Sunday, November 6, 2022


လေတသုန်သုန်တိုက်လျက်
မိုးစက်များစိုရွှဲလျက်
ကမ္ဘာမြေဟာ
လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့
သစ်ရွက်အနွမ်းတို့ကို
အုပ်မိုးပွေ့ဖက်တော်မူပါတယ်။

ရှေးဟောင်းပစ္စည်းတွေဟာ 
တချိန်ချိန်မှာ ပြန်လည်တူးဖော်တွေ့ရှိရတယ်။

ဆီတိုးဝယ်ရင်း
ရောဂါကုဖို့ဆေးမဝယ်နိုင်ရင်း
ငတ်မွတ်ခေါင်းပါးရင်း
ရရာလက်နက်စွဲကိုင်ရင်း
တိတ်ဆိတ်စွာမျက်ရည်ကျ​ခြင်းနဲ့
ဒုက္ခ၊သောက၊ဗျာပါဒနဲ့။

ပေးဆပ်ကွယ်လွန်သူ
လူငယ်လူကြီးများရဲ့နာမည်ကို
သက်ဆိုင်သူတွေပြန်လည်တူးဖော်တဲ့နေ့မှာ
ကျနော်တို့ရဲ့မှတ်ဥာဏ်မြေသားထုနဲ့
အုပ်မိုးပွေ့ဖက်ရပါလိမ့်မယ်။

-ဆပ်ရိပ်
၂၆၊၈၊၂၂
မျှော်လင့်ထားသမျှအားလုံး 
ဘာမှဆက်မဖြစ်လာခဲ့ရင်
မအံ့သြတတ်တော့တာ
ကြောက်စရာလား။

မကြာခဏ
အိပ်ဆေးနဲ့ကော်ဖီတွဲသောက်တယ်။

လျှပ်စီးတဖျတ်ဖျတ်
လေတသုန်သုန်။

သစ်ရွက်တွေကွယ်လွန်တဲ့အခါ
ဘယ်သူမှမသိခင် အပင်ပေါ်ကလွင့်ကျပြီး
တနေရာမှာ
ဝါနွမ်းခြောက်သွေ့ကြေမွသွားတော့တာပဲ။

အရာရာမှိန်ဖျော့နေတာ
ဘယ်သူ့ဘဝလဲကွယ်။

#ဆပ်ရိပ်

၂၀၂၁ တနှစ်လုံး
............................
မကြာခင် အဆင်ပြေသွားတော့မှာလို့
ပြောပြီး ခဏခဏဖျားတယ်။

မနက်မိုးလင်းတာနဲ့ ဘေးဘီဝဲယာမှာ
သူစိမ်းမြူတွေ သူစိမ်းလူတွေ။

လိုင်းရရင် လိုင်းကျတယ်
ဆေးသောက်ခါနီး ဆေးအမြဲပျောက်တယ်။

ဆန်းဒေးနဲ့ ဖက်ကြမ်းကိုရိုးလာရင်
ဖက်ကြမ်းနဲ့ဆန်းဒေး ပြောင်းသောက်တာပေါ့။

အနွေးထည်က လောက်တယ်။
အနွေးဓာတ်ကမလောက်ဘူး။

-ဆပ်ရိပ်
၂၄၊၁၀၊၂၂
လူတွေသေရင်အငွေ့မဖြစ်ဘူးသိလား.။
လူတွေသေရင်...

သူတို့ကိုချစ်တဲ့သူတွေဆီမှာ မှတ်ဉာဏ်ဖြစ်သွားတာ။
မှတ်ဉာဏ်အပိုင်းအကန့်လေးတစ်ခုဖြစ်သွားတာ။

-ဆပ်ရိပ်-

ဂရေ့စ်


ဂရေ့စ်

သေတဲ့သူက တစ်ခါပဲသေတယ်
ရှင်သန်သူကတော့ သတိရတိုင်းသေဆုံးနေရတယ်
(ဒါမှမဟုတ်လည်း)
သတိရရင်း ရှင်သန်နေရတယ်။

ဒီနှစ်ပိုင်းတွေမှာ ငါ့ခေါင်းကိုသူတို့ရိုက်ခဲ့တယ်
ငါ့နားထင်ကို သေနတ်နဲ့တေ့ထားခဲ့တယ် 
ငါ့လည်မျိုကိုဓားနဲ့ထောက်ထားခဲ့တယ်
ငါမငိုဘူး ငါ့အသံတုနျမနဘေူး။

ငါ့အမြဲစိတ်ကူးက
လူတွေရှေ့ ငိုချဖို့ထက်
လူတွေရှေ့ သေပြဖို့ပဲ
ဒါပေမယ့် မင်းဆုံးတဲ့ညက ငါမျက်ရည်ကျတယ်
မျက်ရည်ဟာ ကျဖို့ထိုက်တန်တဲ့သူအတွက်ဖြစ်ခဲ့ရင်
ဘယ်တော့မှပျော့ညံ့ခြင်းမဖြစ်။

