Tuesday, August 30, 2022

လွတ်မြောက်ခြင်း



လွတ်မြောက်ခြင်း

အို ဘုရား
ငါ့အလောင်း ငါပြန်မြင်နေရပါလား
စိတ်ထဲမှာ ငါ့ကိုယ်ငါသတ်သေလိုက်တာပဲ

အဖေလည်း မသိ
အမေလည်း မသိ
ငါ့သူငယ်ချင်းတွေလည်းမသိ။

ကဲ သေနတ်သုံးချက်ဖောက်လိုက်ပြီ
ရဲဘော် သင်သွားလိုရာ သွားနိုင်ပြီ။

ကိုဟိန်း



မငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေး သမိုင်း



မငြိမ်းချမ်းတဲ့
ငြိမ်းချမ်းရေး သမိုင်း
🕊️ ☮️🕊️ ☮️🕊️ ☮️🕊️ ☮️🕊️

ဆင့်ကဲ ဆင့်ကဲ
ဖြစ်ထွန်းမှုတွေနဲ့
ယဉ်ကျေးမှုတွေ
ပြောင်းလဲတိုးတက်နေတဲ့
ကမ္ဘာ့ လူဘောင်ကြီးဆို...

ခုတော့လည်း
ကမ္ဘာဦး ကျောက်ခေတ်
အားကြီးသူ အနိုင်ယူစတမ်း
စိတ်ဓါတ်တွေနဲ့
တောရိုင်းဥပဒေတွေက
မင်းမူ လို့စိုးမိုးနေတုန်း...

အာဏာဟာ
သေနပ်ပြောင်းဝက
လာတယ်တဲ့ ကလေးရေ...


စစ်မြင်းတွေ ခွာသံပေး
ကစုန်ဆိုင်းလိုက်တိုင်းမှာ
အသိုက်အမြုံ တွေ
မီးဟုန်းဟုန်းတောက်ရ..
အနာဂတ် တွေ လည်း
ပျောက်ရှ
ဘဝတွေလည်း ပျက်ရ
အသက်တွေလည်း သေရ

အချုပ်အခြာ အာဏာ
နယ်မြေပိုင်ဆိုင်မှုတွေနဲ့
နိုင်ငံတော် တဲ့
လွတ်လပ်ရေး၊ငြိမ်းချမ်းရေး
သိပ်ကို ခမ်းနားတဲ့
ဂုဏ်ဒြပ်တွေနဲ့
ကြီးမြတ်တဲ့ .....
စကားလုံးတွေပေါ့ကွယ်

အကျိုးစီးပွား အတ္တတွေနဲ့
လူကြားကောင်းအောင်
လှိုင်လှိုင်သုံးနေလိုက်တာများ
တကယ့်ကို
သူတော်စင်ကြီးတွေနေတဲ့
ကမ္ဘာကြီး တစ်ခုလို...

ငြိမ်းချမ်းရေး သမိုင်းကို
သွေးတွေနဲ့ပဲ ရေးခဲ့ကြတာများ
သမိုင်းတကျော့
ပြန်လည်လာရင်
မငြိမ်းချမ်းခဲ့တဲ့
ငြိမ်းချမ်းရေး
ရှာဖွေသူ ဝိဉာဉ်တွေက
ဟားတိုက်ပြီး ရယ်မောနေရော့မယ်

ဝမ်းနည်းစရာပါပဲ
ငါတို့အိမ်
ခေါင်မိုးမလုံခင်မှာကို
ကမ္ဘာကြီးက
မည်းမည်းမှောင်
နေပြန်ပါရောလေ...။

/ငရာ/

ကျွန်တော်တို့ နိုင်ငံရဲ့ရုပ်သံအစီအစဉ်မှာ




ကျွန်တော်တို့ နိုင်ငံရဲ့ရုပ်သံအစီအစဉ်မှာ
_____________________________

ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ချစ်သူနှစ်ယောက်နှုတ်ခမ်းချင်းနမ်းနေတာ မပါဘူး

ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဝစ်လစ်စလစ်မိန်းကလေးတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လမ်းသရဲစကားနဲ့ ဆဲရေးတိုင်းထွာသံတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ချစ်သူချင်း/လင်မယားချင်း ကိုယ်လက်နှီးနှောတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ယောက်ျားချင်း ချစ်ပြတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ အမျိုးသမီးချင်း ချစ်ပြတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဘာသာမတူတဲ့နှစ်ယောက် ချစ်ကြိုက်လက်ထပ်သွားတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ပါရာဖီလင်ရာ(သုတ်ကြောင်)ဖြစ်နေတဲ့ကောင်တွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဘိန်းရှူတာ၊ ဖိုးထိုးတာ၊ အိုဗာဒို့စ်ဖြစ်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဂန်ဂျာရှိုက်တာ၊ ယာမားရှူတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ များပြားတဲ့ အေ့စ်ရောဂါသည်တွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လက်ကောက်ဝတ်ကို ဘရိတ်ဓါးနဲ့လှီးတာ၊
လည်ပင်းကိုကြိုးကွင်းစွပ်တွဲလောင်းချတာ၊ မြစ်ထဲခုန်ချတာ၊ ကားဘီးအကြီးကြီးအောက်
ခေါင်းထိုးဝင်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ မွေးစကလေးကို အမှိုက်ပုံးထဲလာစွန့်ပစ်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ရဲ၊ ရှေ့နေ၊ တရားသူကြီးတွေကိုယ်တိုင် ဒုစရိုက်မှုပြုတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ မုဒိမ်းကျင့်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ညစ်ပတ်နံစော်ပြီး အိပ်ယာကထလာတဲ့ မင်းသားမင်းသမီးတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ သားသတ်ရုံမှာ အလုပ်လုပ်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ မိန်းကလေးတစ်ယောက် ညလုံးပေါက် ယောက်ျားတွေနဲ့အလုပ်လုပ်ရတဲ့အခန်း မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ မိန်းကလေးတွေ လူကုန်ကူးခံရတာ လိင်လုပ်ငန်းမှာအသုံးခံရတာ သားမယားပြုကျင့်ခံရတာ အနိုင်ကျင့်စော်ကားခံရတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ အရွယ်မရောက်သေးတဲ့ကလေးလေးတွေ အစေခံလုပ်နေတာ အလုပ်ကြမ်းလုပ်နေတာတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဆေးကုမှားတဲ့ ဆေးရုံဆေးခန်းတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ မအောင်မြင်တဲ့ အားကစားသမားတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ အရူးထောင်၊ လူအိုရုံ၊ မိဘမဲ့ဂေဟာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လက်အောက်ငယ်သားဝန်ထမ်းကို အနိုင်ကျင့်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လူစည်ကားရာ ဗုံးပေါက်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ အရာရှိကြီးတွေ လိုက်ပါလာတဲ့ ရဟတ်ယာဉ်ပျက်ကျသွားတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံဇာတ်လမ်းမှာ ကုန်သည်ပွဲစားတစ်အိမ်သားလုံး သေနပ်နဲ့ဦးခေါင်းတေ့ ပစ်သတ်ခံရတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လူငယ်တွေ ချိန်းပြီး ရိုက်ပွဲဖြစ်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လူငယ်တွေ လမ်းဘေးနံရံတွေပေါ်
ဂရပ်ဖတီဆွဲတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ခရီးသည်ကို အရာရှိဆိုသူတွေ
အကြီးအကျယ်စစ်ဆေးမေးမြန်းတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လေယာဉ်ပျက်ကျတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ သင်္ဘောနစ်မြုပ်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ရထားမှောက်တာ တံတားကျိုးတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ သဘာဝဘေးအန္တရာယ် ဒုက္ခသည်တွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဗီလိန်/လူဆိုး/
လူယုတ်မာ/ရာဇဝတ်ကောင် လွတ်မြောက်သွားတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လူထုအုံကြွတာ၊ ဆူပူဆန္ဒပြတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဆူပူဆန္ဒပြသူတွေကို စစ်တပ်နဲ့သက်ဆိုင်ရာက အင်အားသုံးဖြိုခွင်းတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ တော်လှန်ရေးသမားတွေ အာဇာနည်ခေါင်းဆောင်တွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ အလင်းမဝင်လက်နက်မချနိုင်တဲ့ တောတွင်းလက်နက်ကိုင်တွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ အကျဉ်းထောင်ထဲက အဖြစ်အပျက်တွေမပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ရဲဘက်က ပြန်လွှတ်လာသူတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ရွာတွေ မီးရှို့တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဘာသာမဲ့တွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ BigBang, Qunatum Theory, Evoluation တွေမပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဦးနှောက်အလုပ်ပေးစရာ
ဇာတ်လမ်းဇာတ်ကွက်မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ မကောင်းတာလုပ်ပေမယ့် မကောင်းတာ မဖြစ်တဲ့သူတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ကောင်းတာလုပ်ပေမယ့် ကောင်းတာ မဖြစ်တဲ့သူတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လွမ်းမိုးကြီးစိုးထားတဲ့ ရိုးရာယဉ်ကျေးမှုကို မေးခွန်းထုတ်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဇာတ်လမ်းအဖြေရှာမရဖြစ်အောင် ခင်းထားတဲ့ ဇာတ်လမ်းမပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဘဝမှာ မတော်တဆပါလာတတ်တာတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဇာတ်လိုက်နဲ့ဗီလိန်၊ လူဆိုးနဲ့လူကောင်း ခွဲခြားမရတဲ့ လူတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ကျွန်တော်တို့နိုင်ငံ ရုပ်သံဇာတ်လမ်းတစ်ခုထဲက
သရုပ်ဆောင်တစ်ယောက် အိမ်ထောင်ရေးဖေါက်ပြန်/ခိုးဝှက်/မုဒိန်းမှုဖြစ်/ဆေးစွဲ/
ထောင်ကျ/ဘဝပျက် တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်တွေကို
မကြိုက်မနှစ်သက်သူတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ကျွန်တော်တို့နိုင်ငံက မော်ဒန်နဲ့ပို့စ်မော်ဒန်ကဗျာတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ကျွန်တော်တို့ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ကျွန်တော်တို့နိုင်ငံ မပါဘူး။ ။

-မောင်ယုပိုင်

Collage By Poetry Of Life

လျှို့ဝှက်စာ



လျှို့ဝှက်စာ
____________

ခွေးသေဝက်သေ သေကြရတာတွေ
ခွေးလိုဝက်လို နေကြရတာတွေ

ဒါဟာ ဘဝပဲ
ဒါဟာလောကဓံပဲ
ဒါဟာ အတိတ်ကံပဲ 
ဒါဟာ ပယောဂပဲ လို့

ရွာခေါင်ခေါင်က ရွှေကျောင်းပြောင်ပြောင်မှာ အိုင်ဖုန်းလေးပွတ်ရင်း
ဟောကြားသွားတဲ့ ဆရာတော်ဘုရားရဲ့သင်္ခါရတရားမှာ
နေတတ် ကျေနပ် အသေမြတ်လိုက်ကြတယ်

