Thursday, June 30, 2022

"လူသေဟာ လိမ်မပြောဘူး"

ရာသီဥတုဟာ လျှပ်ကူးပစ္စည်းပဲ
ထိတွေ့မိသူတိုင်း အေးစက်နာကျင်နေပုံ
စင်ပေါ်ကနေ စာအုပ်တွေ
မျက်ရည်လို စီးကျနေတယ်
သေရင် အစကပြန်စရတဲ့ဂိမ်းတွေ မကစားချင်ဘူး
ပြသနာတွေက အသစ်ဖြစ်ပြီး
ကျမ်းစာတွေက အဟောင်းဖြစ်နေတယ်
ဒဏ်ရာအနေအထားကို စကားနဲ့ဘယ်လိုပြောမလဲ
အိပ်မပျော်တဲ့အကြောင်း မီးလောင်ပြာကျ
သတင်းစကားပေးလိုက်တယ်
အတိတ်မေ့ရောဂါသည်တွေဟာ
သူတို့နဲ့အရင်းနှီးဆုံးသူတွေကို အရင်စမေ့တတ်ကြတယ်
တိုက်ဆိုင်မှုတိုင်းဟာ အကောင်းတွေချည်းပဲ မဟုတ်ဘူး
ခေါင်းလောင်းတွေက မြည်ပြီးသွားပြီ
စကြဝဋ္ဌာရဲ့မှောင်မိုက်ခြင်းပါ
ဘုရားကိုမြင်မှ တရားကိုမြင်မှာ
မင်းကိုမမြင်ရရင်
ဘာကိုမှမမြင်တော့ဘူး။ ။

-ဇင်လင်းနောင်
"မင်းထွက်သွားတုန်းက"

မင်းထွက်သွားတုန်းက
အာဏာသိမ်းပြီးစ
ညနေ နေဝင်ရီတရောပေါ့
စစ်တပ် အိမ်ကိုလာဝိုင်းတယ်
မင်း အမေ ကြောက်လိုက်တာ
ကြက်သီးမွေးညှင်းထ
အသားတွေဆတ်ဆတ်တုန်ပေါ့
အိမ်သားတွေလည်း
ချောင် မှာဝပ်လို့

မင်းထွက်သွားတုန်းက
မင်းညီကို မင်းနဲ့ မှားပြီး
ရဲတွေလာဖမ်းသွားတယ်
နောက်ကျမှ တစုံတယောက်က
သူဟာ မင်းမဟုတ်ဘူးပြောလို့
သူ့ကို ပြန်လွှတ်ပေးလိုက်တယ်

မင်းထွက်သွားတုန်းက
မင်းညီမ
ဌာနဆိုင်ရာ အလုပ်ကောင်းကောင်း
တခုရဖို့ ကြုံတယ်
ဒါပေမယ့် 
နောက်ကြောင်း ရာဇဝင်လိုက်တော့
( သူတို့ အလို )
မင်းက ဆန့်ကျင်ရေးသမားဖြစ်နေတာနဲ့
မင်းညီမ ခန့်စာနဲ့ လွဲသွားတယ်

မင်းထွက်သွားပြီး
နောက်နှစ်တွေ
သူတို့ ငါ့ဆီ  ခဏခဏ လာတယ်
မင်းအကြောင်းလာစုံစမ်းတယ်
မင်းသတင်းတွေ လာလာမေးတယ်
နောက်ဆုံး
မင်းနဲ့ အခင် ဆုံး သူငယ်ချင်း ဘယ်သူလဲ
မင်း ရည်းစား ဘယ်သူလဲ
ဒါတွေကအစ
ငါ့ကို လာလာ မေးတယ်

တရက်
ငါလည်း စိတ်မရှည်တော့တာနဲ့
ဆရာတို့ရယ်
ဆရာတို့က ထောက်လှမ်းရေးတွေပဲ
သူဘယ်ရောက်နေမှန်း
ဆရာတို့တောင် မသိတာ
ကျွန်တော် ဘယ်လိုသိနိုင်မှာလဲ
ဆရာတို့ သိရင်လည်း
ကျွန်တော့် ပြောကြပေါ့
ကျွန် တော်လည်း
ကျွန်တော့်သား ဘယ်ရောက်နေတယ်
သိချင်တာပေါ့လို့
ဒီတည်းက
သူတို့ ငါ့ဆီ မလာတော့ဘူး
မင်းသတင်းလည်း မကြားရတော့ဘူး ။ ။

-လူအိမ်
"ဆည်းဆာ"

စီးဆင်းနေသော မြစ်၏နံဘေးတွင်
လွမ်းဆွေးနေသည့် ကမ်းပါးတွေရှိသည်။

တစ်ဦးနှင့်တစ်ဦး အမှန်ချစ်လျှင်
ငှက်ကလေးတွေပင်
အတူပျံသန်းခွင့် ရပါသည်။

တခါရံ၌ တိမ်တွေလှပခဲ့သည်ကို
တဘဝလုံး မျှော်တွေး၍
ကောင်းကင် ငေးသူ။

အဝေးမှညနေသည်
အတောင်ပါသော အလွမ်းများပင်ဖြစ်သည်။

ချစ်သူချင်းပေါင်းရသော ကမ္ဘာ၌သာ
လူ အဖြစ်ကို ကျွန်တော်ရလိုသည်။

ချစ်သူချင်းပေါင်းရသော ကမ္ဘာ၌သာ
လူ့ အဖြစ် ကိုကျွန်တော်ရလိုသည်။ 

- မောင်သိန်းဇော်
တာလီဘန်

သပိတ်ကို သိက္ခာရှိရှိ 
မှောက်မရလို့
သေနတ်ကို နာနာကြည်းကြည်း
ရွေးရတယ်၊

ဂန္ဒီကြီးကို ချစ်တတ်တယ်၊

ကိုယ်တော်မှိုင်းကို ချစ်တတ်တယ်၊

သမိုင်းကို အရောင်ဆိုးမယ့်
ကောင်တွေကတော့
တာလီဘန် လို့
စကားဦးသန်းကြ၊

ငါတို့မှာ နာစရာ
ရင်ဘတ်လည်း
မ ရှိ တော့။    ။

ရင်သွေး
'  မျိုးဆက်သစ်တို့အားမာန် '

🌷 ဒူးမထောက် လက်မမြှောက်
      အားမာန်အပြည့်   ရှေ့သို့လှမ်း
     ချီ အနာဂတ်နိုင်ငံတော်ကြီးစီ.....

🌷 ခက်ခဲမှုတွေ ဘယ်လိုပင်ကြုံပါ   
     စေ တွဲလက်ညီညီ မိစ္ဆာနှိမ်နင်း
     တိုက်ထုတ်လို့ရယ် ကြောက်   
     ခေတ်ကို တို့လက်ထက်မှာ
     အဆုံးသတ်မယ်

🌷 ပြည်သူအတွက် ပြည်သူပဲရှိတာ
     မို့ ကူသူကူ ၊လှူသူလှူ ၊တိုက်သူ 
     တိုက်လို့   နိုင်ရာတာဝန်ထမ်း   
     ဆောင်ရင်း  ပံ့ပိုးကြမယ် 
     တော်လှန်ရေးကြီးအောင်မြင်ဖို့  
     ကွယ်

🌷ငါတို့သမိုင်း ၊မရိုင်းစေဖို့
     အသက်၊သွေး ၊ချွေး စတေးလို့  
     ရယ်  သမိုင်းတစ်ခေတ် တွင် 
    ကျန်ရစ်ဖို့  ကဗ္ဗည်းမော်ကွန်းတင်            
    ခဲ့မယ်

                                     နွေဦးချစ်
ကမ္ဘာပေါ်မှာလူငယ်တွေကြောင့်
ဖြစ်ရတဲ့စစ်ပွဲရယ်လို့
တစ်ခါမှမရှိဖူးဘူး....

အဲ...ဒါပေမယ့်
ထူးဆန်းတာက
စစ်ပွဲမှာသေပေးရတဲ့သူတွေကတော့ 
လူငယ်တွေကြီးပဲ....

