Saturday, September 17, 2022

မစဥ်းစားခြင်းသေတ္တာ ...............................




မစဥ်းစားခြင်းသေတ္တာ
...............................

ကမ္ဘာမြေပေါ်မှာ
ကိုယ့်ကိုချစ်တဲ့လူဟာ
ဘောလုံးသင်းတစ်သင်းစာလောက်မှ ရှိရဲ့လား
မစဥ်းစားတော့ပါဘူး...တဲ့။

ဘယ်သူဟာ
ပန်းသီးတစ်လုံးကိုစားပြီး
နယူတန်လို တွေးခေါ်မိပါသလဲ
မစဥ်းစားတော့ပါဘူး...တဲ့။

သီချင်းတစ်ပုဒ်ကိုနားထောင်ရင်း
ဘယ်သူဟာ
ကမ္ဘာသစ်စေမယ့် သီအိုရီရခဲ့ဖူးလို့လဲ
မစဥ်းစားတော့ပါဘူး...တဲ့။ 

တစ်ကိုယ်လုံး တစ်ဘဝလုံး စုတ်ယူ
ကိုယ့်ကိုမသေရုံ မွေးမြူထားတဲ့လူတွေ
ရှိနေပြီ
မစဥ်းစားတော့ပါဘူး...တဲ့။

မည်သူမဆိုပေါ့
အရာအားလုံးကို မစွမ်းဆောင်နိုင်ဘူး
တစ်ခုခု လွဲချော်နေတဲ့အကြောင်း
ပြောပြချင်တယ်
မစဥ်းစားတော့ပါဘူး...တဲ့။ 

ကမ္ဘာပေါ်မှာ
ဘယ်အရာမဆို ညာလို့ရပေမယ့်
အစာအိမ်ကို ညာလို့မရတဲ့အကြောင်း
ပြောပြချင်တယ်
မစဥ်းစားတော့ပါဘူး...တဲ့။

လူတိုင်းလူတိုင်းရဲ့ ရင်ထဲမှာ
ပင်လယ်ရှိတယ်
လူတွေဟာ
ဒီပင်လယ်ကို ကျယ်ပြန့်အောင်
နက်ရှိုင်းလှပအောင်
မစီးဆင်းတတ်ကြဘူး
မစဥ်းစားတော့ပါဘူး...တဲ့။

မစဥ်းစားခြင်းသေတ္တာတစ်လုံး ရှိခဲ့တယ်
ဘာကိုမှ မစဥ်းစားတော့ပါဘူးတဲ့
ဂျင်းဘောင်းဘီအိတ်ထဲကို လက်နှိုက်
မစဥ်းစားခြင်းသေတ္တာဟာ
လေချွန်ပြီးနေလေရဲ့...။ ။

##မောင်ချောနွယ်

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...