ပလက်ဖေါင်းခေါင်းအုံးနေတဲ့ ဗေဒင်ဆရာဆီမှာ 
ဘဝရှေ့ရေး အဖြေရှာလိုက်ကြတယ်

အရက်ဝိုင်းမှာ ဇက်ကျိုးနေတဲ့ဆရာကြီးကို သွားပင့်
သူ့ဆေးကြိမ်လုံးရှေ့မှောက် ပြုစားမိတဲ့ကျနော်ကျမတို့ နောင်တရလိုက်ကြတယ်

ကမ္ဘာကြီးလုံးသလားပြားသလားတောင် ကောင်းကောင်းမသိတဲ့
ရှေးလူကြီးနဲ့တိုင်တိုင်ပင်ပင် ခေါပတောင်းပစ်/အုန်းပွဲဆက်
ကောင်းသောအိပ်မက် မြင်မက်လိုက်ကြတယ်

ကွမ်းတံတွေးပေနေတဲ့ပါးစပ်ကို လက်ဖနောင့်နဲ့ဆွဲသုတ်
လက်ကို ထမီမှာပြန်သုတ်ပြီး
အိမ်ရှေ့နတ်ကနားရှိရာထွက်လာတဲ့ အမေ့ဆီမှာ
အဖြစ်ဆိုးတွေမေ့ပျောက် ပူးဝင်ကခုန်ပစ်လိုက်ကြတယ်

ပက်လက်ကုလားထိုင်မှာ ကျောခင်းလိုက် ခြေဆင်းလိုက်နဲ့
အလုပ်အကိုင်နဲ့ဝင်ငွေအတွက် ရွှေအိုးပုံတွေ ရွှေလိပ်ပုံတွေ ရှယ်ပစ်လိုက်တယ်

ကာကွယ်ဆေးအစား
သူငယ်နာကျမ်း

အသက်ကယ်အင်္ကျီအစား
လှေဦးမှာ ပိတ်စအနီသာချည်ထား

ရှေးဦးသူနာပြုအစား
ဆေးကြိမ်လုံး

ဆေးပေးခန်းအစား
နတ်ခန်း

မိုင်ခရိုစကုတ်အစား
အကြားအမြင်ဆရာ

ဆန်ဂမန်ဖရွိုက်အစား
ပုဂ္ဂိုလ်ထူးတွေပေးတဲ့အိပ်မက်

အိုင်းစတိုင်းအစား
နတ်ရထား

ချားစ်ဒါဝင်အစား
လူဟာ ဗြဟ္မာက ဆင်းသက် ဝက်စားကျင်းထဲက ပြန်လာ

ကိုယ်ချင်းစာတရားအစား
ရွှေပြည်အေးတရား

ကယ်တင်ရှင်နဲ့ ဝိဉာဉ်လောကကိုမယုံလို့
သရဲအခြောက်ခံရတာတို့ ဝဋ်လည်တာတို့
မလေးရှားစုန်းကားနဲ့ စတီဖင်ကင်းဝတ္တုထဲမှာပဲရှိတယ်

တကယ့်ဘဝမှာတော့
ဆရာတွေများ
ခွေးသေဝက်သေ သေကြ
တကျောင်းတဂါထာနဲ့
ခွေးလိုဝက်လိုနေကြ
ဒါဘဝပဲလို့
သူတို့လက်ခံထားကြတာ
မင်းတို့လက်ခံလား 

အနှစ်သုံးဆယ်အတွင်း ဦးနှောက်တွေသေနေတဲ့ ဇွမ်ဘီတွေ
ဆိုရှယ်နက်ဝတွေက သိဒ္ဓိတင်ပေးပြီး
လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်လမ်းကနေ အလုအယက်ဝင်လာကြတယ်

စင်ပေါ်မှာ ဇွမ်ဘီတွေ
ဗုဒ္ဓပြန်ကြွလာရင်တောင် ဝင်းခိုင်ဦးလောက် ကိုးကွယ်သူရှိမှာမဟုတ်

ဒီတစ်ခါ
မြန်မာလူငယ်မျိုးဆက်တွေရဲ့ နော်မန်ဒီကမ်းအတက်မှ တိုက်ရမှာက
အထက်စီးကနေရာယူထားတဲ့ Hypocrite တွေ 

Enter the Drangon ထဲက ဘရုစလီလို
ရန်သူစခန်းမှာ ပထမဆုံးရင်ဆိုင်ရမှာ 
မှန်ခန်းထဲမှ မင်းတို့ကိုယ်ပွားများစွာ

ငါက အခု ကြောင်သူတော်တွေ သုံ့ပန်းစခန်းမှာ
လွတ်လမ်းရှာနေတယ်
ခွေးလှောင်အိမ်ထဲမှာ ဘာသာရေးဘိန်းအထိုးခံထားရတဲ့ အပြစ်မဲ့ပြည်သူတွေနဲ့အတူ
မင်းတို့ရဲ့ရဟတ်ယာဉ်ကို ငါမျှော်နေတယ် 
ဒီစာကို ဖတ်ပြီး ချက်ချင်းမီးရှို့လိုက်။ ။

-မောင်ယုပိုင်

Collage By Poetry of Life

"ခေါင်မိုးထက်က မိုးသံ"



"ခေါင်မိုးထက်က မိုးသံ"

ပြောလက်စကားတွေ တစ်ပိုင်းတစ်စနဲ့ပဲ 
ရပ်လိုက်တော့ တစ်နေရာရာ သွားစရာရှိသေးရင်လည်း မေ့လိုက်တော့ 
ဘာသတင်းပဲ လာနေနေ ဘာသီချင်းပဲ လွှင့်နေနေ 
ရေဒီယိုကိုလည်း ပိတ်လိုက်တော့ 
အပြင်က ပြန်လာသူဆိုရင်လည်း ရေစိုနေတဲ့ခေါင်းကို သုတ်ပြီး 
ဗီဒိုထဲက ခြောက်သွေ့တဲ့ ဝတ်စုံတစ်စုံ လဲဝတ်
ငြိမ်ငြိမ်လေးသာ ထိုင်နေလိုက်တော့

ကွန်ကရစ်နံရံတစ်ခုလိုထူတဲ့ မိုးသံက 
ပထမတော့ နံဘေးအိမ်တွေကို 
နောက်တော့ အိမ်အပြင်လောကတစ်ခုလုံးကို ကာဆီးပစ်လိမ့်မယ် 
လက်ခုပ်သံတွေ အများကြီးရခဲ့တဲ့နေ့ပဲ ဖြစ်ဖြစ် မနက်ကတည်းက
ကခုန်မြူးထူးနေရတဲ့ ပွဲတော်တစ်ခုပဲဖြစ်ဖြစ် အိမ်အပြင်မှာကျန်ခဲ့ပြီ 
မှတ်ဉာဏ်ထဲက အနှစ်နှစ်အလလ ပုံရိပ်တွေတောင်မှ 
သတင်းစာတစ်စောင်လို ဖရိုဖရဲလွင့်ပါနေလို့ နောက်ဆုံးတော့ ပြင်းထန်တဲ့ မိုးသံကိုပဲ နားထောင်နေရပြီ
ဒီလိုအချိန်မှာတော့ 
ပြတင်းပေါက်တွေ လိုက်ပိတ်
ပခုံးတွန့် လက်ပိုက်လျက် မငြိမ်သက်တဲ့ မီးသီးတွေကိုပဲ 
လိုက်ကြည့်နေရုံရှိတော့တယ် မဟုတ်လား
မနက်ဖြန်ရောက်ဖို့လည်း အဝေးကြီးလိုသေးရဲ့

ခေါင်မိုးပေါ်က တဝုန်းဝုန်း မိုးသံဟာ 
အမိုးတစ်ခုတည်းအောက်မှာ အတူတူရှိနေတဲ့ လူတွေကိုတောင် 
တစ်ယောက်စီဖြစ်သွားတဲ့အထိ ခွဲထုတ်လိမ့်ဦးမယ် 
သိပ်မြဲမြံစွာ ဆုပ်ကိုင်ထားတဲ့လက်တွေ မဟုတ်ဘူးဆိုရင်ပေါ့။  ။

-မောင်ယုပိုင်

Collage By Poetry Cafe

၈၈ ဆိုတာ ဒီလိုရှိတယ် ငါ့ညီ

၈၈ ဆိုတာ ဒီလိုရှိတယ် ငါ့ညီ
__________________________________
                              မောင်ယုပိုင်

     ၈၈ဆိုတာ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာပြီး
     အလွယ်တကူကောက်ကပ် ကောက်ခွာလုပ်လို့ရတဲ့
     အဝါရောင်ဒေါင်းရုပ်စတေကာလေးကို
     ပြောတာမဟုတ်ဘူး ငါ့ညီ
     ၈၈ ဆိုတာ ဒီမိုကရေစီတိုက်ပွဲ၀င်ရင်း
     ကျခဲ့တဲ့ကျောင်းသားသွေးနဲ့
     ကျန်ရစ်သူကျောင်းသားတွေ ရင်ဘတ်မှာ 
     သေရာပါ ရိုက်နှိပ်ထားတဲ့ အသားတံဆိပ်ပဲ ။

     ၈၈ ဆိုတာ ရာသီဥတုအခြေအနေကောင်းမှ
     အခန့်သားထုတ်၀တ်ရဲတဲ့ 
     လည်ကတုံးအင်္ကျီဖြူဖြူကို 
     ပြောတာ မဟုတ်ဘူး ငါ့ညီ
     ၈၈ ဆိုတာ မိုးပေါ်ထောင်မပစ်ဘဲ လူအုပ်ကြားထဲ
     တည့်တည့်ရွာချလာတဲ့ ကျည်ဆန်မိုးတွေကြားထဲ
     သွေးသံတရဲရဲဖြစ်သွားဖူးတဲ့ နီရဲရဲအင်္ကျီတွေပဲ ။

     ၈၈ ဆိုတာ လိုင်စင်ခွင့်ပြုချက်ရတော့မှ 
     ကိုယ့်နာမည်ကိုယ့်အဖွဲ့ 
     ရောင်းအားမြင့်အောင် အော်ဟစ်ကြော်ငြာနေရတဲ့ 
     လော်စပီကာကထွက်လာတဲ့အသံ မဟုတ်ဘူး ငါ့ညီ
     ၈၈ ဆိုတာ စစ်အစိုးရက
     ပြည်သူတွေ အမှန်ကိုမသိနိုင် မကြားနိုင်အောင်
     ကတ်ကြေးနဲ့ဖြတ် ငွေမင်နဲ့သုတ် 
     ဖုံးဖိအမှောင်ချခဲ့တဲ့ကြားက
     ယိုစိမ့်ထွက်လာတဲ့ 
     ရဲရဲတောက်သွေးစွန်းအမည်နာမတွေပဲ ။

     ၈၈ ဆိုတာ ဟိုးရှေးရှေးတုန်းက 
     ဗာရဏသီပြည်ကြီးမှာ ဖြစ်ခဲ့တာမဟုတ်ဘူး ငါ့ညီ
     ၈၈ ဆိုတာ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က 
     မင့်အိမ်ရှေ့ လမ်းမထက်မှာ အမှန်တကယ်ဖြစ်ခဲ့တာ ။

     ၈၈ ဆိုတာ ဆင်သေကို ဆိတ်သရေနဲ့ဖုံး၊ 
     သူခိုးကလူဟစ်ထားတဲ့ 
     အစိုးရသတင်းဆောင်းပါးတွေထဲက
     စာသားတွေမဟုတ်ဘူး ငါ့ညီ
     ၈၈ ဆိုတာ နိုင်ငံတကာမဂ္ဂဇင်းဂျာနယ်တွေမှာ
     အထင်အရှား
     အလေးထား ဖေါ်ပြခံရတဲ့ သမိုင်းဓါတ်ပုံတွေပဲ ။