-မင်းခိုက်စိုးစံ

Wednesday, June 29, 2022



စေတနာ
-----------


တကယ်
ဆာ‌လောင်နေတဲ့သူကိုပဲ ကျွေးပါ
တကယ်
လိုအပ်နေသူကိုပဲ ပေးပါ
စေတနာဆိုတာ
နေရာမှားရင် ခါးတတ်တယ်



San Zuren 🌸


တန်ဖိုးရှိလို့ ခက်ခဲတယ်
-----------------------------------


It's hard, because it's worth.
တန်ဖိုးရှိလို့ ခက်ခဲတယ် 

လောကကြီးမှာလေ တန်ဖိုးရှိတဲ့အရာကို 
ဘယ်တော့မှ လွယ်လွယ်နဲ့မရဘူး
ဒါပေမယ့် ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ရှိရမယ်
တစ်ချို့ဆိုရင် စိတ်လျော့တာ သိပ်မြန်တာပဲ  အဲဒီလို စိတ်မလျော့ရဘူး 

ဝီရိယဆိုတာ အဆင့် ( ၄ ) ဆင့်ရှိတယ်

ပထမအဆင့်က
အလုပ်တစ်ခုကို လုပ်မယ် ဆိုပြီး ဆုံးဖြတ်ချက် ချတယ်  
ဒါအနိမ့်ဆုံးအဆင့်ဝီရိယ

ဒုတိယ အဆင့်က
ဆုံးဖြတ်ချက်အတိုင်း အလုပ်ကို စလုပ်တာ 

တတိယအဆင့်က
ခက်ခဲပေမယ့် ဆက်လုပ်တာ...Fighting 

စတုတ္ထအဆင့်က
ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရရင်တောင်မှ လက်မြှောက်အရှုံးမပေးပဲ နောက်တစ်ခါ ထပ်လုပ်ပြီး ကြိုးစားတာတဲ့
(အမေစုရဲ့ ဆုံးမသွန်သင် အားပေးစကားလေး)

ငါတို့က ကောက်ရိုးမီးလို လူစားမျိုးတွေ မဟုတ်ဘူး၊ အဆုံးထိ လျှောက်မယ့် အမေ့သားသားသမီးတွေ 
အခက်အခဲတွေ ဘယ်လောက်ပဲ ကြုံတွေ့ခံစားနေရပါစေ မငြီးငြူဘူး၊  အားမငယ်ဘူး
ငါတို့ရဲ့ စုပေါင်းအားနဲ့ အားလုံးကို ရင်ဆိုင် ဖြတ်ကျော်သွားမယ်

ရှုံးမှန်းသိနေတဲ့ စစ်မိစ္ဆာတောင် လက်မလျော့သေးတာ 
ငါတို့က အရှုံးပေးစရာလား
ငါတို့နိုင်ကို နိုင်တယ်
"'ငါတို့အနာဂတ်က ငါတို့လက်ထဲမှာပါ"



San Zuren 🌸


ငါတို့မှာ ငါတို့ပဲရှိတယ်
----------------------------------


နေဝင်ညကို ကူးဖြတ်ပြီးမှ 
ရောင်နီသာတဲ့ နေ့သစ်ကို ရောက်မယ်
ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ 
တချိန်မှာ အောင်မြင် လွတ်မြောက်မယ် မဟုတ်လား

နေ့ဝင်ညကိုလည်း ကူးဖြတ်ပြီးခဲ့ပြီ
ရောင်နီကိုလည်း မြင်နေရပြီ
ရောင်နီတွေလည်း သန်းနေပြီ
မင်း မျက်စိဖွင့် နားဖွင့်ရမယ့် အချိန်ပဲ လိုတော့တယ်

Click ပေးကြပါ 
ကျတော်တို့ အသက်ပေးရဲပါတယ် ဆိုတဲ့ 
ရဲဘော်လေးတွေကို မင်း မသနားဘူးလား
ဒီနေ့ Mission အောင်မှာကွ ဆိုပြီး 
ပြည်သူလူထုကို ယုံကြည်နေတဲ့ ရဲဘော်လေးတွေကို မင်း မချစ်ဘူးလား

ဒီနေ့ ငါတို့ Mission အောင်ရမယ်ကွ ဆိုပြီး အားတင်းထားတဲ့ Clicker တွေထဲ မင်း မပါချင်ဘူးလား
Mission အောင်မှာပါဆိုပြီး အားပေးစကားတွေ ပြောနေတဲ့ Admins တွေကို မင်း အားမနာဘူးလား

လာပါ Click ပေးကြရအောင်
ငါတို့မှာ ငါတို့ပဲ ရှိတယ်
ပြည်သူတွေဘက်မှာ PDF တွေရှိသလို 
PDF တွေဘက်မှာ ပြည်သူတွေ ရှိတယ်မလား

ငါတို့အားလုံးဟာ ပါးစပ်‌ပြော မဟုတ်ဘူးဆိုတာ လက်တွေ့သက်သေပြရအောင်
လက်တွေ့ Click လိုက်ကြရအောင်လေ



San Zuren 🌸
"ခင်ခင်ပျိုရေ အသက်ရှူငွေ့များ"

ဓာတ်ကြိုးတန်းပေါ် ခိုတွေသီးလို့
သစ်သားအိမ်ကလေးရှေ့ ရောင်စုံပူဖောင်းတွေ လွင့်လို့
ရပ်ကွက်ကလေးဟာ အသက်ဝင်လာလို့
လူတွေ အသက်ဝင်လာလို့ ။
သွားကြ ၊ လာကြ
ကြံကြ ၊ ရှာကြ ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။

ဒီလို တစ်နေ့ဟာ
တစ်နေ့ပြီး တစ်နေ့
ငါတို့ဟာ တစ်ကွေ့ပြီး တစ်ကွေ့
ငါတို့ဟာ တစ်ရွေ့ပြီး တစ်ရွေ့
ငါတို့ဟာ တငွေ့ငွေ့ ။

ငါတို့ ဘယ်ရထားမှာ လွဲခဲ့သလဲ
တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။       ။

-အောင်ချိမ့်
ဘယ်သူ့အပေါ်မှ နွယ်လိုမကျင့်ဘူး
သစ်ပင်ကြီးတွေလိုပဲ ကျင့်တယ်
ဘဝနဲ့မလွတ်ရင် ခုတ်ပစ်လိုက်
တစ်ယောက်မရှိလို့ တစ်ယောက်မဖြစ်ဘူးဆိုတာ ဘယ်လို ဟာသမျိုးလဲ ငါတွေးတယ်.... 
အလကားပါ
မေတ္တာယောင်ဆောင်လာတဲ့ တဏှာတွေ။

_အောင်မှူးဝေ

Tuesday, June 28, 2022

အရင်က ရုပ်ရှင်တွေ ဘာတွေကြည့်ရင်
အသက်ရှင်ပြီး ကျန်ခဲ့တဲ့သူကို သဘောကျတယ်
သူ့လို ဖြစ်ချင်တယ် ...

တကယ့် ဘဝ ပိတ်ကားပေါ်မှာတော့
အသက်ရှင်ကျန်ရစ်ခဲ့သူသာ
ပိုလေးလံရတယ်ဆိုတာ သိခဲ့ပြီ .. ။

_ အောင်မြို့


“ဗုဒ္ဓနဲ့ငါ ...ဘယ်မှာ လွဲတာလဲ”
 _____________________  

ထီးနန်းစည်းစိမ် အာဏာစွန့်သူဟာ
၃၅ နှစ်မှာ ဘုရားဖြစ်လာတယ်။
အကျင့်တရားမရှိဘဲ
သင်ကြားမိဆဲ သစ္စာဓမ္မနဲ့
လာဘ်လာဘ အာဏာ နေရာအတွက်
ဘွဲ့တွေကို ငါတို့ယူကြတယ်။
ဗုဒ္ဓနဲ့ ငါ ........ ဘယ်မှာလွဲတာလဲ။

ဗုဒ္ဓဟာ.........  ဗုဒ္ဓဘာသာကိုမဟောဘူး
သစ္စာကိုပဲ ဟောပြတယ်တဲ့။
ဗုဒ္ဓသားမြေးတွေက
ဥပဒေနဲ့‌ခြောက် အာဏာ‌ရှင်ကိုမြှောက်
သေနတ်ဖောက်ပြီး 
သာသနာပြုချင်တယ်။
ဗုဒ္ဓနဲ့ ငါ ........... ဘယ်မှာလွဲတာလဲ။

တရားမရှိပေမယ့်
ဘုရားတွေပိနေတဲ့ တိုင်းပြည်မှာ
ရွှေခေါင်းပြောင်သလောက်
၀မ်းတွေက ခေါင်လွန်းတယ်။
အ၀တ်တွေရဲသလောက် 
သတ္တိက ‌ခြောက်လွန်းတယ်။

ပြောင်း၀က ကျည်ဆန်မှာ 
သာသနာတည်ရိုးမှန်ရင်
ပိဋကတ်သုံးပုံအစား
သေနတ်တွေ ထားခဲ့မှာပေါ့။
ဗုဒ္ဓရဲ့ ‌ခြေသံမှာ .......
ယမ်းနံ့တွေ မပါတာကိုတော့
ငါ ........... သစ္စာဆိုဝံ့ပါတယ်။

အမြင်မှန်ဆိုတာ .........
အသွင်သဏ္ဍာန်တွေကို ခွါကြည့်ရတာမျိုးပါ။
သာမန် ကရုဏာလေးရှိရင်တောင်
နဖူးရောင်သည့်အထိ ကြည်ညိုမိပါတယ်။

သမိုင်းဟာ  ...သက်သေပဲ။
သူတော်စင်တို့ ကျောက်စာမှာ 
လိပ်ပြာ လုံလုံနေချင်တယ်။
နှောင်းလူတို့မှတ်တမ်းမှာ......
ငါ့...... အမည်ကို မှင်နီ မဖြတ်သန်းပါစေနဲ့။

