ဝမ်းနည်းစရာတွေကိုသာ
ပုံစံအမျိုးမျိုးနဲ့ လက်ခံနေရတဲ့ရက်တွေပဲ ။
ဘဝမှာ မျှော်လင့်ချက်မှ မရှိတော့ဘူးဆို
ဘာအတွက်ရှင်သန်နေရဦးမှာလဲနော် ။
သွေးစွန်းသွားတဲ့ ပန်းအကြွေတွေ ၊
ယမ်းငွေ့ဝေနေတဲ့ မနက်ခင်းတွေ၊
ပျောက်ဆုံးသွားတဲ့ အနာဂတ်တွေ ၊
အောက်စီဂျင်ငတ်မွတ်နေတဲ့ အသက်ရှူသံတွေ ၊
သင်္ဂြိုဟ်ဖို့တန်းစီနေရတဲ့ ရုပ်အလောင်းတွေ ၊
ငါတို့က ပျော်ရွှင်မှုနဲ့ မထိုက်တန်ဘူးလားဟင် ...
မျက်ဝန်းရဲ့အဓိပ္ပာယ်ဟာ
မျက်ရည်တွေရှိမှပြည့်ဝလိမ့်မယ်လို့ ငါကြားဖူးတယ်။
ဒီလိုဆိုရင်လည်း ပျော်လို့ကျတဲ့မျက်ရည်တွေနဲ့ပဲ ပြည့်ဝချင်တယ်လေ
ငါတို့လည်း ပျော်ချင်လို့...
နားကြပ်ထဲကသီချင်းတွေဟာ
ဒုက္ခမိုးသည်းတွေကြားထဲကငိုသံတွေကို
မဖုံးလွှမ်းနိုင်ဘူး သိလား ။
ဘယ်အချိန်ထိ ငါတို့တောင့်ခံကြရမှာလဲဟင်...
တချို့သူတွေ ပြန်စရာအိမ်မရှိတော့ဘူး ။
တချို့အိမ်တွေ ပြန်လာမယ့်သူမရှိတော့ဘူး ။
မနက်ဖြန်ထက် နီးချင်နီးသွားနိုင်တဲ့ နောက်ဘဝတွေတော့ ငါတို့မှာရှိတယ် ။
ကမ္ဘာဟာ ငါတို့ကို မျက်ကွယ်ပြုပြီး
ပုံမှန်လည်ပတ်နေပြီ ထင်ပါရဲ့ ။
#ပိုပိုဖီးနစ်
( pic from pins)
#credit to Po Po Pheonix
No comments:
Post a Comment