     ၈၈ ဆိုတာ ထုံးဖြူဖြူတွေအသုပ်ခံထားရတဲ့
     အကောင်းပကတိနံရံဖွေးဖွေးကြီးမဟုတ်ဘူး ငါ့ညီ
     ၈၈ ဆိုတာ ကျည်ဆန်ရာတွေ သွေးစင်ပေကျံရာတွေနဲ့
     အတွင်းသားအုတ်ကွက်တွေကိုမြင်နိုင်တဲ့ 
     အက်ကွဲနေတဲ့ အတိတ်နံရံဟောင်းတစ်ချပ်ပဲ ။

     ၈၈ ဆိုတာ မနားတမ်းအက်ရှင် စိတ်ကူးယဉ်
     စစ်ရုပ်ရှင်ဇာတ်လမ်းတစ်ခု မဟုတ်ဘူး ငါ့ညီ
     ၈၈ ဆိုတာ ဘရင်းကယ်ရီယာတွေ၊ လုံထိန်းတွေ၊
     နံပါတ်တုတ်တွေ၊ ဒိုင်းတွေ၊ မျက်ရည်ယိုဗုံးတွေ၊ 
     လက်ပစ်ဗုံးတွေ၊ ရိုင်ဖယ်သေနတ်တွေ၊
     မောင်းပြန်သေနတ်တွေ၊ ဘက်နက်တွေ၊
     အပြာရောင်အချုပ်ကားတွေ၊ သံဆူးကြိုးတွေ၊
     ဓာတ်ဆီဗုံးတွေ၊ ဂျင်ဂလိတွေ၊ ဓားရှည်တွေ၊ 
     ဝါးချွန်တွေ၊ လှံတွေနဲ့ 
     လူတွေထောင်နဲ့ချီ သေသွားတဲ့ 
     ဒီနိုင်ငံရဲ့ ဖြစ်ရပ်မှန်တိုက်ပွဲတွေပဲ ။

     ၈၈ ဆိုတာ စိတ်ရူးပေါက်ပြီး 
     နေ့ချင်းညချင်း ထဖြစ်ခဲ့တဲ့
     လူတစ်စုရဲ့ ရန်ပွဲမဟုတ်ဘူး ငါ့ညီ
     ၈၈ ဆိုတာ 
     အုပ်ချုပ်သူအဆက်ဆက်ပြောင်းပေမယ့်
     အာဏာရှင်စနစ်မပြောင်းတဲ့ စစ်ဖိနပ်အောက်
     နာကျည်းခါးသီးမှုတွေ 
     နှစ်လကြာရှည် စုဆောင်းမိလာပြီး
     မြို့ရဲ့လမ်းမတွေပေါ် တပြိုင်နက် 
     ပေါက်ကွဲလျှံထွက်ကျလာတဲ့
     မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ 
     စိတ်ဓါတ်လှိုင်းလုံးတွေပဲ ။

     ၈၈ ဆိုတာ အသုံးမကျလို့ ပျောက်ကွယ်သွားရတဲ့
     တောင်းဆိုးပလုံးဆိုးတွေ မဟုတ်ဘူး ငါ့ညီ
     ၈၈ ဆိုတာ တပ်မတော်ထက် အင်အားကြီးမားပြီး
     အုပ်ချုပ်သူအာဏာရှင်တွေအတွက်
     ကြောက်လန့်စရာကောင်းလွန်းလို့ 
     ကျူငုတ်မကျန် အမြစ်လှန်
     ဖျောက်ဖျက်ခံရတဲ့ သူရဲကောင်းတွေပဲ ။

     ၈၈ ဆိုတာ မလိုအပ်တော့တဲ့
     သက်တမ်းလွန်စိတ်ကူးအကြံအစီတစ်ခု မဟုတ်ဘူး ငါ့ညီ
     ၈၈ ဆိုတာ စစ်အစိုးရရဲ့စွန့်ကျဲသမျှ တ၀တပြဲစားပြီး
     သခင်အားရကျွန်ပါးဝနေတဲ့
     အရင်းရှင်နဲ့ခရိုနီတွေရဲ့ အိပ်မက်ထဲက
     ထမင်းလုံးတစ္ဆေပဲ ။

     ၈၈ ဆိုတာ မမြင်အံ့ မကြားအံ့ ရွံကြောက်စရာ
     အတိတ်တစ္ဆေတစ်ကောင်မဟုတ်ဘူး ငါ့ညီ
     ၈၈ ဆိုတာ ညံ့ဖျင်းတဲ့ပညာရေးနဲ့ နိမ့်ကျတဲ့စီးပွားရေးကို
     ရခဲ့သူတွေရဲ့ ပုံစံခွက်ထဲက ဦးနှောက်နဲ့ 
     ရင်ဘတ်ထဲက အကြောက်တရားပဲ ။

     ၈၈ ဆိုတာ ကျောင်းပြဌာန်းစာအုပ်တွေမှာ အဖြုတ်ခံရတဲ့
     သမိုင်းဖတ်စာ မဟုတ်ဘူး ငါ့ညီ
     ၈၈ ဆိုတာ မြန်မာပြည်သူတွေအားလုံး 
     အလွတ်ရနေတဲ့ ကျောက်စာပဲ ။

     ၈၈ ဆိုတာ ငါ့ညီနဲ့ မဆိုင်တာ မဟုတ်ဘူး ငါ့ညီ
     ၈၈ ဆိုတာ ငါ့ညီ ကျေညက်အောင် သင်ယူမှတ်သား
     ကျင့်ကြံပွားများရမယ့်
     ဘ၀တစ်သက်တာ အိမ်စာပဲ ။
     ၈၈ ဆိုတာ ဒီလိုရှိခဲ့တယ်
     ၈၈ ဆိုတာ ဒီလိုရှိနေတယ်
     ၈၈ ဆိုတာ ဒီလိုရှိလိမ့်အုံးမယ် ငါ့ညီ ။     ။

   #မောင်ယုပိုင်

ငါ့ခေါင်းထဲမှာ အရေးပေါ်ဥသြဆွဲသံတွေ ဆူညံလို့



ငါ့ခေါင်းထဲမှာ အရေးပေါ်ဥသြဆွဲသံတွေ ဆူညံလို့ 
ငါ့နှလုံးသားထဲ မျက်ရည်ယိုဗုံးတွေ ယိုစိမ့်လို့  

မီးခိုးမဲမဲတွေ အလိပ်လိပ် ထိုးတက်လာနေတာ 
ငါတို့ နိုင်ငံဆီကပေါ့  

ငါမြင်နေရတယ် 
နွေဦးရဲ့တံလျှပ်တွေနဲ့ တုန်ခါနေတဲ့ ကောင်းကင်ဆီ 
တစ်ယောက်ပြီးတစ်ယောက် လွှင့်စင်ပျံတက်လာတဲ့ ဝိညာဉ်တွေ 
ကြယ်အဖြစ် ဘ၀ကူးပြီး မြေပြင်ပေါ်က ဆက်လက်တိုက်ပွဲ၀င်နေတဲ့ပြည်သူတွေအပေါ်  အလင်းပြန်ပေးနေပုံတွေ  

အခုက ဘာတွေဖြစ်နေတာလဲကွယ် 
ငါတို့က ပိုးမွှားတွေခိုးယူသွားခဲ့တဲ့ နှစ်ဟောင်းကို မေ့ပစ် 
နွေဦးပွဲတော်တွေကို ဆင်နွဲဖို့ လျှောက်လာကြသူတွေပါ  
စစ်မြေပြင်ထဲ ဘယ်လိုလုပ် ရောက်နေရတာလဲကွယ်  

ဘယ်လိုဖြစ်ပြီး ၁၉၈၈က သီချင်းတွေကို ပြန်ဆိုနေကြရတာလဲ 
ဘယ်လိုလုပ်ပြီး ၁၉၈၈က ကာဖျူးညတွေ ပြန်ရောက်လာတာလဲ 
အို.. ဒီတခါ ကျည်ဆန်ထိပြီး ခေါင်းပွင့်သွားတဲ့တစ်ယောက်က  ငါ့မိတ်ဆွေဖြစ်နေပါရော့လား

ရက်ပေါင်းသုံးဆယ်အတွင်းမှာ 
လူငယ်တွေရဲ့ အသက်ပေါင်းသုံးဆယ်မက ပေးလိုက်ရပြီပဲ
မယုံနိုင်စရာ
ဒီနေ့ ကမ္ဘာပေါ်မှာ ဖက်ဆစ်ဘီလူးသဘက်တွေ ပြန်ထွက်လာတဲ့ မြေဟာ 
ငါတို့နိုင်ငံ ဖြစ်နေရတယ်လို့ကွာ 
ဒါပေမယ့် တကယ်အံ့သြတုန်လှုပ်စရာကောင်းတာက ဓမ္မဖက်က ရပ်တည်ကြတဲ့ မြန်မာပြည်က အိန်ဂျယ်တွေပါ
 
သင်တို့ရဲ့ သံပုံးတီးသံတွေ 
သင်တို့ရဲ့ ရဲရင့်တဲ့ ဆဲဆိုသံတွေ 
သင်တို့ရဲ့ ခေါက်သိမ်းလိုက်တဲ့ ၀န်ထမ်းယူနီဖေါင်းတွေ 
သင်တို့ရဲ့ ကီးဘုတ်တွေနဲ့ သူတို့ဦးနှောက်ထဲ ဗိုင်းရပ်စ်လွတ်ထည့်ခဲ့ပုံတွေ 
သင်တို့ရဲ့ ဆွဲဆောင်မှုကောင်းလှတဲ့ ဆန္ဒပြဖက်ရှင်တွေ 
သင်တို့ရဲ့ မေတ္တာတရွှမ်းရွှမ်း ဖရဲသီးတွေ 
သင်တို့ရဲ့ စေတနာပူပူနွေးနွေးနဲ့ ဗရာကြော်တွေ 
သင်တို့ရဲ့ တာဝန်သိစိတ်နဲ့ အမှိုက်အိပ်ကြီးတွေ 
သင်တို့ရဲ့ ပရဟိတသွေးနဲ့ အဆင်သင့်ဖြစ်နေတဲ့ လူနာတင်ယာဉ်တွေ 
သင်တို့ရဲ့ အချုပ်ကားထဲက လက်သုံးချောင်းထောင်ပုံတွေ 
သင်တို့ရဲ့ လမ်းပေါ်မှာ ကန့်လန့်ကြီး ပျက်ပလိုက်တဲ့ကားတွေ
သင်တို့ ရာဘာကျည်ကို ကျောပေးခံလိုက်ပုံတွေ 
သင်တို့ ထရပ်ကားကြီးကို မ ရွေ့ပစ်လိုက်ပုံတွေ 
သင်တို့ နှလုံးသားကို လက်တွန်းလှည်းပေါ်တင်ပြီး ဆွဲပြေးလာပုံတွေ 
သင်တို့ရဲ့ လမ်းပေါ်မှာ ကျွတ်ကျန်ခဲ့တဲ့ ဖိနပ်တွေ 
သင်တို့ရဲ့ စစ်ဖိနပ်ကို ဘယ်တော့မှ အညံ့မခံတဲ့ ကင်းဗတ်ဖိနပ်တွေ 
သင်တို့ရဲ့ ကြောက်ရွံ့မှုနဲ့ ပိတ်ထားတဲ့ အိမ်တံခါးကို စာနာမှုနဲ့ ဖွင့်ပေးခဲ့ပုံတွေ  
တော်လှန်ရေး မပြီးသေးသရွေ့ ထပ်မံဖြည့်စွက်ရအုံးမယ့် သင်တို့ရဲ့ လက်ဖျားခါလောက်စရာ 
တော်လှန်ရေးထဲပါ၀င် ဆင်နွဲပုံတွေလေ