လူထဲက ...လူတွေပါပဲ။
ကျဆုံးသူတွေအတွက် အမျှမဝေနိုင်ရင်တောင်
ပြုံးယောင်တော့  မပြကြေး။
ငါတို့ဟာ... ဗုဒ္ဓရင်သွေးတွေဖြစ်တယ်။
ဒါပေမယ့်...
ဘယ်မှာ လမ်းလွဲသွားတာလဲ။

-မှော်နတ်ပျို
14-5-2021

#Collage By Poemency


စစ်ကြီးအတွင်းဆိုတော့
လူတွေလည်း ဖြစ်သလိုပါပဲ...
ဇာတ်လမ်းအစမှာ
စစ်ကြောင့် သေချင်သေ 
ဒါမှမဟုတ်.... 
ဇာတ်လမ်းအဆုံးမှာ နှလုံးကွဲပြီးသေ။

-အောင်ခင်မြင့်

#Collage By Poemency
#z_fighter


ပြစ်မှု
________________________

ငါ့ကိုမင်းစွန့်ပစ်သွားတယ်ဆိုတာ
ငါ့နိုင်ငံကိုကမ္ဘာကြီးကစွန့်ပစ်သွားတာနဲ့ယှဉ်ရင်
ဘာမှမဟုတ်ပါဘူး

