဲမှာ
ပင်လယ်ရှိတယ်
လူတွေဟာ
ဒီပင်လယ်ကို ကျယ်ပြန့်အောင်
နက်ရှိုင်းလှပအောင်
မစီးဆင်းတတ်ကြဘူး
မစဥ်းစားတော့ပါဘူး...တဲ့။

မစဥ်းစားခြင်းသေတ္တာတစ်လုံး ရှိခဲ့တယ်
ဘာကိုမှ မစဥ်းစားတော့ပါဘူးတဲ့
ဂျင်းဘောင်းဘီအိတ်ထဲကို လက်နှိုက်
မစဥ်းစားခြင်းသေတ္တာဟာ
လေချွန်ပြီးနေလေရဲ့...။ ။

##မောင်ချောနွယ်
ကမ္ဘာမြေကြီးပေါ်မှာ 
အကုသိုလ်ပန်းတွေ ဝေပုံကလည်း
အဖူးပေါ် အညွန့်တက်လို့
တပ်မက်စရာပါလား...အမေ

အမေရယ်
လေတွေထန်လာလေလေ
သားမှာ ကြေကွဲရလေလေပါဘဲ
မိုးဦးအကျစောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ညတွေမှာ
မိုးတွေသိပ်ရွာတာပဲ အမေရယ် ။

အမှောင်နဲ့စိုစွတ်
မိုးရေတွေရွှဲရွှဲနစ်လို့
အသံတွေတောင်ငုတ်နေခဲ့ပါပြီ အမေ ။

အမေမသိဘူးလား
လူတွေရဲ့ အပြုံးမှာ
ကုန်စျေးနှုန်းတွေပါတယ် အမေရဲ့ ။
ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့လူတွေရဲ့ သဘောထားကို
သား တူးတူးခါးခါး မုန်းတယ်အမေ ။
                                              
#မောင်ချောနွယ်

အငွေ့ပျံနေ့ရက်များ

အငွေ့ပျံနေ့ရက်များ

အာခိမိဒိ သီအိုရီဟာ
သွားတစ်ချောင်းအဖြစ် ရောက်ရှိလာတယ်။
ရေချိန်လွတ်နေတဲ့ စားပွဲခုံတစ်ခုံ ခုန်လို့။
အလွန်တရာ အရသာရှိခဲ့တာက
မျှော်လင့်နေရတာ မှန်သမျှပေါ့။
ချစ်လှစွာသော လောကဓံတရားရေ
ဖြစ်ချင်တိုင်း မဖြစ်ရတာကိုပဲ ချစ်နေရပါတယ်။
အသက်ရှူသံတွေထဲမှာ ပန်းပွင့်တွေရှိတယ် 
အသက်ရှူသံဟာ ပန်းပွင့်ဖြစ်တယ် 
ဆူးရှိ
အရသာ ချဥ်စူးစူး
အစေးလည်း ထွက်
ကျီးပေါင်းတက်နေတဲ့ အိပ်မက်တစ်ခု
အသက်ရှူသံပန်းပွင့်ထဲမှာ ရှိနေလေရဲ့ ။

-မောင်ချောနွယ်

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...