ကမ္ဘာကြီးရဲ့နောက်ဆုံးနားမှာ ကျန်နေခဲ့တဲ့ 
စုတ်ချာချာ နိုင်ငံငယ်လေးတစ်ခုပေါ့
ဒီနှစ်နွေဦးရဲ့ သမိုင်းလမ်းမကြီးပေါ်မှာ 
သူဖြတ်ကျော်လာပုံကို အားလုံး ငေးကြည့်နေရပြီ

ကမ္ဘာကြီးတစ်ခုလုံး သက်သေရှိပါတယ် 
ငါတို့ဟာ အထိအခိုက် အကျအရှုံးများပေမယ့် 
ဓမ္မဖက်က ရပ်တည်ခဲ့သူတွေဖြစ်ကြောင်း ။ 

-မောင်ယုပိုင်

Collage By Poetry of Life

Monday, August 29, 2022

-ငါတို့ ပြောရင် သီချင်း ငါတို့ ရေးရင် ကဗျာ

-ငါတို့ ပြောရင် သီချင်း ငါတို့ ရေးရင် ကဗျာ 
ငါတို့ဟာ မင်းသားယောင်ဆောင်ထားတဲ့မင်းသားတွေ ၇ 

လူငယ်တွေ အုပ်စုဖွဲ့မိရင် ကြောက်ဖို့ကောင်းတယ်
လူငယ်ဟာ တစ်ယောက်တည်းဖြစ်နေပြီဆိုရင်
ပိုပြီးကြောက်ဖို့ကောင်းတယ်
သစ်သားထဲ စိုက်၀င်နေတဲ့သံကို နှုတ်လို့ရရင် ရမယ်
လူငယ်စိတ်ထဲက မာကျောမှုကိုတော့
ဘယ်လိုမှ နှုတ်လို့ မရဘူး

ဘ၀မှာ အများကြီးလိုချင်တယ်
ဘ၀မှာ အများကြီးရချင်တယ်
ဘ၀မှာ အများကြီးရောက်ချင်တယ်
အလိုချင်ဆုံးက တရားမျှတမှု
အရချင်ဆုံးက လွတ်မြောက်မှု
အရောက်ချင်ဆုံးက တရားမျှတပြီးလွတ်လပ်တဲ့နိုင်ငံတော်

စစ်အစိုးရရဲ့ခေါင်းကို ချိန်ကိုက်ဗုံးလို ကိုက်ခဲထားမယ်
အဲဒါ လူငယ် . . .
အာဏာရှင်ရဲ့နံကြားကို နီးရာတရားနဲ့ ထိုးထောက်ထားမယ်
အဲဒါ လူငယ်

ဂစ်တာလို ကျင့်ကြံသူတွေဆီ သီချင်းလို ရောက်အောင် လာခဲ့မယ်
မြေခွေးလို ချောင်းမြောင်းနေသူတွေဆီ အဆိပ်လူးမြားလို ရအောင်စိုက်၀င်ခဲ့မယ်

သမိုင်းစာမျက်နှာတွေကို အမှောင်ချပစ်ချင်တာတစ်ခုတည်းအတွက်
လူငယ်တွေကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မဖြတ်ချင်စမ်းပါနဲ့
ငါတို့သွေးကြောတစ်မျှင်ချင်းစီကို ဝိုင်ယာကြိုးလို ချိတ်ဆက်
အနာဂတ်ကို လင်းလက်စေချင်ရုံသက်သက်
ငါတို့ လာခဲ့တယ်

လူငယ်ဆိုတာ ဘယ်တော့မှ မပြီးဆုံးဘူး
ခင်ဗျားတို့ခေါင်းထဲ မချိမဆန့်ထိုးထည့်ထားတဲ့ 
မတရားမှုတွေကို ပစ်ချဖို့
ငါတို့ အတိအကျ လာခဲ့တယ် ။

-ကိုသျှား

နိုင်ငံတော်ပြဇာတ်




နိုင်ငံတော်ပြဇာတ် 
_________________

ခေါင်းမပါတဲ့ရထားတစင်း 
ကမ္ဘာကြီးထဲ မောင်း၀င်နေသလို
သစ်ပင်ကို အမြစ်တွေဖြတ်ပြီး 
မြေပြင်ပေါ် ထောင်ပြထားသလို

ဖရိုဖရဲ လှပါတယ်
ပြီးတော့ . . . မရှုနိုင်မကယ်နိုင် လှပါတယ်

ရေကို ၀ယ်နစ်ရသလို မကျွတ်လွတ်နိုင်ခြင်းများ
မီးကို ၀ယ်လောင်ရသလို စော်ကားခံရမှုများ
ငါတို့ဟာ ဒုက္ခကို အောက်ကျနောက်ကျရှာဖွေခဲ့မိပြီလား

နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေတယ်
လက်တွေ တဆတ်ဆတ် တုန်နေတယ်
စိတ်ဟာ တဆတ်ဆတ် တုန်နေတယ်

ဒီအရပ်မှာ ပျော်ရွှင်မှုတွေ လူမနေတဲ့အခန်းထဲက
ဘုရားပန်းလို ညှိုးလျော်ခြောက်ကပ်နေခဲ့တာ ကြာပြီ
ဒီအရပ်မှာ မျှော်လင့်ခြင်းတွေ သစ်ခက်လို အစိမ်းချိုးခံခဲ့ရတာလည်း ကြာပြီ

တဇာတ်လုံး သွေးထွက်သံယိုရှုမျှော်ခင်း
အရသာဟာ လျှာကို လွှဆွဲနေတယ်
ငါတို့ မပျော်ရွှင်ခဲ့ရဘူး ငါတို့ ပျော်ကျခဲ့ရတယ်

ဂျုံစိုက်ခဲ့တဲ့လက်တွေဆီ 
ဂျုံဟာ ပေါင်မုန့်အဖြစ် ပြန်မလာဘဲ
ဂျုံစိုက်ခဲ့တဲ့ဘဝတွေဆီ
ဂျုံ ဟာ  ကျည်ဆံအဖြစ် ရောက်လာခဲ့ပါပေါ့

ခိုးသားဓားပြတွေရဲ့ရန်ထက်
ရေဘေးမီးဘေးက ဘဝတွေကို လမ်းဘေးဆွဲချသွားခဲ့တယ်
ရေဘေးမီးဘေးထက် မင်းဘေးအန္တရာယ်က
အရာအားလုံးကို ငရဲထဲ ဆွဲချသွားခဲ့တယ်

အရှင်လတ်လတ် တယောက်ချင်း ပျက်ကျရ
အရှင်လတ်လတ် တမိသားစုချင်း တပ်ပျက်ရ
အရှင်လတ်လတ် ကမ္ဘာပျက်သလို ဆောက်တည်ရာမဲ့ရ

ပြည်သူတစ်ဦးဟာ 
သမ္မတရဲ့ထမင်းစားပွဲဝိုင်းက အသားစကို
ခွေးလို လျှာနဲ့ ခိုးယက်နေရတယ်

ဒီဒေသမှာ အမှန်တရားဟာ 
အသက်တစ်ချောင်း
ဒီဒေသမှာ ဥာဏ်ပညာဟာ 
သံခြေကျင်းခတ်ခံထားရတဲ့အကျဉ်းသား
အာဏာရှင်ဟာ ပြည်သူကို 
လက်နက်နဲ့သာ စကားပြောတယ်
မြေခွေးတစ်ကောင်လို တွေးခေါ်တတ်သူဟာ
မြေခွေးတစ်ကောင်လိုသာ 
ကောက်ကျစ်ယုတ်မာတတ်ပေလိမ့်မယ်

ဒီနိုင်ငံမှာ ပြည်သူ့ဂုတ်သွေးကို 
ရေစုပ်စက်နဲ့စုပ်သလို စုပ်ယူခဲ့လွန်းလို့
ဘီလူးသဘက်ဖြစ်သွားတဲ့အစိုးရနဲ့
ဒီနိုင်ငံမှာ လူနဲ့သူနဲ့မတူတော့တဲ့နိုင်ငံသားတွေ . . .

တော်ပြီ . . .
နောက်တစ်ခါဆို ဘယ်အာဏာရူးရဲ့လက်နဲ့မှ
နိုင်ငံတော်အလံကို မလွှင့်တော့ဘူး ။          ။  
 

-ကိုသျှား

Collage By Poetry of Life

ကျွန်တော် ပြန်မလာနိုင်ခဲ့ရင် . . .