အသည်းကွဲတယ်ဆိုတာ
ဆေးစွဲနေတဲ့လူငယ်တစ်ယောက်လိုပဲ

သတိရကြောင်း
ရာဇဝတ်မှုကျူးလွန်မိတယ် ။

-ကြည်ဇော်အေး
27 June 2022

#Collage by Poemency

Monday, June 27, 2022

တော်လှန်သော relashionship

တော်လှန်သော relashionship 
````````````````````````````````````````````````` 
"လွမ်းလိုက်တာ" တဲ့ 
ရန်သူကို သေမယ့်လမ်းပို့တဲ့သူလည်း 
ချစ်သူလေးကို သေမတတ်လွမ်းတတ်တယ် ။ 

အရင်က 
ချစ်သူလက်ကလေးကို နူးနူးညံ့ညံ့ကိုင်ဖူးတဲ့သူ 
အလွမ်းတွေ 
သွေးစွန်းလက်နဲ့ ပွေ့ယူခဲ့မယ်ဆိုတော့ 
ရန်ဖြစ်တာ မကြိုက်တတ်တဲ့သူမ 
ရန်သူ့သွေးမှ ခြေဆေးပါ့မယ်တဲ့ ။ 

အိပ်မက်တွေအတူမက်တတ်တဲ့သူ 
မျှော်လင့်ချက်တွေ ခိုးယူခံရတော့ 
ကိုယ်က သေနတ်ကိုင်တဲ့အခါ 
သူမ,ဟာ Clicker တစ်ယောက်အဖြစ် 
အမှန်တရားအတွက် အတူစစ်မျက်နှာဖွင့်ကြတယ် ။ 

လောကဓံကို အတူဖြတ်ကျော်နိုင်ဖို့ 
အာဏာရှင်ဟာ လေ့ကျင့်ရေးကွင်းကောင်းပဲ 
မောင်းခလုတ်ဆွဲရတဲ့အခါ 
သူမ,အတွက် အားပိုထည့်ပါတဲ့ 
အရင်က တီတီတာတာချွဲတတ်သူလေး 
အခု တော်လှန်သွေးတွေ အပြည့်နဲ့ ။ 

ဖုန်းချလို့နှုတ်ဆက်တဲ့အခါ 
အရေးတော်ပုံ အောင်မှာပါ တဲ့ 
ဖုန်းပေါ်က နမ်းတဲ့အနမ်းတွေ 
တော်လှန်စိတ်နဲ့ ချိုမြိန်နေပါရဲ့ 
သံယောဇဥ်ကို အဓမ္မဟာမယှဉ်နိုင်ခဲ့ပါဘူး ။ ။ 

BETA 
လူငယ်လေးတစ်စု
ခေတ်တိုင်းမှာ သူတို့ရှိတယ်

ဆေးလိပ်ကြိုက်တယ်
ကဗျာကြိုက်တယ်
လက်ဖက်ရည်ကြိုက်တယ်
စာအုပ်ကြိုက်တယ်
ဂန္တဝင်ဂီတကြိုက်တယ်
နောက်ပြီး
နိုင်ငံရေးကြိုက်တယ် ။

လူတွေက သူတို့ကို အရူးလို့ထင်ကြတယ် ။
ကျောက်တောင်ကို 
ကြက်ဥ နဲ့ပေါက်တဲ့အကောင်တွေတဲ့ ။

တချို့ကလည်း သူပုန်လောင်းလေးတွေတဲ့ ။
ဟိုလူကြီးကတော့ ဆူပူသူကျောင်းသားဆိုးတွေတဲ့ ။

ရွယ်တူတွေက အပေါင်းအသင်းမလုပ်ချင်ကြဘူး
လူကြောင်တွေတဲ့ 
ဝေးဝေးကရှောင် အမှုပတ်မယ်တဲ့ ။

မာက့်စ်ဝါဒကို သည်းခြေကြိုက်တယ် 
ဖောက်ပြန်ရေးသမားတွေကို မုန်းတယ်
မူးလာရင် အင်တာနေရှယ်နယ် ဆိုတယ် 
အချစ်ရေးတော့ကံခေကြတယ်ဗျ ။

အချိန်တန်တော့သူတို့တွေဟာ
သံတိုင်တွေ နောက်မှာ
တောတောင်လျှိုမြောင်တွေကြားမှာ 
ဘာဆုလာဒ်မှမရဘဲ
ပျောက်ဆုံးကုန်ကြတယ် ။

လူမသိသူမသိ ပျောက်ကွယ်သွားတဲ့
လူငယ်လေးတစ်စုဟာ
ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ် ။  ။

-မောင်ငြိမ်းချမ်း


"ငှက်များ"

ဘယ်လောက်ခမ်းနားအောင်ပဲ
လုပ်ထားပါစေ
လှောင်အိမ်ဟာ
ငါတို့ နေရပ်တော့ မဟုတ်ဘူး
အမြင့်ပျံစိတ်တွေက
အတောင်ညှပ်ခံထားရတဲ့ငှက်လို
လွတ်လပ်မှုကို
ပိုပြီး ငတ်မွတ်စေခဲ့
မမေ့ဘူး
မမေ့ဘူး
အလိုမတူပဲ ငါတို့
အစော်ကားခံခဲ့ရတာတွေကို။ ။

-ခေတ်ဆူး

#collageby Poetry Cafe
"  အငွေ့ပျံနေ့ရက်များ  "

အာခိမိဒိ သီအိုရီဟာ
သွားတစ်ချောင်းအဖြစ် ရောက်ရှိလာတယ်။

ရေချိန်လွတ်နေတဲ့ စားပွဲခုံတစ်ခုံ 
ခုန်လို့။

အလွန်တရာ အရသာရှိခဲ့တာက
မျှော်လင့်နေရတာ မှန်သမျှပေါ့။

ချစ်လှစွာသော လောကဓံတရားရေ
ဖြစ်ချင်တိုင်း မဖြစ်ရတာကိုပဲ ချစ်နေရပါတယ်။

အသက်ရှူသံတွေထဲမှာ ပန်းပွင့်တွေရှိတယ် 
အသက်ရှူသံဟာ ပန်းပွင့်ဖြစ်တယ် 
ဆူးရှိ
အရသာ ချဉ်စူးစူး
အစေးလည်း ထွက်
ကျီးပေါင်းတက်နေတဲ့ အိပ်မက်
တစ်ခု
အသက်ရှူသံပန်းပွင့်ထဲမှာ 
ရှိနေလေရဲ့။ ။

-မောင်ချောနွယ်
တစ်နေ့မှာ
တစ်ယောက်ယောက်ကတော့
လောကကြီးထဲကနေ
အရင်ထွက်ခွာသွားရမှာပဲ ။
'ဘယ်တော့မှမခွဲဘူး' လို့
တစ်ယောက်ကပြောလိုက်ရင်
နောက်တစ်ယောက်က
ပြည့်ပြည့်ဝဝယုံကြည်သွားတယ်ဆိုတာ
မေတ္တာတရားနဲ့ပဲဆိုင်ပါတယ် ။

-ညံလင်း
ငါ့မှာ စောက်အသည်းက ကွဲရသေးတယ်
________________________________

လူဟာ မီးကိုရှာတွေ့ရုံနဲ့မလုံလောက်လို့ 
ဓာတ်ဆီကိုရှာကြ
လကမ္ဘာတွေဘာတွေခြေချ  
ဘယ်ဂြိုလ်တွေမှာ သက်ရှိတွေ ရှိသေးလည်းရှာကြနဲ့
ကိုယ့်ဘေးခန်းမှာ ဘယ်သူတွေနေတာတောင် မသိကြတော့
ညထဲ ပျောက်သောသူရှာရင်း 
ကိုယ့်ကိုကိုယ်ပြန်မတွေ့ရတော့သလို 
တိုင်ပတ်ကြတဲ့အခါ
ငါ့မှာ စောက်အသည်းက ကွဲရသေးတယ်

ဘဝဆိုတာလည်း 
မိန်းမတစ်ယောက်ကိုချစ်ရသလိုပဲ
တိုင်တန်းနစ်ပေါ်မှာ ကိတ်ဝင်းဆလတ်ကြီးနဲ့ လိင်ဆက်ဆံရလို့ 
စောက်ရမ်းတွေ ဂျလန်းသလိုနဲ့
ခဏနေ သင်္ဘောမှောက်တော့တာပဲ
ကြိုးစားရင်ဘုရားဖြစ်တယ်ဆိုလည်း 
ဘုရားဖြစ်မယ့်သူကြိုးစားမှ ဘုရားဖြစ်တာပဲ
အကောင်းဆုံး ဂိုးတွေဆိုတာ 
ကြက်တွေပါပဲလို့ သိလိုက်ရသလို
ငါ့မှာ စောက်အသည်းက ကွဲရသေးတယ်

လွတ်လပ်မျှတပြီး 
လူလိုတန်ဖိုးထားတတ်တဲ့ တိုင်းပြည်မှာ သွားနေချင်တာမဟုတ်ဘူး
ကိုယ့်တိုင်းပြည်ကို အဲဒီလို ဖြစ်စေချင်တာ
လောလောဆယ်တော့ 
မီးပွိုင့်မှာ ဘဝတွေပိတ်နေတယ်
ရန်ကုန်မြို့လည်ကောင်ကြီး 
သေနတ်သံတချက်မှ မကြားရပါပဲ
စစ်ဘေး ဒုက္ခသည်တယောက်လို
ငါ့မှာ စောက်အသည်းက ကွဲရသေးတယ်

''အချစ်က 
ရွှီရှောင်ခံစားချက်သက်သက်မဟုတ်ဘူး
စနစ်တကျ တည်ဆောက်ယူရတာ''
ဆရာမကြီးတော်ကီတွေပစ်ပစ်ပြီး
ပလိန်းကြီး ငါ့ကိုထားခဲ့လို့ 
လင်ယူသွားတဲ့ဟာမကြောင့်
ငါ့မှာ စောက်အသည်းကကွဲရသေးတယ်

နင့်ကောင်ကရေလျှံတယ်လား
နင့်ကောင် အမြီးရှည်တယ်လား
တကယ်တော့ နင့်ကောင်စိတ်ဓာတ်က
နုံချာလို့ အမြီးမပါတဲ့ ကြောင်လို
ကြုံရာနို့စို့ပြီးကြီးလာတဲ့ကောင်ပဲမို့လား
ငါ့မှာ သွားမရှိလို့မာန်ပဲဖီနေရတဲ့ခွေးတကောင်လို အရူးချီးပန်းနဲ့
ငါ့မှာစောက်အသည်းက ကွဲရသေးတယ်

ကြားဖူးတာက
အချစ်ဆိုတာ ဘဝရဲ့အလင်းရောင်ပဲတဲ့
အိမ်ထောင်ရေးကတော့ အဲဒီအလင်းရောင်အတွက် 