ငါကယောင်္ကျားဆိုတော့
တစ်ကိုယ်တည်းရှိတော့မှ မင်းနာမည်ကိုရေရွတ်ရတယ်
"ကြားလား ဂရေ့စ်"
မင်းကိုပစ်တဲ့ကျည်ဆန်ဟာ
ငါ့ကိုလည်းထိခဲ့တယ်
ငါ့မှတ်ဥာဏ်မှာ စိုက်နေတယ်

မြင်းမွေးပြီး မင်းနာမည်ပေးတယ်
အပင်တစ်ပင်စိုက်ပြီး မင်းနာမည်ပေးတယ်
ငါရှင်သန်နေသရွေ့တော့
မင်းလည်း ဘယ်တော့မှမသေဆုံးပါဘူး
ငါ့စိတ်ထဲမှာ
အမြဲတမ်း

မသေသရွေ့တော့ ရှင်သန်နေရုံပေါ့
ငါသေဆုံးသွားတဲ့နေ့ကျမှ
ဘဝတစ်ပါးမှာ ဆေးလိပ်အတူခဲရင်း
မင်းနှုတ်ခမ်းကို အရင်လာနမ်းဦးမယ် အချစ်ရယ်။

-ဆပ်ရိပ်

ဘယ်သူသိမှာလဲ

ဘယ်သူသိမှာလဲ

အခုချိန်မှာ  လူတစ်ယောက်
သူ့ကိုသူ  suicide လုပ်သွားတယ်ဆို
ဘယ်သူသိမှာလဲ

အချိန်တန်လို့  သတင်းတက်လာရင်
sad react ပေးတာထက်
ဘာများပိုခံစားကြဦးမှာလဲ

​ညကြီးအချိန်မတော်  ပေတရာပေါ်က
သွေးတွေ ဆေးချနေတယ်ဆိုရင်ရော
ဘယ်သူသိမှာလဲ 

ကျဆုံးစာရင်းထဲ  နာမည်တောင်မပါလာဘဲ
တိတ်တဆိတ်ထွက်သွားသူတွေကိုရော
ဘယ်သူသိမှာလဲ


မင်းစိတ်ကို မင်း ညာနေတယ်ဆိုရင်ရော
ဘယ်သူသိမှာလဲ

ဘယ်သူမှမသိပေမယ့်
မင်းကိုယ်တိုင်ရော  လိပ်ပြာလုံလို့လား......
                     
                                                   ThaeNu

Wednesday, November 2, 2022

ပြန်ဆုံကြမယ်နော်

ပြန်ဆုံကြမယ်နော်
____________________

ဘာမှမပြုပြင်ထားတဲ့မြင်ကွင်းကို
တစ်ယောက်ချင်းစီထွက်ငေးပြီး ပျော်ရွှင်စွာဆွေးမြေ့နေပါ

အမှောင်လေးနည်းနည်းမှမယိုကျရင်
ညမဟုတ်ဘူးလို့ တွေးထား

လှိုင်းတွေက
အကိုင်းတွေပိုထွားကျိုင်းလာပြီ

ဘဝရဲ့အောက်မှာ
တစ်ယောက်တည်းကြွေရတာပဲအချစ်
ဒီတစ်ခါပြန်ပွင့်ရင် ငါတစ်ကယ်လာခဲ့ပါ့မယ် ။   ။

#အောင်ခိုင်မြတ်

တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားတဲ့အခါ

တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားတဲ့အခါ

ဟိုဘက်တစ်ခြမ်းမှာ
သမ္မတကမ်းခြေဆိုင်လေး ပြန်ဖွင့်ထားတယ်ကြားလို့
မင်းအမြန် အရောက်သွားတာလား

ကိုလှသန်းတို့ ကိုအောင်ဘညိုတို့
ကိုသိဏ်းသိဏ်းတို့ ကိုမြင့်စိုးတို့
ကိုလူအိမ်တို့ ဦးညွှန့်သစ်တို့
ကိုမင်းနွယ်စိုးတို့ ခက်သီတို့
မင်းကို စောင့်ကြိုနေကြလိမ့်မယ်

တခါတရံမှပေါက်ချလာမဲ့ ဦးအောင်ချိမ့်က
မင်းကို ငေါက်လိမ့်ဦးမယ်

ကဗျာကို
အံတကြိတ်ကြိတ်နဲ့ရေးခဲ့တဲ့ ငါ့သူငယ်ချင်း

လှစ်ကနဲ
ဘတ်စ်ကားပေါ်ခုန်တက်သွားတဲ့ ငါ့သူငယ်ချင်း

ဒီ ညီအကိုမသိတသိ မနက်ခင်းကြီးထဲ
ငါ့ကို မျက်ရည်ကျစေခဲ့တဲ့
ငါ့သူငယ်ချင်း   ။

၊#ကြည်ဇော်အေးသို့၊

အောင်ခိုင်မြတ်

ဝေးကွာခြင်းမှာဆေးရှိတယ်

ဝေးကွာခြင်းမှာဆေးရှိတယ်
__________________________

ပိုက်ဆံလိုသလို
မေတ္တာတရားလည်းလိုပါတယ်

ပိုက်ဆံလိုသလို
အချစ်လည်းလိုပါတယ်

အတူတူနေရမှမဟုတ်
အတူတူမနေရလည်း အချစ်ပဲ

လမင်းကြီးက မင်းနဲ့အတူတူနေဖူးလို့လား
မင်းချစ်တဲ့ကြယ်လေးတွေက မင်းနဲ့အတူတူနေဖူးလို့လား