ကျွန်တော် ပြန်မလာနိုင်ခဲ့ရင် . . .
_____________________.ကိုသျှား

ချာလီချက်ပလင်ဆိုတာနဲ့ ရယ်ဖို့ဟန်ပြင်မိသလို

ဘ၀သံကြားရင် ရင်ဘတ်ပေါ် ဘလိတ်ဓားတွေ တွားတက်လာတယ်

စွဲမိစွဲရာအစွဲအလန်းတွေနဲ့ စိတ်နာကျ

ချွန်ရှထက်မြည့်တဲ့အမိုက်အမှားတွေပေါ်

အာရုံအလုံးစုံ ခြေစုံပစ်ခဲ့မိတဲ့အကြောင်း မတွေးချင်ဘူး

မိသားစုသင်္ဘောတစ်စင်းလုံးကို နစ်မြုပ်စေခဲ့တဲ့အက်ကြောင်းလေးဟာ

ကျွန်တော်ပါ

လည်ပတ်နေတဲ့ယန္တရားကို ရပ်တန့်စေခဲ့တဲ့ခွေးသွားစိပ်လေးဟာ

ကျွန်တော်ပါ

အလေ့ကျပေါက်ပင်တွေတောင် ရှင်သန်ဖို့ငြင်းဆန်ခံရတဲ့ဖုန်းဆိုးမြေဟာ

ကျွန်တော်ပါ

လူတွေကို ပျော်တော်ဆက်ဖို့

ငိုပြရယ်ပြလွမ်းပြနေတဲ့ပြဇာတ်မင်းသားလို

သောကဗျာပါဒတွေ သည်းသည်းမဲမဲ မာန်ဖီနေတဲ့လကွယ်ညလို

တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ထင်ယောင်ထင်မှား

တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ဂယောင်ခြောက်ခြား

ကျွန်တော်ဟာ ကိုယ့်အဖြစ်ကိုယ်မကယ်နိုင်တဲ့လူ

ထုပ်တန်းပေါ်က “ မင်္ဂလာပါ ” လောက်တောင်

အိနြေ္ဒမရတဲ့ဘ၀

ခေတ်က တောင်းဆိုတဲ့အတိုင်း

စား၀တ်နေရေးက တောင်းဆိုတဲ့အတိုင်း

အဆင်မပြေမှုထမ်းပိုးတုံးမှာ ကျွဲလိုနွားလို တပ်ဆင်ခံရ

အခု ကျွန်တော် သွားရတော့မယ်

ဘ၀ဆိုတာ အမြဲတမ်းရေစီးသန်တဲ့မြစ်

အဲဒီမြစ်ကို ဆန်တက်ဖို့ ကျွန်တော် သွားရတော့မယ်

ကျွန် တော် သွား ရ တော့ မယ်

ဒီကမ္ဘာဒီလောကထဲမှာ ယုံကြည်ချက်ကို ရွှေဖြစ်အောင် ကျင်ယူပြီး

ဒီသောင်ဒီကမ်းမှာပဲ ကြယ်တွေကို ထုပ်ပိုးပြန်ခဲ့ချင်တယ်

ကျွန်တော် ရင်ခုန်တဲ့မျှော်လင့်ခြင်းဟာ

ကိုယ့်ကိုယ်ကို အသက်မမီနိုင်တဲ့ခေါ်သံတစ်ခုပေလား

စိတ်တစ်ဆုံးအူလဲ ပဲ့တင်သံပြန်မလာဘူး

လူငယ်သဘာ၀ဆိုတော့

မိုက်မဲရမ်းကားမှုလေးတွေ ရှိရင် ရှိခဲ့မယ်

ကိုယ့်ကိုယ်ကို ဘယ်သူနဲ့တူချင်လို့တူချင်မှန်းမသိတဲ့

အားကျမှုလေးတွေ ရှိရင် ရှိခဲ့မယ်

လဘက်ရည်ဆိုင်ထိုင်ပြီး

လောကကို မျက်မှောင်ကြုံ့ဖတ်မိတာတွေ ရှိရင် ရှိခဲ့မယ်

သေချာတာက

ဒီလူတစ်ယောက်ရဲ့ခေါင်းထဲမှာ

ခေါင်းထက်မာတဲ့ခံယူချက်တွေ ရှိခဲ့တယ်

ကျွန်တော့်ရဲ့ရမ္မက်တွေကို

ခင်ဗျားတို့ရဲ့ခြေသုတ်ခုံနဲ့ တွဲချုပ်ထားခဲ့မယ်

ကျွန်တော့်ရဲ့မျက်ရည်တွေကို

ခင်ဗျားတို့ရဲ့ခြံတံခါး၀မှာ ချိတ်ဆွဲထားခဲ့မယ်

ကျွန်တော့်ရဲ့နှလုံးသားကို

ခင်ဗျားတို့ရဲ့မီးလင်းဖိုဘေးမှာ ချထားခဲ့မယ်

ကျွန်တော်နဲ့ပတ်သက်သမျှ

ကျွန်တော့်ရဲ့အကောင်းအဆိုးအားလုံးကို

ခင်ဗျားတို့သံဝေဂယူနိုင်ဖို့

ခင်ဗျားတို့ရဲ့ဖတ်စာအုပ်ထဲမှာ ထည့်ထားခဲ့မယ်

ကျွန်တော် ပြန်မလာနိုင်ခဲ့ရင် . . .

ကျွန်တော် ပြန်မလာနိုင်တော့တဲ့အကြောင်း

သူ့ကို အကြောင်းကြားပေးကြပါ

ကျွန်တော် ပြန်မလာနိုင်ခဲ့ရင် . . .

ချစ်ခြင်းမေတ္တာဟာ

ဘ၀ဆုံးလဲ သံသရာမဆုံးဘူးဆိုတဲ့အကြောင်း

သူ့ကို နားချပေးကြပါ

ကျွန်တော် ပြန်မလာနိုင်ခဲ့ရင် . . .

ခေတ်ကိုဆန်တက်ဖို့ ကြိုးစားရင်း

ခေတ်ကြီးထဲ စုန်းစုန်းမြုပ်သွားတဲ့

သူရဲကောင်းဆန်ချင်သူ လူတစ်ယောက်အကြောင်း

ခင်ဗျားတို့ မေ့ပစ်လိုက်ကြပါ

ကျွန်တော် အော်ငိုလိုက်ချင်တယ်

ကျွန်တော် အော်ရယ်လိုက်မိတယ်

ကျွန်တော် သွားပြီ

#ကိုသျှား

စကစ်ဇိုဖရီးနီးယားရန်ကုန်

စကစ်ဇိုဖရီးနီးယားရန်ကုန်


မြို့ရဲ့နံရံတွေမှာ
ငါတို့ဘ၀ဆီက ခြစ်ယူထားတဲ့အင်္ဂတေတွေ

ဘယ်လိုအကောင်းမြင်စိတ်နဲ့ ချစ်ကြည့်ချင်လို့မှ
အဆင်မပြေတော့ဘူး

ညကြီးမင်းကြီး ကြယ်တွေကို 
စကားလှမ်းပြောချင်တော့
မီးထွန်းရှာရ
ဒီမှာ အစစ်အမှန်ရနိုင်သမျှက အတုတွေချည်းပဲ

ချစ်ခြင်းမေတ္တာအတု
ဥာဏ်ပညာအတု
အနုပညာအတု
လူအတု

ရန်ကုန်ဟာ သစ္စာရှိသောရန်သူ
ရန်ကုန်ဟာ နေသင့်နေအပ်သောရပ်ပြစ်တစ်ပါး

ဘယ်လိုကြီးလဲ
သူ့အလိုလိုဖြူနေပြီးသားစံပယ်ပွင့်တွေကို
ဘာကြောင့်လျှော်ဖွပ်ပြချင်တာလဲ
ဘယ်လိုကြီးလဲ
ယန္တရားတစ်ခုလို လည်ပတ်နေမှုမှာ
ငါတို့အသက်တွေဟာ ချောဆီလား

ခြေထောက်ကို အင်ဂျင်တပ်ထား
ဘဝတွေကို အင်ဂျင်တပ်ထား
စိတ်ဆိုတဲ့စကားကို စက်နဲ့ အစားထိုးသုံးစွဲရပါတယ်

အရသာတွေဟာ ထပ်လာ
အနက်အဓိပ္ပာယ်တွေဟာ ထပ်လာ
ဒီနေ့ဟာ မနေ့ကလို ထပ်ထပ်လာ
မနက်ဖြန်ဟာ ဒီနေ့လို ထပ်ထပ်လာ
ရှုပ်ယှက်ခတ်မှုတွေ ထပ်ထပ်လာ

ရိုးရိုးလေးပြောရရင်
ရောဂါသည်တွေနဲ့တူတဲ့ငါတို့ဟာ
ဆက်ဆံရေးကြမ်းတဲ့ဆေးရုံနဲ့တူတဲ့ရန်ကုန်မှာ
အားလုံးဟာ ငါ့အတွက် သူစိမ်းတွေပဲ
ငါဟာ အားလုံးအတွက် ထူးမခြားနားသူစိမ်းတစ်ယောက်ပဲ

တစ်ယောက်တည်းတတွတ်တွတ်ရေရွတ်နေမိတဲ့
တီးတိုးသံတွေအကြား
နံရံတွေ လန့်တုန်ကွဲအက်
အဲဒီနံရံတွေကို ငါတို့ဘ၀ဆီက ခြစ်ယူထားတဲ့အင်္ဂတေတွေနဲ့ လုပ်ထားတာ

#ကိုသျှား
#SchizophreniaYangon

ကျနော်က တော်လှန်ရေးသမား

ကျနော်က တော်လှန်ရေးသမား 


ကျနော်က တော်လှန်ရေးသမား 
ကျနော်က တော်လှန်ရေးသမား 
ကျနော်က တော်လှန်ရေးသမား 
သုံးကြိမ် ရွတ်ဆိုပါတယ် ။ 

ကျနော်က တော်လှန်ရေးသမား 

ကျနော့်ကို လက်ဆွဲနှုတ်ဆက်လာတဲ့ သူတွေကို 
ပြန်ပြီး လက်ဆွဲနှုတ်ဆက်မယ် 
ကျနော့်လက်ကိုဆွဲပြီး လက်ထိပ်လာခတ်ရင်တော့
အဲ့ဒိသူရဲ့ ခေါင်းထဲ ကျည်တစ်တောင့် ပစ်သွင်းလိုက်မယ် ။ 

လက်ထိပ်ဆိုတာ 
ဖမ်းချင်ချုပ်ချင်နေတဲ့ သူတွေဆီမှာပဲရှိတာ 
ကျနော်တို့ဆီမှာ ကြိုးတွေပဲ ရှိတယ် 
အဲ့ဒါ နှောင်ကြိုးတွေပဲ 
နှောင်ကြိုးတွေဟာလည်း ပြတ်တောက်ခဲ့တာ ကြာပေါ့ ... 

ကျနော်ဟာ တော်လှန်ရေးသမား 
ကျနော်ဟာ တော်လှန်ရေးသမား 
ကျနော်ဟာ တော်လှန်ရေးသမား 
သုံးကြိမ်ရွတ်ဆိုတယ် ။ 
                                                                    #ဗာဂို

ပုန်ကန်ကြယ်

ပုန်ကန်ကြယ်

ဖေဖော်ဝါရီကစခဲ့တဲ့
ေနွဦးရက်ရှည်တွေမှာ
ငါတို့ရဲ့အနာဂတ်တွေဟာ
ရိုက်ချိုးခံလိုက်ရတယ် 
 ပေတစ်ရာလမ်းများဆီ ထွက်လို့
အနာဂတ်ကိုမင်နဲ့ရေး
 ဆိုင်းဘုတ်ကိုင်ပြီး
ငါတို့တောင်းဆိုခဲ့တယ်
လမ်းမတွေမှာ ရင်ဘတ်ထဲက
စကားသံတွေကို ထုတ်ဖော်ခဲ့တယ်
ဒီမိုကရေစီ ဆိုတာကိုရေးခြစ်ခဲ့တယ်
အာဏာရူး တွေရဲ့ပုံကို
 လမ်းမပေါ်မှာ ခြေနဲ့နင်း ဆဲခဲ့ကြတယ်
ငါတို့ရဲ့နာကျည်းချက်တွေကို 
သံပုံးတွေတီးလို့ ဟစ်ကြွေးခဲ့တယ်
တိတ်ဆိတ်ခြင်းတွေနဲ့လည်း 
ငါတို့အားလုံး ညီညွတ်ကြောင်း
ပြသခဲ့တယ်
အဲ့လိုကြွေးကြော်ခဲ့တဲ့ လူငယ်တွေကို
ရက်ရက်စက်စက်
 မမျှမတနဲ့ သူတို့ ဖြိုခွင်းခဲ့တယ်
ငါတို့ရဲ့အနာဂတ်ကိုသွေးနဲ့ ရေးခဲ့ရပြန်တယ်

ေနွလေရူးဟာ ရွက်ခြောက်တွေကို 
ရိုင်ရိုင်းခါချသလိုမျိုး
အာဏာရူးဟာ အခက်အလက်ကအစ 
ခြွေချတော့လည်း ငါတို့မှာ 
ရဲြပရုံကလွဲလို့ဘာရှိဦးမှာလဲ
ဖက်စစ်တပ်ဟာ
လူစိတ်မရှိလုပ်ရက်တော့လည်း 
ငါတို့ဟာ ပြန်ခံချရုံကလွဲလို့ ဘာရှိဦးမှာလဲ

"မတရားမှုဟာ ဉပဒေဖြစ်လာရင်
ခုခံတော်လှန်စစ်ဟာလည်း ဝတ္တရား ဖြစ်လာတယ်" ရဲဘော်ချေရဲ့စကားနှလုံးသွင်းပြီး
ငါတို့ အာဏာရှင်တံတိုင်းကို
 ဖြိုချရဦးမယ်

တရွေ့ရွေ့နဲ့နွေဟာ
 ပိုအကျည်းတန်လာခဲ့တယ်
နွေသစ်ရွက်တွေနဲ့ အပြိုင် ငါတို့ရဲ့ 
သူရဲကောင်း ကြယ်များစွာဟာ 
ကြွေခဲ့ရပါတယ်..
နွေဦးမှာကြွေပြရဲခဲ့တဲ့ ကြယ်တွေဟာ
လမ်းမထက်မှ ညကောင်းကင်ရဲ့
တိမ်တိုက်တွေအထိ တိုးဝင်ကာ 
လွတ်လပ်ခြင်းကို သူတို့ခံစားရပြီပေါ့
ကောင်းကင်ရဲ့ မြောက်အရပ်မှာ
တောက်ပလည်း
မင်းတို့ဟာ ဓူဝံကြယ်ထက်
 ပိုလင်းလက်မဲ့ကြယ်စင်တွေဖြစ်တယ်..