ဆောင်ရမယ့်မီတာခပဲတဲ့
မှောင်ကြီးမဲမဲထဲ
ငါ့မှာ စောက်အသည်းက ကွဲရသေးတယ်

မိုးကြိုးပဲပစ်ပစ် မြွေပွေးပဲကိုက်ကိုက် 
ငါဂန့်တာ မလွမ်းလောက်ပေမယ့်
ကွင်းပိုင်ကြီးကို မပူဇော်လို့လို့ လူတွေပွားကြတဲ့အခါ
ငါ့မှာ စောက်အသည်းက ကွဲရသေးတယ်။

-ကြည်မျိုးအောင်

မိုးရာသီ
_______
 
သူထွက်သွားတော့ 
ထီးတစ်ချောင်းပါသွားတယ် 
မကြာဘူး မိုးက နောက်ကလိုက်သွားတယ် 
မြစ်ရေကြီးခြင်းသတင်း ကြားရတယ် 

ပြန်လာမယ်လို့ ပြောသွားရင် မမျှော်ပါဘူး 
ပြန်မလာတော့မှန်းသိလို့ 
မျှော်မိတာ။
          
-စိုးခိုင်ညိန်း

#CollagebyPoemency

Sunday, June 26, 2022



သေတမ်းစာ

အမြဲ သေနတ်ကိုင်မယ် တရဲရဲတကျက်ကျက်
မင်းသတ္တိကိုချီးကျုး‌တာနဲ့အတူ
နောက်ကွယ်က ကြိုးကိုင်တဲ့စွဲလမ်းခြင်းအတ္တ
ရင်ထဲပေါက်လာတဲ့ မီးပွားများရယ်

ဖုန်းမြည်သံတစ်ဖက်မှာ
သူမ အားနာနာနဲ့ပဲပြောခဲ့တဲ့ ဤစကား
မီးလောင်ရာ လေပင့်လို့ပဲ
ရင်ထဲက အချစ်တောအုပ်မီးစွဲသွားခဲ့ပြီလား

အဆုတ်ထဲ နီကိုတင်းငွေ့တွေဖြည့်
အစာအိမ်ထဲမယ် ဇိမ်ခံရည်တွေဖောင်းပွလို့ပေါ့
လက်ကတော့ ဆက်ဆက်၍ရေးနေတဲ့
တစ်ရွှက်ပြီးတစ်ရွှက်သော ကဗျာညံ့တွေ
ဪ တောအုပ်မီးလည်း မငြိမ်းနိုင်သေးပေဘူး
အရက်တွေ စစ်ကူလိုက်ပြန်ဦး

"ဖျောက်"
ခြောက်အိပ်မက်တွေလား
မင်းမရှိတော့ဘူးတဲ့ကွာ
ကဗျာ
ကဗျာ
ကဗျာတွေ...
ရင်ထဲက တောအုပ်လည်း ပြာပုံသာသာပဲ စွဲထင်ပေလေရဲ့
မက်ဆေ့ခ်ျ တစ်ချက်အဝင်
အိပ်မက်ဆိုးတောင် မဟုတ်‌ပြန်ဘူးလေတဲ့

သွေးကြွေးသီချင်းတွေ ဟစ်ကာဆိုလို့
မင်းအနားမှာ ငိုနေတဲ့မိသားစုဝင်တွေကြား
တိုးလို့မဝင်
ငါ့Existenceပျောက်ဆုံးသွားပြီ
ငါဟာ ဘာဆိုဘာရယ်
မကျန်တော့ဘူးရယ်

မင်းစတိုင်လ်လုပ်ရိုက်ခဲ့တဲ့ ဓါတ်ပုံထဲက ‌သေနတ်လေးတွေ့တော့ ငါခိုးလာတယ်
ခေါင်းတိုင်ကနေ မီးခိုးတွေဝဲလို့သွားပြီ
ငါလာပြီအချစ်ရေ

“ဒိုင်း”

#Tommy

ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း

( ၁ )
သူရဲကောင်းဆိုရင် ငါတို့ကိုယ်၌က
ငုယင်ဗန်ထရွိင်းကို သတိရ
ကင်းဂျူနီယာကို သတိရ
ချေ ဂွေဗားရား စပါတာကပ်ကို သတိရ
ချင်းအမျိုးသား
ဆလိုင်းတင်မောင်ဦးကိုတော့
မေ့နေကြလေရဲ့။
စကြာဝဠာတစ်ဖက်စွန်း ခရီးထွက်နေတဲ့
ဟေလီကြယ်တံခွန်ကြီးကို မေ့သလို
အန္တာတိကတိုက်ကြီးကို မေ့သလို
ငါတို့မေ့နေကြ။

အနောက်ဖက်က နေဝင်ဆည်းဆာကိုငေးချင်တာနဲ့
အရှေ့ဘက်က လင်းအရုဏ်ကို
ငါတို့က မေ့ထားကြတယ်
မိုက်မဲလိုက်လေခြင်း . . .
ဆလိုင်းတင်မောင်ဦး အမည်နာမ
ကြီးမြတ် ဂုဏ်ပြောင် ရဲရင့်မှုရဲ့ တံဆိပ်
အဆုံးမဲ့ အနစ်နာခံမှုရဲ့ သင်္ကေတ
သံမဏိလို ခိုင်မာမြဲမြံမှုတရားက
စစ်အာဏာရှင်ယန္တရားကို ထစ်အသွားအောင်
ကလန့်ခံခဲ့တယ်ဆို
အဲဒါ ဆလိုင်းတင်မောင်ဦးပဲ
သတိရနေရမယ်
အောက်မေ့နေရမယ်
သူ့ခေတ်မှာတော့
သူ့လောက်လှတဲ့ ကြယ်
ငါတို့ကောင်းကင်မှာ မရှိဘူး။

(၂)
ဇွန် ၆
မွတ်သိပ်ငတ်ပြတ် အလုပ်သမား
ဆန်တောင်းရာ ကျည်ဆန်ရခဲ့သူများ
ဦးသန့်အရေး ကျောင်းသားများ
ဇွန် ၆ နှစ်ပတ်လည်
မှိုင်းရာပြည့်
အရေးတော်ပုံရေပြင်ပေါ်က
ကြံ့ကြံ့ခံ ဗေဒါ။

ဗြိတိသျှ ကိုလိုနီ အစ
ဒီမိုကရေစီနှစ်အနည်းငယ် အလယ်
စစ်အာဏာရှင်အဆုံး
တစ်ဦးတည်းသော ကြိုးပေးကွပ်မျက်ခံ
ကျောင်းသားခေါင်းဆောင်။

တရားမဝင် အာဏာသိမ်းအစိုးရရဲ့
တရားမှုမဲ့ စက်ဆုပ်ဖွယ် မတရားရုံးများက
နိုင်ငံတော်ပုန်ကန်သစ္စာဖောက်မှု ပါတဲ့
ဆလိုင်းတင်မောင်ဦး
မထီပြုံးနဲ့ နေမှာ မြင်ယောင်တယ်။

ဒီ ချင်းအမျိုးသားဟာ
တိုင်းရင်းသား လူငယ်တွေရဲ့
သန့်စင်သော မီးရှူးတန်ဆောင်ပါပဲ။
လောက်တဖွားဖွားခေတ်ထဲက
မကြောက်တရားပြသူ ယောက်ျားမြတ်ပါပဲ။
အာဏာရှင်ကုပ်ပိုးကို ပုတ်နှိုးလိုက်တဲ့
စူးစူးဝါးဝါး တောက်ပတဲ့ နေအလင်းရောင်ပါပဲ။

( ၃) 
ကျောင်းသားသမိုင်း ဘယ့်တော့မှ မရိုင်းတဲ့အတိုင်း
သူ့ခေတ် သမိုင်းပေါ် ခုန်တက်
အာဏာရှင်ကို ပုံပျက်စေတာပါပဲ။
ကိုအောင်ဆန်း ကိုဗဟိန်း ကိုအောင်ကျော်တို့နဲ့မခြား
ကိုတင်မောင်ဦး ဆိုတာ
သေနတ်ပါသူတွေကို
လက်ဗလာနဲ့ ရင်ဆိုင်ဖူးသလို
လက်နက်အားကိုးသမားကို
လက်နက်အစားထိုးတိုက်ဖို့လည်း
ပြင်ဆင်ခဲ့ဖူးတယ်။

သူဟာ ရှေးရှေ့က အာဇာနည်တွေနဲ့မခြား
ကျောက်ဆောင်လို ခိုင်မာ
မြေသားလို နှိမ့်ကျိုး
လိုအပ်တဲ့အခါ
မိုးကြိုးလိုလည်း ထစ်ချုန်းခဲ့တယ်။
သူဟာ စကားလုံးတွေနဲ့ ဖော်ပြဖို့ခက်ခဲစေတဲ့
မာန်ပြင်းတဲ့ ကဗျာတစ်ပုဒ်ပါပဲ။
ငါ့ရဲ့ ကိုယ်ခန္ဓာကိုသာ သတ်နိုင်မယ်
ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့မရ
မင်းတို့ စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ
တဲ့။
ကြိုးစင်ပေါ်က ထီမထင်ခမ်းနားတဲ့ ကဗျာ
ကြိုးစင်ထက်မှာ ကျူးရင့်တဲ့ဥဒါန်း
နှလုံးတသိမ့်သိမ့်တုန်စေပါရဲ့
သွေးတလှပ်လှပ်ခုန်စေပါရဲ့
အာဏာရှင်တွေကို
ကြောက်ဒူးဆတ်ဆတ်တုန်စေပါရဲ့။

(၄)
တိုင်းပြည်တစ်ခုလုံးကို
ဟိန်းဟောက် ခြိမ်းခြောက်တဲ့ စစ်ဘီလူး
ဆလိုင်းတင်မောင်ဦးကိုတော့
တိတ်တဆိတ်သာ ကွပ်မျက်ဝံ့ခဲ့တယ်။

ခေတ်ဆိုး ခေတ်ယုတ် အဆက်ဆက်
ဒီပြည်ရဲ့ ဒီမြေပေါ်မှာ
ဒီမိုကရေစီအတွက် ဒီသွေးတွေ စွန်းကွက်ခဲ့
ကျောင်းသားအသက်တွေ အလုပ်သမားအသက်တွေ ရဟန်းရှင်တွေရဲ့ အသက်တွေ
ကလေးငယ်တွေရဲ့ ဖြူစင်နုနယ်လွန်းလှတဲ့ အသက်တွေ
ကိုဘုန်းမော် ကိုစိုးနိုင် မဝင်းမော်ဦး
အခြား အခြားသော အညတရသူရဲကောင်းတွေ
လူအုပ်ထဲ ပြေးဝင်လာတဲ့
မရဏကျည်ဆံတွေအောက်
အသက်တွေ စွန့်ခဲ့ကြရပေမယ့်
