Monday, September 19, 2022

"နိုင်ငံတော်ပြဇာတ်"



"နိုင်ငံတော်ပြဇာတ်"

ခေါင်းမပါတဲ့ရထားတစင်း
ကမ္ဘာကြီးထဲ မောင်း၀င်နေသလို
သစ်ပင်ကို အမြစ်တွေဖြတ်ပြီး 
မြေပြင်ပေါ် ထောင်ပြထားသလို
ဖရိုဖရဲ လှပါတယ်
ပြီးတော့...မရှုနိုင်မကယ်နိုင် လှပါတယ်

ရေကို ၀ယ်နစ်ရသလို မကျွတ်လွတ်နိုင်ခြင်းများ
မီးကို ၀ယ်လောင်ရသလို စော်ကားခံရမှုများ
ငါတို့ဟာ ဒုက္ခကို အောက်ကျနောက်ကျရှာဖွေခဲ့မိပြီလား

နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေတယ်
လက်တွေ တဆတ်ဆတ် တုန်နေတယ်
စိတ်ဟာ တဆတ်ဆတ် တုန်နေတယ်

ဒီအရပ်မှာ ပျော်ရွှင်မှုတွေ 
လူမနေတဲ့အခန်းထဲက ဘုရားပန်းလို 
ညှိုးလျော်ခြောက်ကပ်နေခဲ့တာ ကြာပြီ

ဒီအရပ်မှာ မျှော်လင့်ခြင်းတွေ သစ်ခက်လို အစိမ်းချိုးခံခဲ့ရတာလည်း ကြာပြီ

တဇာတ်လုံး သွေးထွက်သံယိုရှုမျှော်ခင်း
အရသာဟာ လျှာကို လွှဆွဲနေတယ်
ငါတို့ မပျော်ရွှင်ခဲ့ရဘူး ငါတို့ ပျော်ကျခဲ့ရတယ်

ဂျုံစိုက်ခဲ့တဲ့လက်တွေဆီ 
ဂျုံဟာ ပေါင်မုန့်အဖြစ် ပြန်မလာဘဲ
ဂျုံစိုက်ခဲ့တဲ့ဘဝတွေဆီ
ဂျုံ ဟာ ကျည်ဆံအဖြစ် ရောက်လာခဲ့ပါပေါ့

ခိုးသားဓားပြတွေရဲ့ရန်ထက်
ရေဘေးမီးဘေးက ဘဝတွေကို လမ်းဘေးဆွဲချသွားခဲ့တယ်
ရေဘေးမီးဘေးထက် မင်းဘေးအန္တရာယ်က
အရာအားလုံးကို ငရဲထဲ ဆွဲချသွားခဲ့တယ်

အရှင်လတ်လတ် တယောက်ချင်း ပျက်ကျရ
အရှင်လတ်လတ် တမိသားစုချင်း တပ်ပျက်ရ
အရှင်လတ်လတ် ကမ္ဘာပျက်သလို ဆောက်တည်ရာမဲ့ရ

ပြည်သူတစ်ဦးဟာ 
သမ္မတရဲ့ထမင်းစားပွဲဝိုင်းက အသားစကို
ခွေးလို လျှာနဲ့ ခိုးယက်နေရတယ်

ဒီဒေသမှာ အမှန်တရားဟာ 
အသက်တစ်ချောင်း
ဒီဒေသမှာ ဥာဏ်ပညာဟာ 
သံခြေကျင်းခတ်ခံထားရတဲ့အကျဉ်းသား
အာဏာရှင်ဟာ ပြည်သူကို 
လက်နက်နဲ့သာ စကားပြောတယ်

မြေခွေးတစ်ကောင်လို တွေးခေါ်တတ်သူဟာ
မြေခွေးတစ်ကောင်လိုသာ 
ကောက်ကျစ်ယုတ်မာတတ်ပေလိမ့်မယ်

ဒီနိုင်ငံမှာ ပြည်သူ့ဂုတ်သွေးကို 
ရေစုပ်စက်နဲ့စုပ်သလို စုပ်ယူခဲ့လွန်းလို့
ဘီလူးသဘက်ဖြစ်သွားတဲ့အစိုးရနဲ့
ဒီနိုင်ငံမှာ လူနဲ့သူနဲ့မတူတော့တဲ့နိုင်ငံသားတွေ...

တော်ပြီ...
နောက်တစ်ခါဆို ဘယ်အာဏာရူးရဲ့လက်နဲ့မှ
နိုင်ငံတော်အလံကို မလွှင့်တော့ဘူး။ 

-ကိုသျှား

#Collage By Poetry Cafe

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...