"တောင်တန်းပြည်မညီညွတ်ကြသည်"
တစ်တိုင်းပြည်လုံးလွတ်မြောက်ရေးဟာ 
ငါတို့ရဲ့ ဘုံပန်းတိုင်ဖြစ်တယ်
မြန်မာပြည်ကြီးကို တုပ်နှောင်ထားတဲ့ 
အာဏာကြိုးကို ငါတို့ရအောင်ဖြည်မယ်
ငါတို့အားလုံးဟာ တသွေးတည်း
ငါတို့အားလုံးဟာ တသားတည်း
ငါတို့ဟာ ဒီမတရားမှုရဲ့
နောက်ဆုံးမျိုးဆက်
ဖြစ်ကိုဖြစ်ရမယ်လို့လည်း
အခိုင်အမာခံယူထားကြတယ်

ွသူတို့ယုတ်မာေနကြပေမယ့်
 ငါတို့ဟာ မကြောက်ခဲ့
သွေးအေးမသွားခဲ့ 
လမ်းပေါ်စတက်ကတည်းက
ငါတို့ဟာ ကောက်ရိုးမီးမဟုတ်ကြောင်း
ကြွေးကြော်ခဲ့တယ်
ငါတို့စကား ငါတို့တည်မယ်
တော်လှန်ရေးဟာ
 ရာသီအလီလီကူးပြောင်းလာလေ
 ငါတို့သွေးတွေဟာ ပိုရဲလာလေ
လွတ်မြောက်မှုကိုပိုပိုပြီး
တောင့်တလာလေလေ..

သံတိုင်တွေရဲ့နောက်မှာ
 ငါတို့ရဲ့အနာဂတ်များစွာဟာ
 ချုပ်နှောင်ခံထားကြရတယ်
မြန်မာပြည်ရဲ့ဒေသများစွာမှာ
ငါတို့လူငယ်တွေဟာ
လက်နက်ကိုင်လမ်းစဥ်ကိုရွေးကြတယ်
မြို့ပေါ်မှာကျန်ခဲ့တဲ့ လူငယ်တွေဟာလည်း
ရရာနည်းလမ်းနဲ့ တော်လှန်နေဆဲ
တချို့က Gunကိုင်တယ်
တချို့ကလောင်နဲ့
တချို့စုတ်တံနဲ့
တချို့ ဂီတနဲ့
တချို့ အနုပညာနဲ့
ကိုယ်တတ်စွမ်းတဲ့နည်းမျိုးစုံနဲ့
ငါတို့ဟာတော်လှန်မယ်

"တော်လှန်ရေးသမားဆိုတာ ကြီးမြတ်တဲ့ချစ်ခြင်းတရားတွေနဲ့ လူသားတွေသာဖြစ်တယ်"
ချေဂွေဗားရား

တော်လှန်လူငယ်များဟာ
နှောင်ကြိုးတွေကို ထားရစ်ခဲ့ရတယ်
မျှော်နေသူအပေါင်းကိုလည်း
ခွင့်လွှတ်နားလည်စေချင်ပါတယ်
ဓမ္မအတွက် ယုံကြည်ချက်အတွက်
 လွတ်မြောက်မှုအတွက်  
88ရဲ့သွေးကြွေး အတွက်
ေနွဦးရဲ့သွေးကြွေးအတွက်
 နောင်အနာဂတ်မျိုးဆက်အတွက်
 ချစ်ခြင်းမေတ္တာအတွက်
 တရားမျှတမှုအတွက်
ကိုယ့်လိပ်ပြာကိုယ်လုံေစဖို့အတွက်
ဒီတခေါက်တော့ ငါတို့ရဲ ပါရစေလား
နိုင်ကိုနိုင်ရမယ်ဆိုတဲ့
စိတ်တွေကိုအရိုးမှာထွင်းလို့
ဒီသမိုင်းကို ရွှေရောင်တွေနဲ့အနားကွပ်မယ်

ငြိမ်းချမ်းရေးအတွက် 
ဒီစစ်ဟာနောက်ဆုံးဖြစ်တယ်
နောင်အနာဂတ်မျိုးဆက်တွေ မှာ
 အာဏာရှင်ဆိုတာမရှိစေရဘူး
ငါတို့မျိုးဆက် နောက်ဆုံးဖြစ်ရမယ်
ငါတို့ဟာ လဲကျလည်း 
ပြန်ထမယ့် ပစ်တိုင်းထောင်မျိုးဆက်
 မီးတွင်းထဲခုန်လည်း ပြန်ရှင်သန်မဲ့
 ဖီးလစ်ငှက်တွေသာဖြစ်တယ်

ကြယ်တွေကြွေရင် ဆုတောင်းတွေပြည့်တယ်တဲ့
ဘယ်သူပြောခဲ့ပါသလဲ
ကျွန်တော့်တို့အတွက်တော့ ဆုတောင်းတွေပြည့်စေဖို့ကြယ်တွေမကြွေပါနဲ့ ကောင်းကင်မှာ ငွားငွားစွင့်စွင့်စွင့်နဲ့ ကြယ်တို့ဝေပါစေ
ကြယ်စင်တွေဝေစေဖို့  အလင်းကောင်းကင်ရေ
နွေးထွေးစွာကြိုပါလေ ....

#တင့်ဘုန်း

Credit
#ကဗျာဖတ်ရင်းလှူ
#ကိုယ်တိုင်ရေးကဗျာကဏ္ဍ


အချစ်ကိုလည်းကြောက်ပါတယ်
စစ်ကိုလည်းကြောက်ပါတယ်
ကျနော်ဒီနိုင်ငံရဲ့လူဆင်းရဲပါ

-ရိပ်ငြိမ်
စိတ်ရှိသလောက်သာ
ခံစားမှုနောက်ကို လိုက်ကြေးဆိုရင် 
အသက်တောင် ပြန်ပါမလာဘူး။

-ကြည်ဇော်အေး

Sunday, August 28, 2022

ပြည်ထောင်စုသမ္မတ အသေကောင်နိုင်ငံတော်

ပြည်ထောင်စုသမ္မတ အသေကောင်နိုင်ငံတော်

အဆိပ်ပန်း ဘယ်နှပွင့်စိုက်ခဲ့ပါသနည်း။
အများဆုံးလူ အဆင့်တစ်
ဘဘကြီးသည် နိုင်ငံကို ကယ်တင်ခဲ့ပါ၏
ငါနဲ့မတူ ငါ့ရန်သူ မြဲအောင်စွဲမှတ်ကြ
အရောင်မတူ နေရပ်မတူ ပြောစကားမတူရင် အကုန်သတ်ကြ
စကြဝဠာဆိုတာ ငါတို ပိုင်ဖိုဟေ့

ငါတိုလူမျိုးအတွက် ငါတိုတိုက်မယ်
မာစီးဒီးပေါ်ကနေ ကြေညာသွားတဲ့ သူ့မိန့်ခွန်းကို လက်ခုပ်တီးနေကြလေရဲ့
ထောင်မှာ အိမ်ဦးနဲ့ ကြမ်းပြင်လိုနေလာတာရဲ့နောက်မှာ
ဒုက္ခဆိုတာ ဒါလောက်ပဲလားဟေ့
ငါတို မေးရဲခဲ့တယ်

ရဲဘော်တို ဒီနေ့ဟာ
ပြည်ထောင်စုသမ္မတ အသေကောင်နိုင်ငံတော်ရဲ့
အသားထဲက လောက်ထွက်ခြင်း အထိမ်းအမှတ်
အစုတ်အပြတ်အားလုံးကို ကုန်းပြီးလျက်ကြစို
အသားကိုမြို အချိုကိုစိုပြီး
ဒီမြေနေ ဒီလူတွေကိုပဲ
တမလွန်ကိုပိုနေကြတဲ့
အဘတိုကျည်ဆံတွေကတောင်
ပုပ်ဟောင်ဟောင် အနံ့ တော်တော်နံနေပြီ

ဝေါ့……

ရွှေတွေ အပြည့်ဆင်ပြီး မျက်ကွင်းချောင်ချောင်
ပလ္လင်ပေါ်မယ် ငိုက်သယောင်ယောင်
အချောင်နေ အကြေအမွလောက်စားရလည်း စားမယ်ဆိုသူတွေကတော့
အခုထိ ရွှေလည်ဆွဲတွေ ဆွဲပြီး
လေတော်လှန်ရေးတွေ အားရပါးရ ဝင်ရေးနေပြီ

သုဘရာဇာတို
ဒီနေ့ဟာ ငါတိုနိုင်ငံကြီးတစ်ခုလုံး အသုဘချရတော့မယ်
လောက်စားနေတဲ့ တရားဓမ္မနိုင်ငံတော်ကြီးထဲမှာ
ဘာသာမဲ့တာ ဘာများထူးဆန်းနေလိုလဲ
ဒါပေမယ့် ငါတိုဟာ ကြာရေစဉ် အလျင်မျောလိုက်တဲ့
စကောပေါ်မယ် အသက်ပြန်ရှုခွင့်ရတယ်ဆိုရင်
မြေမြုပ်ခံ အသေကောင်နိုင်ငံပေါ်က အလောင်းတွေကို
ဆေးလိပ်တွေ ကမ်းပေးဖို လိုတယ်
ဆိုဂျုတွေ များများလေးလောင်းချလိုက်ပြီးတဲ့နောက်မှာ
ဖိုက်တင်းညီနောင်ရေ
လောက်တွေ စားလိုမကုန်ခင် မြေကြီးထဲက လွတ်မှဖြစ်မယ်
သေရွာပြန် နိုင်ငံသားကွ
ကြားကြရဲ့လား

#Tommy

Saturday, August 27, 2022

"မမခင် စစ်ကိုင်းတိုင်းရောက်ဖူးလား "

" မမခင် စစ်ကိုင်းတိုင်းရောက်ဖူးလား "

" မမခင်ကြားဖူးလား ..
အတောမသတ် .. ပြောစမှတ်တွင်ကြတယ် ၊
စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း" တဲ့ ။