သတ်သူတွေကတော့ လွတ်ငြိမ်းနေဆဲ
မရှက်သူတွေကတော့ ရပ်တည်နေဆဲပါလား။

ငါတို့ရဲ့ မိုက်မဲတဲ့ မေ့တတ်မှုတွေကြောင့်
ဆလိုင်းတင်မောင်ဦးလို သူရဲကောင်းတွေကို မေ့ထားမိခဲ့ကြတာတွေကြောင့်
ဆလိုင်းတင်မောင်ဦးမိသားစု မျက်ရည်တွေ
ဆလိုင်းတင်မောင်ဦးရဲ့ မိခင်ရဲ့ မျက်ရည်တွေ
ဘာဖြစ်လို့ ငါတို့ဟာ မေ့နိုင်အားကြသလဲ။

(၅)
အာဏာရှင် အမှောင်တိုက်က
ငါတို့ကို ဝေဝါးအောင်လုပ်ခဲ့တာပဲ
သူ့ရဲ့ဂုဏ် ညှိုးနွမ်းဖို့
အာဏာရှင်အစဉ်ဆက်ရဲ့ ပြုမူမှုဟာ
မအောင်မြင်နိုင်
ကြယ်နီဟာ ကြယ်နီ
တံခွန်ဟာ တံခွန်
သမိုင်းဟာ
စစ်ဖိနပ်ကို စစ်ဖိနပ်
လူစွမ်းကောင်းကို လူစွမ်းကောင်း
ကိုက်ညီစွာ နေရာပေးရတာပဲ
ဆလိုင်းတင်မောင်ဦး ပါတဲ့
တစ်ချိန် ပုံသွင်းရုပ်ထု
သူ့ ကျောက်ရုပ်ရှေ့ ငါတို့ဦးညွတ်ရလိမ့်မယ်။
ဒီလို ယုံကြည်တယ်။

နောက်ဆုံးထွက်သက်အထိ
တော်လှန်တဲ့ ဆလိုင်းတင်မောင်ဦး
သူ့ မိခင် မျက်ရည်ကျရသလို
သားကောင်းမိခင်တွေ မျက်ရည်ကျမှာ စိုးတဲ့
ဆလိုင်းတင်မောင်ဦး
မှိုင်းရာပြည့်မှာ ဦးဆောင်ရှေ့ရွက်
သူ့ညီမလေး မလှမြိုင်အတွက်
ဂုဏ်ယူသွားခဲ့တဲ့
ဆလိုင်းတင်မောင်ဦး။

(၆)
ဆလိုင်းတင်မောင်ဦး တဲ့ဟေ့
ကမ္ဘာက သိစေ
ဆလိုင်းတင်မောင်ဦး တဲ့ဟေ့
ကမ္ဘာက ကြားစေ
သူရဲကောင်းတွေရဲ့ ကမ္ဗည်းနံရံပေါ်
သူရဲကောင်းတွေရဲ့ မော်ကွန်းကျောက်သားပေါ်
သူ့ကို ထည့်မှတ်ကြ
သူ့ နာမည်ကို ရေးထိုးကြ
စိတ်ဓာတ်ခွန်အားကသာ ရုပ်ကမ္ဘာကို ပြောင်းလဲစေတယ်
တရားမျှတမှု မေတ္တာ လူ့ဂုဏ်သိက္ခာ လွတ်လပ်မှု အကြောင်း
ဆလိုင်းတင်မောင်ဦး ပို့ချချက်
ကမ္ဘာသူ ကမ္ဘာသား အောက်မေ့ကြစေမယ်။

ဆလိုင်းတင်မောင်ဦး သေမယ်ထင်လို့
ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်
သတ်ဖြတ်ခဲ့တယ်
ငါတို့ နှလုံးသားထဲမှာတော့
ဆလိုင်းတင်မောင်ဦး 
ဘယ်တော့မှမသေ.

- လင်းခါး


#CollageByPoetryofLife



EDUCATE
-----------------


ကလေးတွေကို
ပညာကောင်းကောင်းသင်ပေးရင်
လူကြီးတွေကို 
အပြစ်ပေးဖို့ မလိုတော့ပါဘူး
ပညာရေးစနစ် 
အမှန်ကောင်းမွန်ပြီဆိုတာနဲ့
အကျဥ်းထောင်တွေ နည်းလာမယ်
တဖြည်းဖြည်း ပပျောက်သွားပါလိမ့်မယ်

ပညာရေး ဘယ်လောက်ကောင်းသလဲ
ဒီမိုကရေစီ လည်း
အဲသလောက်သာ ကောင်းနိုင်တယ်
ပညာရေးညံ့ရင်
ဒီမိုကရေစီလဲ အသုံးမဝင်တော့ပါ

Educate the children and
it won't be necessary 
to punish the men.
Democracy is only as good as 
the education that surrounds it.



San Zuren 🌸
ထောင်ထဲက စာ

သို့/
       အဖေ

လူတချို့ကြောင့်
ဝမ်းဗိုက် ပေါက်ထွက်သွားတဲ့ မြစ်ဟာ
ကမ်းနဖူးက အိမ်ကလေးကို
ရန်ရှာနေပြီမဟုတ်လား အဖေ...။

အိမ်ကလေးရဲ့ရှေ့နားက
မြစ်ကမ်းပါးမှာ
မျောတိုင်စိုက်ဖို့
ရေစာဖြည့်ဖို့
သဲအိတ်ချဖို့
တစ်ယောက်ယောက်ကို
အဖေ မျှော်နေမှာပဲ။

ဝါးလုံးထိုး တကႅာတဲ့
မြစ်ရေညစ်ညစ်မှာ
ပျစ်ခဲနေအောင် လဲကျနေမယ့်
ရိတ်သိမ်းရလုနီး
ရေသွင်းနှမ်းခင်းတွေကို ငေးကြည့်ပြီး
ဝါးနေဆဲ ထမင်းလုတ်ကို
ကလော်အထုတ်ခံရသလို ဖြစ်နေမလား
ရန်သူမျိုးငါးပါးအကြောင်းကို ဆင်ခြင်ပြီး
အဖေမြတ်နိုးရာဘာသာတရားနဲ့ 
ဖြေတွေးနေမလား
လစ်ဟာနေတဲ့ တစ်ယောက်စာလုပ်အားကိုပဲ
တောင့်တများ တောင့်တနေမလား။

သား ၁၊ သမီး ၂၊ သား ၁ မှာ
သား ၁-က အချုပ်ကျ ကဗျာဆရာ
သမီး ၂-က
ကျောင်းဆရာမ နဲ့ ဘွဲ့ရထမင်းချက်
နောက်ထပ် သား ၁-က ကျောင်းသား
အဖေ့လက်ထဲက ကိုင်းခုတ်ဓားလောက်မှ
အဖေ့သားကြီးကဗျာဆရာက
"အား"ဖြစ်စေပါရဲ့လား အဖေ...။

ဘာကိုမှ
မခွင့်လွှတ်ပါနဲ့ အဖေရေ
"သားရေ.. ဖိုးချမ်း
နောက်က လူသံတွေ ဆူညံလှချေလား"
ဖုန်းထဲက အဖေ့မေးခွန်းကို
"စာမူပို့ရင်း
ကားမှတ်တိုင်မှာ ရောက်နေလို့" လို့
လိမ်ညာမိတဲ့
တရားရုံးထဲက အဖေ့သားက အစ
"ကျေးဇူးရှင်တောင်သူဦးကြီးများ"လို့
လျှာဖျားကလေးနဲ့ မြှူမြှူပြီးမှ
ကျောကို ချချသွားတဲ့
ခေတ်အဆက်ဆက်ရဲ့ 
ဓားပြကောင်တွေအဆုံး
အားလုံးကို မုန်းပစ်လိုက်ပါ အဖေ...။

လက်နက် မပါဘဲ
ပြည်သူ့ဥစ္စာကို ခိုးဝှက်တော့ သူခိုး
လက်နက်ကိုင်ထားပြီး
ပြည်သူ့ဥစ္စာကို လုယက်တော့ ဓားပြ
သူခိုး အစိုးမရ
ဓားပြ အစိုးမရ-နဲ့
အဖေတို့မှာ ဘယ်မလဲ အစိုးရ။

တောတွေ ဘာဖြစ်ဖြစ်
တောင်တွေ ဘာဖြစ်ဖြစ်
မြစ်တွေ ဘာဖြစ်ဖြစ်
အုန်းသီးခြစ်သလို
တိုင်းပြည်ကို ချစ်ပြပြီး
အဆီအနှစ်ကို ခိုးစုပ်တဲ့လူတန်းစားတွေ
သူတို့ပလ္လင်ကို တရစ်ချင်းမြှင့်ဖို့ဆို
ဗုဒ္ဓသင်းကျစ်မှာတောင် 
သေနတ်ပြောင်းနဲ့ထစ်မှတ်ပြီး
ညစ်ပတ်ခဲ့ကြ လူတန်းစားတွေ..
အဲဒီလူတန်းစားတွေကို ဆဲရေးဖို့
အဖေ့ဘာသာတရားက 
အဖေ့ကို ခွင့်မပြုရင်
အဲဒီဘာသာတရားကနေ ကျောခိုင်းပြီး
အဖေ့အစား
သား ဆဲရေးပါရစေ အဖေ...။

အခုထိ
အဖေမသိသေးပေမယ့်
အဖေ့သားကြီးဟာ
လူကောင်းသူကောင်းတွေအပေါ် 
အကြမ်းမဖက်ဖို့
ရဲတပ်ဖွဲ့ဆိုတာကြီးကို တောင်းဆိုရင်းက
မတရားတဲ့ လံကြုတ်ပုဒ်မတွေနဲ့
ထောင်ထဲမှာ အချုပ်ကျနေလေရဲ့။

တစ်နေ့မတော့
သူခိုးမဟုတ်တဲ့ အဖေ့သားက
ဓားပြမဟုတ်တဲ့ အဖေ့သားက
အဖေ့အတွက်
အားလည်း ဖြစ်ရပါစေမယ် အဖေ
ဓားလည်း ဖြစ်ရပါစေမယ် အဖေ...။

အခုနေမတော့
အဖေ့ပခုံးနဲ့ ထွန်ယက်ထားပြီး
ရေလွှမ်းသွားတဲ့ ယာမြေပြင်တွေကို
ငေးရီကြည့်မောရင်း
တောင်သူလယ်သမားသမဂ္ဂသီချင်းကိုပဲ
ဆိုနေရစ်ပါဦး အဖေရေ...။   ။

မှ/

      သား - ကေဇဝင်း
      သာယာဝတီဗဟိုအကျဉ်းထောင်
      ဆောင် ၁၀ / ခန်း ၁
အကြောင်းကြောင်းကြောင့်
----------------------

အကြောင်းကြောင်းကြောင့်
