Monday, October 24, 2022

မမနွေမွန် စစ်ကိုင်းအထက်ပိုင်းရောက်ဖူးလား



မမနွေမွန် စစ်ကိုင်းအထက်ပိုင်းရောက်ဖူးလား

--------------------------------------------------------------------------

စစ်ကိုင်းတိုင်း အထက်ပိုင်းဆိုတာလေ
စကားသံဝဲဝဲနဲ့ အိမ်ရှေ့ဖြတ်သွားသူတိုင်းကို
ထမင်းစားခေါ် 

အေးကွယ် မောင် ညယ် ရှင် ဝေ့ 
စကားဆန်းပြားပြားနဲ့ ဖော်ရွေလွန်းသူတွေ
နေထိုင်ကြတဲ့ ဒေသပေါ့

ထန်းပင် ထန်းတောတွေ မပေါပေမယ့်
ကျွန်း သံမလန်း အင် နဲ့ ကညင်
အင်ကြင်း သစ်စေး လောက်ယား သစ်မွှေး
ဝါးပိုး ထီးရိုး ချင်ဝါး ပြတ်သပ် 
သစ်စုံ ဝါးစုံ လူမျိုးစုံတဲ့ ဒေသပေါ့ မမနွေမွန်

ရွှေမျှော မော်တော် ပေါ်လိမ် လောပန်း
ကုန်သည်ကြီးတွေလဲ ပေါပါဘိသနဲ့
စပါး ပြောင်း နှမ်း ပဲ နဲ့ နေကြာ
ရွှေဖြူ ​ရွှေဝါလည်း ထွက်သေးတယ် မမနွေမွန်ရဲ့

ချင်းတွင်းတစ်ကြောဆိုရင်
မင်းကင်း ကလေး မော်လိုက် ဖောင်းပြင်
ဟုမ္မလင်း ခန္တီး ငှက်ဖျားပေါတဲ့ ဆယ်ဇင်းရွာကြီး

ကားလမ်းတစ်ဖြောင့်ဆိုရင်
ဝန်းသို ကောလင်း ပင်လည်ဘူး အင်းတော်
အို ..... မမနွေမွန်ရယ် ပြောပြရင် ရွာတောင်လည်ပါရဲ့

ကဒူး ၊ကနန်း ၊ရှမ်းနီ ၊လအယ် ၊နာဂ ၊ကသဲ ၊
ဗမာစတဲ့ လူမျိုးပေါင်းစုံ နေထိုင်ရာ ဒေသပေါ့ 
မမနွေမွန်

ရိုးသားမှုကို ရင်ဝယ်ထား
လောဘသားတွေ မနေတတ်တဲ့ ဒေသပေါ့

မမနွေမွန်တို့ရဲ့ ရန်ကုန်မြို့ကြီးလိုမျိုး
တိုက်တာ အိုးအိမ် စူပါမားကပ် မီနီမတ်တွေ
မရှိပေမယ့်

တောတောင်စိမ့်စမ်း ဘုရားကျောင်းကန်
​ရှေးဟောင်းပုထိုးတွေ အလွန်ပေါတဲ့ ဒေသပေါ့ 
မမနွေမွန်

မမနွေမွန် ပြောဖူးပါတယ်

ဘာတဲ့  ဗန်းမောက်က "ဇလုံတောင်ဘုရား"
ဖူးချင်သေးပါရဲ့ဆို!

အခုတော့ မမနွေမွန်ရယ်
နှင်းမှုံတွေအစား ........ ယမ်းငွေ့တွေ တလူလူ

တောတောင်တွေလည်း အရင်လိုစိမ်းလန်းခွင့်
မရကြတော့ 

မိန်းမသားတွေက အထုတ်ပြင်

ယောကျ်ားသားတွေက ကင်းလှည့်

ဓားရှည်တစ်လက်နဲ့ သေနတ်ကိုကာကွယ်မယ်ဆိုပြီး

အပြေးအလွားနဲ့ စတေးသွားကြတဲ့သူတွေလည်း
မနည်းမနောဘဲ မမနွေမွန်ရဲ့

လွမ်းရေးထက် ဝမ်းရေးကပိုခက်ဆိုသလို
အခုတော့ ရှင်ရေးထက် သေရေးခက်နေကြပြီ

ကျောင်းဆရာတွေက တောထဲဝင်
သင်ပုန်ကြီးမကြေတဲ့ကောင်တွေ မြေဖြူကိုင်တော့
ကလေးတွေလည်း ညအခါ လမသာနိုင်ကြတော့ဘူး
မမနွေမွန်

အင်တာနက်လိုင်းတွေဖြတ်တောက်
ကုန်းလမ်း ရေလမ်း အကုန်ပိတ်ထားတော့
ဓာတ်ဆီစျေးတက် ဆီစျေးတက် ကုန်စျေးနူန်းတွေ
အကုန်တက်

စျေးမတက်တာဆိုလို့ လူ့အသက်တွေပဲ 
ရှိတော့တယ် မမနွေမွန်

အဖေကြီးက တူမီးကိုင်
အမေအိုက နွားကိုဆွဲ
ရယ်ရယ်မောမောနဲ့စကားဝိုင်းလေးဟာလည်း
လွမ်းမောစရာအဖြစ်နဲ့ ကျန်ခဲ့ပီ မမနွေမွန်ရေ........

နိုင်ငံတော်ကြီး ကျန်းမာလာတဲ့တနေ့တော့
မမနွေမွန်နဲ့အတူ ဗန်းမောက်က ဇလုံတောင်ဘုရား
ဖူးချင်ပါသေးတယ် မမနွေမွန်........

# Nay Zhan Ye Htet

ရည်ညွန်း = 

မမလီဆာ လိုင်ဇာရောက်ဖူးလား(ဇေယျာလင်း)
မမချို မကွေးရောက်ဖူးလား (ရိုးနီ)



No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...