ရာဇဝင်တွေကို မြေလှန်ကြည့်ရင်
စစ်ကိုင်းတိုင်းဟာ သမိုင်းမရိုင်းခဲ့ပါဘူး .. ။

၅/သွေးတွေ နီတယ်
ချင်းတွင်းမြစ်ရေ ကြည်တယ်
မိုင်းခွဲသံ ပြင်းပြင်းမြည်တယ်
ဒါ စစ်ကိုင်းတိုင်းပဲ မမခင် ။

ကုန်းဘောင်မင်း ဆယ့်တစ်ဆက်ပေါ်ထွန်းခဲ့ရာ
သမိုင်းနဲ့ အစဉ်အလာ ရွှေဇေယျာတခွင်မှာ
သာသနာ့ရောင်ဝါ နေလိုလင်းခဲ့ ..
ရွှေကျင်သာသနာ ၊ မဟာစည်ရိပ်သာ ၊ 
လယ်တီဆရာတော် ပရိယတ္တိ ၊ တိပိနဲ့ ဘိဝံသ
အများဆုံးထွက်ခဲ့တဲ့ တိုင်းဇေယျာပေါ့ မမခင် ။

မိုးညှင်းသမ္ဗုဒ္ဓေ ၊ မဟာဗောဓိတစ်ထောင်
ကျောက္ကာရွှေဂူနီ .. တန်ခိုးကြီးဘုရားတွေ ရှိတဲ့ စစ်ကိုင်းတိုင်းမှာ အငြိုးလည်းကြီးခဲ့တယ် မမခင်

စစ်တလင်းသတ်မှတ် ၊ စီမံချက်နဲ့ ရက်စက်သမျှ
ကျည်ဆံတွေဟာ မိုးသီးလို ရွာချ
၅/ တွေရဲ့ဇ"ဟာ ဒီလောက်နဲ့များ
တုန်လှုပ်မှာတဲ့လား .. ။

သွေးနည်းရင်တော့ ခွေးဆွဲခံရမှာပဲ
လူညီရင် အောင်ပွဲဟာ လက်တကမ်းမှာပါ
ဒီကောင်းကင် .. ဒီရေမြေ
ဟိုးမှာ လှမ်းမြင်နေရတဲ့ မီးခိုးတွေ
လက်ပံတောင်းတောင်ကြီးလည်း ငိုနေလား
ခွေးတွေအူလေ.. သွေးတွေဆူလေပဲ မမခင်

ဟောဟို ချင်းတွင်းမြစ်ကြီးတလျောက်
ကမ်းတဘက်က ရွာလေးတွေအကုန် မီးလောင်ပြင်
လူ့အခွင့်အ‌ရေးမှန်သမျှ အရာရာဆိတ်သု‌ဉ်း ၊
ဒီအမုန်းဟာ ဒီကမ္ဘာမကျေဘူးးးး ။

ဝဋ်လည်အောင် ဆုမတောင်းပါနဲ့ ..
ဝဋ်ကိုလည်အောင် လှည့်ကြမယ် မမခင် ။
အသက်တွေ ဘ‌ဝတွေ နင်းခြေပြီး ရယူခဲ့သမျှ
အာဏာရူးသူတွေ ပြန်ပေးဆပ်ရမယ့်ဝဋ်ဆိုတဲ့
ဓမ္မစက်ကို တစ်ယောက်တစ်ဖက် ပြည်သူ့လက်နဲ့
အမြန်လည်အောင် လှည့်ပေးနေကြတယ် ။

ဇေယျာရွှေမြေရဲ့နွေဦး .. လေအရူးမှာ 
အသက်ကိုခြွေခူးမယ့် ကျည်ဆံထိပ်ဖူးတွေကြား
ကျတော်တို့ မကြွေဘူးမမခင် .. ပြန်ဝေရဦးမှာ .. ။

ဖီးနစ်ငှက်တွေက သေပြီးရင်
ပြန်လည်မွေးဖွားလာတဲ့ငှက်တစ်မျိုးတဲ့ မမခင်
ကိုယ်တိုင်မီးလောင်ကျွမ်းခံပြီး 
ပြာအဖြစ်ကနေ နောက်တစ်ဖန်ပြန်မွေးဖွားလာကြတယ် ။
ဘယ်လောက်စွမ်းလဲဆိုရင် သူတို့ရဲ့မျက်ရည်က 
သူတို့ရဲ့ဒဏ်ရာတွေကို ပြန်ကုပေးနိုင်‌လောက်တဲ့အထိပဲ တဲ့

ကျတော်တို့ လူငယ်တွေဟာ
ဖီးနစ်ငှက်ကလေးတွေပဲပေါ့ မမခင်
ကျတော်တို့ရဲ့မျက်ရည်နဲ့ အားလုံးရဲ့ဒဏ်ရာကို
ပြန်ကုစားပေးနိုင်ချင်တယ် ။ 
ကျတော်တို့ သေသွားခဲ့ရင်တောင်
ရှင်ပြန်ထမြောက်ခြင်းရဲ့ဖီးနစ်ငှက်လို
မီးလျှံတွေထဲက အသစ်ပြန်လည်မွေးဖွားခဲ့မှာ
မမခင် ယုံယုံကြည်ကြည်နဲ့ စောင့်နေပါ ..

ဒီတော်လှန်ရေးကြီး ပြီးတဲ့တစ်နေ့
သမိုင်းပြောင်မညှိုးတဲ့ စစ်ကိုင်းတောင်ရိုးမှာ
သစ္စာတွေ ဆိုချင်သေးတယ် ၊ လွတ်လပ်ခြင်းဆိုတဲ့
ပန်းပွင့်ကလေးကို မမခင် ဆံနွယ်ဦးမှာ
ဆင်မြန်းပေးဖူးချင်တယ် .. ။

နှလုံးခုန်သံ တစ်ချက်ခုန်တိုင်းမှာ
အရေးတော်ပုံ အောင်ရမယ် ။
အသက်ရှုသံ တစ်ချက်စီတိုင်းမှာ
အဆုံးသတ်တိုက်ပွဲ ကျတော်တို့နွှဲဖို့ပဲ ။
ရွှေပြည်တော်ဟာ မျှော်တိုင်းမဝေးတော့ဘူး ။
ဝမ်းနည်းစရာသတင်းတွေ ဖတ်မိရင် မငိုပါနဲ့ မမခင်

ရင်ခုန်ပါ ၊ ရှင်သန်ပါ ၊ မျှော်လင့်ပါ
ရောင်နီကျင်းနေ့သစ်ရဲ့မနက်ဖြန်တွေတိုင်းမှာ 
မဝေးတော့တဲ့ အနာဂတ်သစ် ရှိနေတယ် .. 
သပြေပင်လေးတွေ စိုက်လို့ ကြိုနေပေးပါ .. ❤️ ။

#ဉာဏ
#မမခင်စစ်ကိုင်းတိုင်းရောက်ဖူးလား

ကိုယ့်လမ်းကိုယ်ဆိုတာတွေ

ကိုယ့်လမ်းကိုယ်ဆိုတာတွေ 

တိမ်ကွဲများနှင့်တူသော
ကျောင်းပြောင်းဖို့
စာရွက်စာတမ်းတွေ ။

ရာသီဥတုက
ညကို ပေါက်ပြဲအောင်
နှင်းခဲတွေနဲ့ တရကြမ်းပစ်ခတ်ကြတယ် ။

တစ်စုံတစ်ယောက်ဟာ
လမ်းဘေးဖုန်းရုံကလေးထဲမှာ
အချိန်အတော်ကြာအောင် 
ငိုကြွေးခဲ့တာကြောင့်ပါ ။

အနွေးထည်မဝတ်ထားတဲ့
ရထားတွေကလည်း
နှင်းကိုက်ခံထား ဘီးလုံးတွေနဲ့
အသက်လု ခုတ်မောင်းနေရတယ် ၊
အဲ့ဒါကြောင့် သူ့ဆီရောက်ဖို့
အဆင့်ဆင့်နောက်ကျခဲ့ရ ။

ဘယ်လောက်နောက်ကျနောက်ကျ
စောင့်နေတဲ့သူရှိသေးရင်
အဲ့ဒါကို နောက်ကျတယ်လို့ သိပ်မခေါ်တော့ဘူး ။

တစ်စစီပြုတ်နေတဲ့ ညကို
သူတို့ ပြန်တပ်ဆင်ကြ
အနမ်းကို စတင်ဖွင့်သုံးကြ
ပြီးတော့
နောက်ထပ် နွေဦးအတွက် 
ကတိထားလို့ ခွဲခွာခဲ့ကြ ။

အဝေးက
မှုန်ဝါးသော လေညွှန်တိုင်များ
သူတို့လက်တံတွေမှာ
နှစ်တွေကို ချည်ပြီး လည်ပတ်နေခဲ့ ။

ခေတ်တွေပြောင်းလာ
ချယ်ရီပင်မှာ သစ်ကိုင်းတွေ 
အသစ်ထွက်နေမလား ။

သူ့ဆီက စာလာမလားလို့
သွားဖွင့်ကြည့်တိုင်း
စာတိုက်ပုံးဟာ ချောင်ဆိုးသွေးအန်ပြတယ် ။

ဒီကြားထဲမှာ အဖြစ်အပျက်တွေ အများကြီးပေါ့
ကိုယ့်ကို ဖြတ်သန်းသွားတာကော
ကိုယ်က ဖြတ်သန်းခဲ့တာတွေကော
ကိုယ့်အပေါ်ကောင်းမှန်းသိသာသူကို
အေးစက်မှုပဲ ပေးနိုင်တာမျိုးတွေပေါ့ ၊
အရာရာ
စိတ်မကောင်းစရာတွေ ။

အလုပ်စားပွဲမှာ ထိုင်လိုက်တိုင်း
ပြီးပြည့်စုံတဲ့ အထီးကျန်ခြင်းဟာ
ဂုတ်ပေါ်ကို ခုန်ချ
အင်္ကျီထဲဝင်ပြီး တစ်ကိုယ်လုံး လျှောက်သွားတော့တယ် ။

ကော်ဖီသောက်လိုက် ဆေးလိပ်သောက်လိုက်
အလုပ်တွေ ဖိလုပ်လိုက်
လေယာဉ်တွေ ပျံသန်းသွားရင် 
ပြတင်းပေါက်က အမှတ်တမဲ့ငေးလိုက် 
အဓိပ္ပါယ်ရှိခြင်းနဲ့ ခပ်ဆင်ဆင်တွေ ။

လူစည်ကားရာတွေ
သူနဲ့ အရပ်တူတဲ့ မိန်းကလေးတွေ
သူနဲ့ ဆံပင်ပုံစံတူတဲ့ မိန်းကလေးတွေ
မှတ်ဥာဏ်ထဲက နှင်းတွေ ။

ဆုတောင်းတာနဲ့
ကိုယ့်ကိုကိုယ်လိမ်တာ 
သိပ်မကွာမှန်းလည်း သိလာ ။

နောက်တော့ သေတယ်ဆိုတာကိုလည်း 
တခြားတစ်မျိုးနဲ့ သဘောပေါက်လာ 
နေ့စဉ် အလုပ်တွေလုပ်နေရင်းနဲ့လည်း
နေ့စဉ် အစားတွေ စားနေရင်းနဲ့လည်း
ရထားဖြတ်မှာမို့ လမ်းခဏပိတ်တားတဲ့ မောင်းတံရှေ့မှာ 
ခြေစုံရပ်ရင်းနဲ့လည်း
သေလို့ရနေတာပဲ ။