ရွဲ့စောင်းနေတဲ့ ကမ္ဘာကြီးမှာ လူဖြစ်ခဲ့ရတယ်
အကြောင်းကြောင်းကြောင့်
ဆံပင်အရောင်တွေ ပြောင်းလဲသွားကြပြီ
အကြောင်းကြောင်းကြောင့်
အရောင်းအဝယ် မကောင်းတဲ့နေ့တွေမှာ နေခဲ့တယ်
အကြောင်းကြောင်းကြောင့်
ခေတ်ကာလကို လက်ဝါးစောင်းနဲ့ ခုတ်ချင်တယ်
အကြောင်းကြောင်းကြောင့်
မြောင်းထဲက ဘဝတွေကို လိုက်ဆယ်နေမိတယ်
အကြောင်းကြောင်းကြောင့်
စာအုပ် အဟောင်းတွေကို ပြန်ဖတ်နေရတယ်
အကြောင်းကြောင်းကြောင့်
ကိုယ့်ဘဝကိုယ် ပြန်ချောင်းကြည့်မိတယ် 
အကြောင်းကြောင်းကြောင့်
အဝတ်ဟောင်းတွေ ဝယ်ဝတ်နေရတယ်
အကြောင်းကြောင်းကြောင့်
တစ်နေရာကနေ တစ်နေရာကို ပြောင်းခဲ့ရတယ် 
အကြောင်းကြောင်းကြောင့်
ငယ်ငယ်တုန်းက အကြောင်းတွေ
မတွေးတော့ပါဘူး
အကြောင်းကြောင်းကြောင့်
သူရဲကောင်းတွေနဲ့ ပေါင်းသင်းနေထိုင်မိတယ်
အကြောင်းကြောင်းကြောင့်
ခေါင်းမီးတောက်တဲ့ ညတွေနဲ့ ကြုံခဲ့တယ်
အကြောင်းကြောင်းကြောင့်
နောက်ဘဝအကြောင်းကို မေ့နေမိတယ်
အကြောင်းကြောင်းကြောင့်
ရှိစုမဲ့စုလေးတွေ ထုတ်ရောင်းခဲ့ရတယ်
အကြောင်းကြောင်းကြောင့်
ခေါင်းလောင်းသံတွေနဲ့ ဝေးခဲ့ပါပြီ
အကြောင်းကြောင်းကြောင့်
ဘောလုံးပွဲတွေအကြောင်း ပြောနေရတယ်
အကြောင်းကြောင်းကြောင့်
အကောင်းမြင်စိတ်တွေ မွေးနေရတယ်
အကြောင်းကြောင်းကြောင့်
အမျိုးသမီး တစ်ယောက်အကြောင်း
တွေးနေမိတယ်
အကြောင်းကြောင်းကြောင့်
သင်္ချိုင်းကုန်းကို မျက်စောင်းထိုးနေမိတယ်
အကြောင်းကြောင်းကြောင့်
ကိုယ့်အလောင်းကိုယ် ပြန်ထမ်းရမလို ဖြစ်နေပြီ
အကြောင်းကြောင်းကြောင့်
ဇာတ်ပေါင်းခန်းကို ရင်ခုန်နေမိတယ်
အကြောင်းကြောင်းကြောင့်
ဘဝနဲ့ ရင်းရတဲ့ လောင်းကစားဝိုင်းထဲကို ဝင်မိတယ်
အကြောင်းကြောင်းကြောင့်
လက်ခမောင်း ခတ်ရမယ့်နေ့ကို မျှော်မိတယ် ။      ။

#လှသန်း


PDF
-------


သွေးစိမ်းရှင်ရှင် နှလုံးသားမှာ
သမိုင်းသစ်နဲ့ မော်ကွန်းထိုးကြတဲ့ ဒီပွဲ

ယမ်းအိုင်ထဲ  
သူတို့ လက်ပစ်ကူးရ ကူးရ
အသံတိတ် ကျည်လူးအိုင်ထဲ 
ခုန်ဆင်းရ ခုန်ဆင်းရ

ပစ်ခတ်လိုက်တာကတော့ 
သူတို့ ရန်သူကိုပဲ 
ပြည့်စုံမူမရှိတဲ့ ခဲယမ်းတွေကြောင့်
အနာဂတ်တည့်တည့်ကို လာမှန်တယ်

ပြည့်အနာဂတ် အရေးလှဖို့ဆို
သူတို့ နှလုံးသည်းပွတ်တွေ 
ထာဝရခင်းကျင်းထားလေရဲ့

ကဲ …တို့ ပြည်သူတွေ 
လျှောက်စမ်းရဲရဲ …တစ်ခုပဲ

မိစ္ဆာ တို့ ဇာတ်သိမ်း
နေဝင်ချိန် ငရဲလားဖို့ တော့  
PDF တွေ ကို ကူ ကြ ပါ စို့ 



San Zuren 🌸

Saturday, June 25, 2022

လူငယ်လေးတစ်စု
ခေတ်တိုင်းမှာ သူတိုရှိတယ် ။

ဆေးလိပ်ကြိုက်တယ်
ကဗျာကြိုက်တယ်
လက်ဖက်ရည်ကြိုက်တယ်
စာအုပ်ကြိုက်တယ်
ဂန္တဝင်ဂီတကြိုက်တယ်
နောက်ပြီး
နိုင်ငံရေးကြိုက်တယ် ။

လူတွေက သူတိုကို အရူးလိုထင်ကြတယ်။
ကျောက်တောင်ကို ကြက်ဥ နဲ့ပေါက်တဲ့အကောင်တွေတဲ့။

တချိုကလည်း သူပုန်လောင်းလေးတွေတဲ့။ ဟိုလူကြီးကတော့ ဆူပူသူကျောင်းသားဆိုးတွေတဲ့။

ရွယ်တူတွေက အပေါင်းအသင်းမလုပ်ချင်ကြဘူး။လူကြောင်တွေတဲ့.... ဝေးဝေးကရှောင် အမှုပတ်မယ်တဲ့... ။

မာက့်စ်ဝါဒကို သည်းခြေကြိုက်တယ်
ဖောက်ပြန်ရေးသမားတွေကို မုန်းတယ်
မူးလာရင် အင်တာနေရှယ်နယ် ဆိုတယ်
အချစ်ရေးတော့ကံခေကြတယ်ဗျ ။

အချိန်တန်တော့သူတိုတွေဟာ
သံတိုင်တွေ နောက်မှာ
တောတောင်လျှိမြောင်တွေကြားမှာ
ဘာဆုလာဒ်မှမရဘဲ
ပျောက်ဆုံးကုန်ကြတယ် ။

လူမသိသူမသိ ပျောက်ကွယ်သွားတဲ့
လူငယ်လေးတစ်စုဟာ
ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ်။

မောင်ငြိမ်းချမ်း

▪️Poemency
Hlaing Info
လူငယ်လေးတစ်စု
ခေတ်တိုင်းမှာ သူတိုရှိတယ် ။

ဆေးလိပ်ကြိုက်တယ်
ကဗျာကြိုက်တယ်
လက်ဖက်ရည်ကြိုက်တယ်
စာအုပ်ကြိုက်တယ်
ဂန္တဝင်ဂီတကြိုက်တယ်
နောက်ပြီး
နိုင်ငံရေးကြိုက်တယ် ။

လူတွေက သူတိုကို အရူးလိုထင်ကြတယ်။
ကျောက်တောင်ကို ကြက်ဥ နဲ့ပေါက်တဲ့အကောင်တွေတဲ့။

တချိုကလည်း သူပုန်လောင်းလေးတွေတဲ့။ ဟိုလူကြီးကတော့ ဆူပူသူကျောင်းသားဆိုးတွေတဲ့။

ရွယ်တူတွေက အပေါင်းအသင်းမလုပ်ချင်ကြဘူး။လူကြောင်တွေတဲ့.... ဝေးဝေးကရှောင် အမှုပတ်မယ်တဲ့... ။

မာက့်စ်ဝါဒကို သည်းခြေကြိုက်တယ်
ဖောက်ပြန်ရေးသမားတွေကို မုန်းတယ်
မူးလာရင် အင်တာနေရှယ်နယ် ဆိုတယ်
အချစ်ရေးတော့ကံခေကြတယ်ဗျ ။

အချိန်တန်တော့သူတိုတွေဟာ
သံတိုင်တွေ နောက်မှာ
တောတောင်လျှိမြောင်တွေကြားမှာ
ဘာဆုလာဒ်မှမရဘဲ
ပျောက်ဆုံးကုန်ကြတယ် ။

လူမသိသူမသိ ပျောက်ကွယ်သွားတဲ့
လူငယ်လေးတစ်စုဟာ
ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ်။

မောင်ငြိမ်းချမ်း


"ကိုယ်ချင်းစာတရားဆီ လိပ်မူပြီး 
                                       ဒီစာကို ပို့လိုက်တယ်”

တစ်စုံတစ်ယောက်တော့ ကြားမှာပဲ ဆိုတဲ့
မျှော်လင့်ချက်လေးနဲ့
ဒီစာကို ရေးလိုက်တာပါ

ကျွန်တော့်ညီမလေးရဲ့လက်ဖဝါးက
ပြည်တည်နေတဲ့ ယားနာဆိုတာ
ဒီပြည်နယ်မှာ အာဏာတည်ဖို့
သူတို့လက်ယားလိုက်တိုင်းကြားက ပြည်သူတွေပဲနာကြရတဲ့ သင်္ကေတလေ

မြေပုံပေါ်မှာ ဒီနေရာကို မင်နီဝိုင်းပြီး
တိုက်ခိုင်းနေကြတဲ့ နှစ်ဘက်လူကြီးမင်းများကတော့
သူ့ကြောင့် ငါ့ကြောင့် ငြင်းကြလိမ့်မယ်
ဒီသတင်းကို
လွတ်လပ်ရေးအတွက်
တက်ညီလက်ညီ တိုက်ပွဲဝင်ခဲ့တဲ့
ကောင်းကင်ဘုံက ဘိုးဘွားတွေသာ 
ကြားနိုင်မယ်ဆို ရင်ကျိုးမှာပဲ

စုဆောင်းရေးထဲ ပါသွားတဲ့ 
ကျွန်တော့်အစ်ကိုရဲ့ စာမလာသတင်းမကြားခြင်းမှာ 
အမေ့ရဲ့မျက်ရည်စက်တွေ 
ခဏခဏ ကျကွဲတယ်

