Friday, September 23, 2022

"ခရီး"



"ခရီး"

အိမ်မက်မရှိသူ
သီချင်းမဆိုတတ်သူ
ငါမဟုတ်မူ၍။

ငါ့အသင်
ခြေဆေးပါ
ခေါင်းလျှော်ပါ
ရေချိုးပါ
လာလေ...ဒို့သွားကြရအောင်။

ဝိညာဥ်မဲ့ခေတ်များနဲ့
၂၄နာရီတို့ထံမှ
ကံကြမ္မာအရရွေးနှုတ်
ရေဒီယိုခလုပ်ကိုနှိပ်
သတင်းစာကိုလည်းပိတ်ခဲ့ပါ။

အစက်တစ်စက်မှ
အခြားအစက်တစ်စက်သို့
ဆက်သွယ်ပြီးမျဥ်းဖြောင့်တစ်ကြောင်း
ညောင်းညာနေရောပေါ့။

နှစ်ပေါင်းအသောင်းအထောင်
သိပ်သည်းစွာမှောင်ခဲ့
အရောင်၊ရနံ့
ရသ၊လူ့အခွင့်အရေး
မြင့်မြတ်သောကလေးငယ်
ချိုနွေးသောမိခင်နို့
တို့ထိတီးခတ်လိုက်သောအခါ
လက်မှတ်ထိုးထားသောစာရွက်
မိုးချုန်းပျက်သံကြားရတယ်။

အတွေ့အကြုံနုနယ်စဥ်
မျက်ရည်ဆိုသောအသင်
လူမသိခင်ခုန်ဆင်းသွားရဲ့
သစ္စာဖောက်တစ်ယောက်အမူအကျင်နဲ့။

လမ်းတူသူချင်းသာ
ဒဏ်ရာကိုဆေးကု
သွေတိတ်အောင်ပြုစုလို့
ဒို့နောက်ကလူတွေလဲသတိရနေမယ်။

ကြောက်ကြဟေ့၊ကြောက်ကြ
ဒီနေ့ကိုသူတို့ပိုင်သ သတဲ့
အို ထမင်းစားခဲ့
အို အသက်ရှူခဲ့သူများသို့
ဆိုက်ဗေးရီးယားရောက်
သစ္စာတရားဟာ
ကျန်းမာလျှက်ရှိကြောင်းသတင်းရတယ်။

အိမ်ရယ်
အိပ်ယာရယ်
သံယောဇဥ်များရယ်
ချစ်သောသူရယ်
ပူပင်ပေမယ့်ခဏခွဲခဲ့ရ
ပြန်ဆုံကြတော့ပိုလို့နွေးမယ်။

ခြေထောက်များရဲ့အောက်
သမန်းညက်လောက်အောင်
'ဆက်လျှောက်ကြ'
'လျှောက်ကြ'
'လျှောက်ကြ'

လျှပ်တစ်ခါပြက်
မျက်တောင်တစ်ခါခတ်တိုင်းအံ့ဖွယ်ပ
ဝါကျ၊ပုဒ်မ
စကားလုံး၊သွေးနံ့
အဖြူသန့်စားပွဲခင်း
ဟင်းခွက်ပေါင်းငါးရာ
မုသာဝါဒနဲ့
​ဘာသာဗေဒတစ်ခုလေ
ကမ်းနားရေစပ်မှာထိုင်နေရဲ့။
'အလို'
ကိုင်းပင်ကဗျိုင်းတောင်
တောင်ပံလန့်ပျံပြေးသွားတယ်။

အို လူ့သမိုင်း
စောင့်ဆိုင်းမှုသမာဓိ
ပြည့်ဝမြဲ ပြည့်ဝတော်မူပါအရှင်။

ဟိမဝန်တာ
ဂန္တဝင်မြောက်တောအုပ်
လမ်းရှုပ်သည်ဖြစ်စေ
လမ်းရှင်းသည်ဖြစ်စေ
ရွှေပြည်တော်ကြီးနီးပါပြီ။

'လူ့ဘဝကား
အိမ်မက်မျှသာဖြစ်၏'
သစ်ပင်ပျို ပင်စည်တို့၌
ထိုစာပိုဒ်ကိုတွေ့ရမည်
ငါရေးသားခဲ့ခြင်းဖြစ်ပေသည်။  ။

-အောင်ချိမ့်

#Collage by Poetry Cafe

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...