ကျောင်းပြန်မလာတဲ့ကျောင်းသားတွေ
နွေအလယ်ညတွေမှာ
နေ့ဘက်ကြွေတဲ့ ကြယ်တွေအကြောင်းတွေးရင်း
အိပ်ပျက်ရတယ်
ကျောင်းတံခါးတွေဖွင့်ပေမယ့်
ထောင်တံခါးနောက်က
ကျောင်းသားတွေပြန်မလာကြသေးဘူး ။
အဓိပတိလမ်းမှာ ကျောင်းသားခြေရာတွေမရှိသေးဘူး
ပေတစ်ရာလမ်းပေါ်မှာ အချုပ်ကားဘီးရာတွေ
အရင်လိုကန်တင်းတွေက သီချင်းသံတွေအစား
လမ်းမထက်မှာ ကြွေးကြော်သံတွေ
အာဏာရှင်ဟာ ကျောင်းသားတွေကို
ကျောင်းဖွင့်ပြီး ချွေးသိပ်ခဲ့တယ် ။
ငါတို့ကျောင်းပြန်မလာခဲ့ဘူး
လမ်းပေါ်မှာ ကျကွဲသွားတဲ့ဘဝတွေကို လိုက်ကောက်တယ် ။
ပြိုလဲသွားတဲ့ မိသားစုတွေမှာကူရုန်းပေးကြ
တချို့ ခုံနံပါတ်တွေဟာ လမ်းပေါ်မှာကျပျောက်ခဲ့တယ် ။
နံရံက ကျောပိုးအိတ်လေးမှာ ကျည်ပေါက်ရာရှိသေးတယ် ။
ဟိုးအရင်ကပြောနေကြစကားလိုပေါ့
"ကျောင်းနံရံတစ်ဝိုက်မှာ
ဒေါင်းအလံတွေ စိုက်တဲ့တစ်နေ့
ငါတို့ပြန်လာမှာပေါ့ကွယ်"
ခုတော့ လွမ်းရစ်တော့ အဓိပတိရေ
ကချင်လွယ်အိတ်နဲ့ အဆောင်သူရဲ့ အဝေးတစ်နေရာ
ရိုးမ တောင်တန်းတစ်နေရာ
စစ်ဖိနပ်တွေကို လှန်ပစ်ဖို့ ငါတို့ ဆူးချိုးနေတယ် ။
မျိုးဆက်ဟာ မျိုးဆက်ကို ရေလောင်းပေါင်းသင်ရမယ်
ကျောင်းမတက်တဲ့ ကျောင်းသားတွေအကြောင်း
တစ်ချိန်မှာ သမိုင်းကပြောလိမ့်မယ်
-ရဲဘော်ဒဂုံ
#credit to ကဗျာဖတ်ရင်းလှူ
No comments:
Post a Comment