နားစည်ကို လာစင်တဲ့ ပေါက်ကွဲသံက
ကျွန်တော့်ရဲ့ ကျောင်းပြန်တက်နေတဲ့ အိပ်မက်လေးကို
ချွင်ခနဲ တောက်ချသွားတယ်

နေရာမှားပေါက်တဲ့ အပင်ဟာ ပေါင်းပင်ပဲ
ဆိုတဲ့ စကားလို
ကျွန်တော်တို့ နေရာမှား မွေးဖွားခဲ့လို့များ
မြေဇာပင်ဘဝ ရောက်နေရတာလားလို့
အဖေ့ကို မေးတော့
အဖေက မီးတောက်ကို ရေမရောပဲ မျိုချ
နာကြည်းမှုကို ထွီခနဲ ထွေးတယ်
မိုင်းထိထားလို့
ဘယ်လိုမှ ပြန်ဆက်မရတော့တဲ့ mind နဲ့
အိမ်ရဲ့ ရေသောက်မြစ်ကြီးပါ

အဖြစ်အပျက်တစ်ခုလုံးကို ကြည့်ရင်လည်း
တလိမ့်လိမ့်တက်နေတဲ့ မီးခိုးတွေပဲ မြင်ရမှာ
ပျော်ရွှင်ဖွယ် စာသင်ကျောင်းလေးဆီကလည်း
ဘာဆိုဘာအသံမှ မကြားရတော့သလို
ကျွန်တော်တို့ရဲ့ အနာဂတ်တွေဟာ
အညွန့်ချိုးခံထားရ အကိုင်းခုတ်ခံထားရ

ကျေးဇူးပြု့ပြီး စစ်မဖြစ်ကြပါနဲ့
စစ်မတိုက်ကြပါနဲ့လို့
တောင်းတောင်းပန်ပန်
ကျွန်တော်တို့ အော်လိုက်တဲ့အသံကို
ကျည်ဆံက လာမှန်တော့
သံလွင်ခက်လေးကိုက်ချီထားတဲ့ ချိုးဖြူငှက်လေးဆိုတာ
ကျွန်တော်တို့ မက်ခွင့်မရှိတဲ့ အိပ်မက်တစ်ခုလား

နားမလည်နိုင်ခြင်း မေးခွန်းများစွာနဲ့
ကိုယ်ချင်းစာတရား ငတ်မွတ်နေတဲ့
လူများ နေ့စွဲများ ထောင်ချီ ရှိနေပါပြီ
ဒီနေရာလေးမှာ...။   ။

                                      လင်းမာအို 
                                   (၁၅-၆-၂၀၁၄)

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဒုတိယဆုရ ကဗျာ

#collage by poemency




"သူ့မှာတမ်း"

သူတို့ အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသား ရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း ။

"အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့လိုသနည်း"
"ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ"

"အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများ မှာခဲ့လိုသနည်း"
"မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ"

"အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့လိုသနည်း"
"ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ"

ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား။ ။

-မင်းသု၀ဏ်

▪️Pic from Myanmar Poster Campaign


#poetry cafe
လူသေကောင်တွေရမယ်ဗျို့....
လူသေကောင်တွေရမယ်
အလွှာပေါင်းစုံ 
နေရာပေါင်းစုံက
အလောင်းကောင်တွေရမယ် ...

အနာဂတ်အိပ်မက် တွေပျက်ကျသွားတဲ့
လူသေကောင်တွေရမယ် ။
လာဝင်ကြည့်ပါအုံးဆရာကြီးရဲ့....

ဟော့ဒါ ကကျောင်းသားလေး
ဒါကတော့ အားကစားသမားလေး
ဒါကတော့ ဆရာဝန်ဗျ
ဟော ဟော့ဒါက ဆရာကြီးရေ 
သူနာပြုလေးဖြစ်တယ် 
အယ် ဒီတစ်ယောက်ကတော့
အင်ဂျင်နီယာ လေးဗျ 
ဒါလေးကတော့ ကျောင်းဆရာလေးဗျာ
ဟော့ဒါလေးကတော့ကဗျာဆရာ
ဒါက အဆင့်အတန်းလေးခွဲပြီး
ပြထားတာ ။

ဒီဘက်အခန်းထဲကတော့ ဗျာ
ရွာသားတွေ ဗျ 
ဟော့ .. ဒီအဘွားအိုကြီးကတော့
အိမ်နဲ့အတူမီးရှို့ခံရတာဗျ
ဒီအဘိုးအိုလား .. နောက်ပြန်ကြိုးတုပ်ပြီး
နောက်စေ့ ကိုတေ့ဖြုတ်ခံထားရတာ
သူချည်းမဟုတ်ဘူး ဒီအမျိုးသမီးကြတော့
ကိုယ်ဝန်ဆောင်ကြီးနဲ့ဗျ
ဒီဘက်တစ်ယောက်ကြတော့ မသေခင်
အဓမ္မကျင့်ခံရထားတာဗျ ...

အစုံပဲဗျာ .. အစုံပဲ
ကဲကဲ ဒီတခန်းကတော့ မြေမြုပ်မိုင်းတွေထိပြီး
ပြတ်ကျန်ခဲ့တဲ့ အရပ်သားတွေရဲ့
ခြေတွေလက်တွေပဲဖြစ်တယ် 
အယ်... ဒီ ဘက်ကတော့ အိပ်မောကျနေတုန်း
၁၂၀ မမ ၆၀ မမတွေ ထိပြီးရုပ်ပျက်ဆင်းပျက်
ဖြစ်ခဲ့ရတဲ့အလောင်းကောင်တွေပေါ့
ဒီဘက်က ကလေးအလောင်းကောင်တွေက
ကစားရင်း လက် နက်ကြီးကျလို့ဗျို့ ...

ကဲဒီဘက်အခန်းလေးတွေထဲကတော့
 တော်လှန်ရေးရဲဘော်တွေပေါ့ဗျာ
သူတို့တွေကိုတော့ဘယ်လောက် ပေးပေး
မရောင်းဘူးဗျ ။ တမြတ်တနိုးသိမ်းထားတာ
ဒီကောင်တွေသာအသက်ရှင်ရင်
ဒီကောင်တွေဘာတွေလုပ်မလဲဆိုပြီး
ထိုင်ကြည့်ချင်သေးတာဗျာ

ဟော ဒီရဲဘော်ဆို မသေခင်က ဂစ်တာတီးကျွမ်း
တာဗျ တော်လှန်ရေးကြီးထဲကိုမရောက်ရင်
ဒီကောင်ကြီးက အခုဆို တော်တော်လေး
အနုပညာ ခရီးကိုပေါက် နေလောက်ပြီ
ကဲ ဒီရဲဘော်ကြီးကတော့ သူ့အမေကိုသိချစ်တာဗျ ဒီရဲဘော်ဆိုဗျာသူကျခါနီးမှာ သူ့အဖေကိုတောင်
ဖုန်းတွေပြောသွားသေးတာ 
ဟား... ဒီရဲဘော်ကတော့ ဟင်း ချက်သိပ်ကောင်းတာလေ
ဆရာကြီး နည်းနည်းနောက်ဆုပ်
ဒီဒုတိယ အလွှာရဲ့ ညာဘက်ရဲဘော်ကတော့
သူ့စခန်းဝင်အစီးခံရချိန် တစ်ယောက်တည်း
ယှဥ္ပစ်ရင်း အသေခံကာကွယ်ပေးသွားတာ
ဒီရဲဘော်ကတော့ ငှက်ဖျားနဲ့ဆုံးထားတာပါ
ဒီရဲဘော်ကြတော့ ပညာရေး CDM ထဲကဗျ
သူ့မှာသိပ်ချစ်ရတဲ့ ကောင်မလေးရှိခဲ့တယ်
ဒီရဲဘော်ကြတော့ မြို့ကြီးသားဗျ
တော်တော်ရယ်ရတာပဲ သူဌေးသားလို
စားနိုင်သောက်နိုင်တာတောင် ဒုက္ခလာခံ
သွားသေးတာဗျ ။ သူတို့လည်း ကျွန်တော်တို့
ဆရာကြီးတို့လို လူသားတွေပဲဗျ
နှလုံးသားတွေနဲ့ပဲ လေ ...

ပြောလို့ကုန်မှာမဟုတ်ပါဘူး ...
ဒါတောင် ၄၄ လမ်းက တိုက်ပေါ်ကနေ
ခုန်ချတဲ့ ရဲဘော်တွေကိုမပြရသေးဘူးရယ်
ပွင့်ဖြူ ကရဲဘော် ၁၂ လောင်းကတော့
လတ်လတ်ဆတ်ဆတ်ပဲရှိသေးတာ 

ကဲ .. ဒီဘက်အခန်းထဲကတော့
ဘယ်တော့မှပြန်မရနိုင်တဲ့အနုပညာတွေနဲ့
လူသားလေးပေါ့ 
သူ့နာမည်ကတော့ " ကိုရေမွန်တဲ့ "

နောက်လည်းလာကြည့်ပါနော်
ဒီဆိုင်က ဒီနိုင်ငံမှာပဲရှိတာဗျ
ကဲဆရာကြီးရေ...ပြန်လိုက်အုံးဗျ
ဆရာကြီးရဲ့ မိသားစုတွေမျှော်နေလောက်ပြီ

SittAung
အလောင်းကောင်ဆိုင်

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...