ပစ်မှတ်
ပြေး၊ပြေး ဆိုတာနဲ့၊
ဦးတည်ရာမဲ့ပြေးကြရ
မြို့ပြရဲ့လမ်းများပေါ်မှာ။
ဘာကြောင့်ပစ်ရမှန်း
မသိတဲ့ကောင်တွေဟာ၊
ဘာကြောင့်ပြေးရတာလဲလို့
ဝေခွဲတတ်မှာမဟုတ်ဘူး။
ရုတ်ရုတ်သဲသဲပြေးကြ၊
အရသာခံပစ်သူတွေရှေ့မှာ။
ကစဉ့်ကလျားပြေးကြ၊
အရသာခံရိုက်နှက်သူတွေရှေ့မှာ။
ဖရိုဖရဲပြေးကြ
ဆေးချထားတဲ့သေနတ်သမားတွေရှေ့မှာ။
အလဲလဲအကွဲကွဲပြေးကြ၊
ဦးနှောက်ကိုဆေးထားတဲ့
ကြေးစားတွေရဲ့ရှေ့မှာ။
ပြေး ပြေး ပြေး ပြေး၊
ဝေး ဝေး ဝေး ဝေး သွားကြပေါ့။
ဟော
ကြည့်လိုက်စမ်းပ၊
မြို့ပြရဲ့လမ်းများပေါ်မှာ၊
သံသရာတစ်ပတ်လည်လို့
သူတို့ပြန်လှည့်လာကြ။
အရင်တုန်းက
ကျောနဲ့ပြေးတဲ့သူတွေ
အခုရင်ဘတ်နဲ့ပြေးလာနေပြီ။
အရင်တုန်းကတဖြေးဖြေး
ဝေးဝေးသွားတဲ့ပစ်မှတ်၊
အခုကပို ပိုနီး
ကြီး၊ ကြီးလာတဲ့ပစ်မှတ်။
ကျောကိုပစ်ရတာနဲ့
ရင်ဘတ်ကိုပစ်ရတာ
အရသာကွာသလား။
ဓါးဓါးချင်း
လှံလှံချင်းမှာ၊
လိပ်ပြာချင်းကွာသလား၊
သိက္ခာချင်းကွာသလား။ ။
ခိုင်ဝင်း(ပုဏ္ဏဝတီ)
No comments:
Post a Comment