နေ့နဲ့ည အတူတူနေကြတာမင်းမြင်ဖူးလို့လား
ဒါပေမဲ့ နေ့နဲ့ညကို ငါတို့တွဲမြင်ခဲ့ကြတယ်

ဘယ်သူမဆို ကိုယ်ချစ်တဲ့အရာတွေနဲ့
အတူတူနေချင်တာ တရားမျှတပါတယ်

မပျော်တဲ့ပွဲစားနဲ့တော့
ဘယ်သူမှ ပျော်ပွဲစားမထွက်ချင်ပါဘူး

ဝေးကွာခြင်းကို ပစ်ချထားလို့မရဘူး
ဝေးကွာခြင်းမှာ အင်အားရှိတယ်
ဆုံစည်းချင်ရင်တော့ ဝေးတတ်ရမှာပေါ့

ဝေးရဲမှ
နီးမှာ ။

#အောင်ခိုင်မြတ်



မကောင်းတဲ့ခေတ်ချင်း တူပေမဲ့
ဒီဘက်ခေတ်မှာတော့ သီချင်းတွေအကျယ်ကြီး
ဖွင့်ပေးတဲ့ လမ်းဘေးကဖေးဆိုင်တွေမရှိတော့ဘူး။

ကိုယ်စားသုံးချင်တဲ့ သီချင်းတွေကို
လမ်းဘေး ကဖေးဆိုင်ထိုင်ရင်း
လူရှေ့သူရှေ့ လွင့်မျောခွင့် မရှိတော့ဘူး။

အခုဆို ဘယ်သူက ဘယ်သူ့ကို
ကြိုက်နေတာမှန်းတောင် ငါတို့မသိနိုင်တော့ဘူး။

မင်း နားကြပ်လေးထဲက သီချင်းဟာ
ဘာသီချင်းပါလိမ့်
မင်းရင်ထဲမှာ ဘယ်သူတွေပေါက်ရောက်နေတာလဲ
ပျောက်ဆုံးခြင်းဟာ အခန်းကိုယ်စီဆီ
အထီးကျန်စွာ ရောက်ရှိလာ
ဘာသားနဲ့ထုထားတဲ့ နှစ်တွေလဲ။

ချာတိတ်ဆိုတာ
ကိုယ့်ရင်ဘတ်ကိုယ်
ထင်ရာစိုင်းပြီးဆွေးမြေ့ခွင့်ရှိပါတယ်။

- #အောင်ခိုင်မြတ်

အလွမ်းထိပ် အုတ်ခုံ



မျက်ရည်အစား
ငါကျပေးမယ်

ငါ့အစား မင်းပျော်
မင်းအစား ငါပျော်မယ်

တိုက်စစ်နဲ့ခံစစ်ဟာ ဝေးနေလို့မှမဖြစ်
အချိန်မီချုပ်မှ အစုတ်သက်သာမှာ

မီးစင်တွေက
ငါတို့ကိုကြည့်ပြီး ကကြပါစေ

ဂီတာတီးမယ် ပုန်ကန်မယ်
တွေးခေါ်မယ် တမ်းတမယ်
တစ်ယောက်ရင်ထဲကိုတစ်ယောက် စာပို့မယ် ။

#အောင်ခိုင်မြတ် (အလွမ်းထိပ် အုတ်ခုံ)

မိန်းမတစ်ယောက်ကိုအလှမွေးထားချင်တယ်



မိန်းမတစ်ယောက်ကိုအလှမွေးထားချင်တယ်
____________________________________

စောင်ကရှိပြီး
ဆောင်းက မရှိဘူး

စီးကရက်က ရှိပြီး
မီးခြစ်က ကျောက်ထွက်နေတယ်

ညစျေးတန်းကရှိပြီး
ညမွှေးပန်းက မရှိဘူး

မိန်းမတစ်ယောက်ရဲ့ဗိုက်ထဲက
ကျွန်တော်ထွက်လာတယ်

လူ့ဘဝဆိုမှတော့
သူ့ဘဝကိုယ့်ဘဝ ပေါင်းစပ်ရတာပေါ့

မြစ်တောင်
ရေနဲ့ပေါင်းပြီးမှ လှရရှာတာ

လမ်းကိုဘယ်သူခွဲခွဲ
လမ်းက ဘယ်သူ့ကိုမှမခွဲတာ
ကျွန်တော်ထိုင်ကြည့်နေမိ

ပျော်ပါတယ်ပြောပြောပြီး
မျက်ရည်တွေပဲ ဝဲနေတဲ့ ညနေခင်းထဲ ။

#အောင်ခိုင်မြတ်

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...