နွမ်းဖျော့စရာ မတ်လဆန်းပေါ့ 
နွေဦးရောက်တိုင်း 
တစ်စက္ကန့်ကို (၅) စင်တီမီတာနှုန်းနဲ့
နှစ်စဉ်သေဆုံးလျှက်ရှိသူ ... ။

- သူဝေး 

ကိုယ်သိသလောက် 
ဟစ်တလာကော ၊ ဗင်းဆင့်ဗန်ဂိုးကော
နှစ်ယောက်စလုံးဟာ အသက်သုံးဆယ်လောက်အထိ
ဟိုယောင်ယောင် ဒီယောင်ယောင် 
အီးယောင်ဝါးတွေချည်းပဲ။

နောက်ထပ်တူတာက 
နှစ်ယောက်စလုံး ပန်းချီကို ဝါသနာထုံတယ်။
အနုပညာအရည်အချင်းခြင်းတော့ မတူဘူးပေါ့။
နှစ်ယောက်စလုံး အသဲပတ်ပတ်စပ်စပ် 
ကွဲဖူးကြတယ်။
နှစ်ယောက်စလုံးဟာ လမ်းဘေးနေ၊
လမ်းဘေးစားတွေဖြစ်ခဲ့ဖူးတယ်။
နှစ်ယောက်စလုံးဟာ လေကျယ်ကြတယ်။
နှစ်ယောက်စလုံးဟာ ပတ်ဝန်းကျင်ရဲ့ပစ်ပယ်မှုကို
ကောင်းကောင်းကြီးခံခဲ့ရတယ်။

ဒါက သုံးဆယ်မတိုင်ခင် တူတာတွေပေါ့။

ဒါပေမယ့် သုံးဆယ် ကျော် အခြေအနေမှာကျ
တော်တော်ကွာသွားပြီ။

ဗန်ဂိုးဟာ အသက်သုံးဆယ်ကျော်မှာ
ကိုယ့်ကိုယ်ကိုယ်သတ်သေ သွားပြီ။
လောကကြီးကို အရှုံးပေးတယ်ပြောပြော၊
အနိုင်ယူတယ်ပြောပြော သူဟာ
လောကကြီးကထွက်ခွာသွားခဲ့ရပြီ။
သူ့ပန်ချီကားတွေကလည်း သူသေမှပဲ
နာမည်ကြီးကြတာ၊
အလဲလဲအပြိုပြိုနဲ့ သေဆုံးသွားခဲ့ရတယ်။

ဟစ်တလာကတော့
သုံးဆယ်ကျော်မှာ ကမ္ဘာကြီးကို
အုပ်စိုးဖို့စဉ်းစားနေပြီ။
ဂျူးခြောက်သန်းကို သတ်ပလိုက်တယ်။
ကောင်တယ်၊မကောင်းတယ်။
ဘေးဖယ်ထား။
ဘာပဲဖြစ်ဖြစ် သူဟာ
ကမ္ဘာကြီးကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့တယ်။
ကျနော်ကတော့ ဟစ်တလာပဲ ဖြစ်ချင်တယ်။
စောက်လူ့အဖွဲ့အစည်းကြီးကို ကောင်းကောင်းကြီး
ဒုက္ခပေးချင်သေးတယ်။

-ဘုန်းပြည့်စုံမင်း

"ကက"

"ကက"
~~~~~~~

ရှင် ကဗျာရေးဖို့ ကျမက ဇာတ်နာပြရအုံးမှာလား
ဘယ်အကြောင်းအရာကမှ တွန်းပို့ခဲ့တာ မဟုတ်ဘူး
၁၆ နှစ်ထဲက ကလပ်တက်လာတာ
ကျမက လိင်ဆက်ဆံရတာ ကြိုက်တယ်
သိပ်မိုက်တဲ့ ဘဲကြီးတွေနဲ့ပဲ အိပ်တယ်
ကျမအတွက် ငွေဆိုတာ အရေးမကြီးဘူး
ယောက်ျားပီသတဲ့ အမွေးအမျှင်တွေနဲ့
ကျမ အရေပြား ထိနေရတာကို ငြိနေတာ
ဘိန်းလိုပဲ
သူတို့ဆီကလာတဲ့ ချွေးနံ့ ဆေးလိပ်နံ့တွေဟာ
ကျမအဖို့ နိဗ္ဗာန်ပဲ
အဲဒီကောင်းကင်ဘုံမှာ ကျမက ကခုန်ကစားနေကျ
မြင်းစီးတယ်
ပုလွေမှုတ်တယ်
တိမ်တွေကို ဒူးထောက်ပြီး နမ်းတယ်
ဘုရားရေ !
ကျမဘယ်တုန်းကမှ
ကိုယ့်ကိုယ်ကို စိတ်မပျက်ခဲ့ဘူး
ဒါဟာ သဘာဝပဲ
ဒေသနာတော်ရဲ့တားမြစ်ခံထားရတဲ့
အကျဉ်းကျခံ အမျိုးသမီးတွေကိုမြင်ရင်သာ
စိတ်မကောင်းဖြစ်မိတာ
ရှင်တို့ကဗျာတွေထဲက
ပညာမဲ့အသိမြင် ကွယ်လို့
ဆင်းရဲချို့တဲ့လို့
ကံကြမ္မာက ရက်စက်လွန်းလို့ ဆိုတဲ့သူတွေအတွက်လည်း စိတ်မကောင်းပါဘူး
ဒါပေမယ့်
ကျမက သူတို့နဲ့မတူဘူး ကဗျာဆရာ
ကျေးဇူးပြု ပြီး ကျမကိုမေ့လိုက်ပါ
တစ်ခါအိပ်ဖူးတဲ့လူနဲ့
ကျမက နောက်တစ်ခါအိပ်လေ့မရှိဘူး။ ။

-လင်းမာအို

မျှော်လင့်ခြင်းပြတင်းပေါက်

မျှော်လင့်ခြင်းပြတင်းပေါက်
............

အိပ်မက်တွေက
မိုးစို စုတ်ပြဲ အထပ်လိုက်ကွာကျ....။

(၁)

ဝါသနာကိုမြေမြုပ်ကြရင်း
နိုင်ငံတစ်ပါးမှအမြစ်တွယ်
စောင့်လေမျိုးနွယ်ကို မေ့ထား
ထမင်းစားဖို့ရထားစီးရန်....။

(၂)

ဟုတ်တာပဲလုပ်လုပ်
မဟုတ်တာပဲလုပ်လုပ်
နာမည်ကြီးအောင်လုပ်
လူပိုသနားတယ်
လူအများသတ်ရင်နပိုလီယံ
လူတစ်ယောက်သတ်ရင်ထောင်ဒဏ်……။

(၃)

ပိုင်ဆိုင်မှုဘာရှိလဲ
အကြင်နာတရားလား
ပြောမနေနဲ့…လက်ဘက်ရည်ဖိုးတောင်မရဘူး….။

(၄)

ဗာရာဏသီ
ဘာမှန်းမသိတဲ့အရာတွေစီနေတာ..
တလွဲပညာရှင်တွေစု
ဖောင်းထု…
ကောင်းမှုသာဓုခေါ်စေသော်ဝ်…..။

(၅)

အသက်တွေတတိတိတိုက်စားခံရရင်း
စစ်ခင်းတဲ့တလင်းမြေမှာ
မသေမချင်းစပါးရိတ်နေရမှာ….။

(၆)

လက်ရှိအနာဂတ်က ဒါ
ပစ္စုပ္ပန်က အလုပ်လက်မဲ့
အတိတ်က ပဒေသရာဇ်…
အနိစ္စတရားကျလိုက်ပုံများ…..။

အလင်္ကာ

Friday, August 26, 2022

စနေနေ့၌ မိုးခိုခြင်း

စနေနေ့၌ မိုးခိုခြင်း - သစ္စာနီ

.
ကောင်းကင်က
ပင်လယ်တခု မှောက်ကျလာသမျိုး
မိုးဟာ...
နေရောင်ခြည်တွေ ရွှဲစိုလောက်အောင်ရွာလို့
အသံဗလံတွေ မျောပါသွားလောက်အောင်ရွာလို့
အချိန်နာရီတွေ နစ်မြုပ်ကုန်လောက်အောင်ရွာလို့ ။
ငါကတော့ ...
ချောင်ကျကျ လက်ဖက်ရည်ဆိုင်မှာ
မိုးခိုမိပေါ့ ။
ဟိုမှာ ...
တံစက်မြိတ်အောက်က ခိုတကောင်
အသုံးမကျတဲ့ အတောင်နဲ့
မှောင်လည်းမှောင်၊ တိတ်လည်း တိတ်ဆိတ်
(မိုးသံက လွဲလို့ပေါ့လေ)
ဒီလိုနဲ့ ...
မိုးကလွဲလို့
အားလုံးနဲ့ လွဲခဲ့ပေါ့ ။ ။

#သစ္စာနီ

ပေါ့ပေါ့ပါးပါးပေါ့

ပေါ့ပေါ့ပါးပါးပေါ့
______________(သစ္စာနီ)

ပေါ့ပေါ့ပါးပါးပေါ့
၀န်ချီစက်နဲ့မ, လောက်စရာ
ဒုက္ခမှ မရှိတာ
ပဲပြုတ်သည်ကို ကြွေးပေးပြီးပြီ
ရွှေဈေးနဲ့ မကြေမအေးမဖြစ်
ခင်ဗျားအပေါ် ဓာတ်ကြိုးပြုတ်မကျသေး
အေးသောင်းဆိုလည်း Like ပစ်လိုက်
နိုင်ငံရေးက သုံးခွက်တစ်ခွက်တင်
ဘတ်စ်ကားပေါ်မှာ ခန္တီကိုစ
မာရီယာ အိုဇာဝါအသစ်ကိုစောင့်
ငြိမ်းချမ်းရေးကို ပွဲစားတွေလုပ်လိမ့်မယ်
မယားပါသားလို အလကားရတာမရှိ
သိန်းတစ်သောင်းတန် ထီထိုးပြီးပြီ
ပေါ့ပေါ့ပါးပါးပေါ့
လောကဓံတရားဆိုတာ
ရှစ်ပါးထက်မပိုဘူး။

#သစ္စာနီ

နီတိသစ်

နီတိသစ်
_________  

ရက်လွန်နေတဲ့ စည်သွပ်ဗူးကိုဖောက်လိုက်တဲ့အခါ
အထဲက....
နိုင်ငံတော် သီချင်းထွက်လာတယ်။
"များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်"တဲ့။

ဟမ်ဘာဂါသာ ရိုးချင်ရိုးသွားမယ်
မော်စီတုံးစကားဟာ မရိုးဘူး
ရန်သူကို မိတ်ဆွေဖြစ်ဖို့ဆို
ကွန်ဒုံးကောင်းကောင်းတော့ လိုတာပေါ့။

ယောကျာ်း ပီသဆေးလို
နိုင်ငံတော် ပီသဆေး ရှိရင်ကောင်းမယ်
တရားမျှတခြင်းကို ဖာတန်းမှာ သွားရှာရတဲ့အခါ။

-သစ္စာနီ

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...