Saturday, February 26, 2022

ဗုဒ္ဓ ဟာမရှိတော့ဘူး

ဘုရားသခင်ရှိသလားလို့ မေးရင်
ဘယ်တစ်ပါးလဲလို့ ငါပြန်မေးမယ်
လူတွေဘာကို ကိုးကွယ်နေသလဲလို့မေးရင်
ကိုယ့်အတ္တကိုယ် ပြန်ကိုးကွယ်နေကြတယ်လို့
ငါဖြေမယ်
လူတွေဘာကို ရွှေချနေသလဲဆိုရင်လဲ ကိုယ့်အတ္တကိုယ် ပြန်ရွှေချနေကြတာဘဲ
ထမင်းဆာနေတဲ့လူကို ဘုရားရှိခိုးခိုင်းလို့မရဘူး
ဗိုက်ဆာနေတဲ့အခါ ဆုတောင်းတွေကလဲ ဝါးစားလို့မရခဲ့
ဒါကို ဘိုးရင်းနိတ်နယ်ရဲ့ မာကပ်ဆီကျောက်မီးသွေးတွင်းတွေကနေ
ဗင်းဆင့်ရဲ့ အာလူးစားသူများနဲ့အတူ ငါသိခဲ့ရ
ကယ်ဗင်ကာတာရဲ့ တောင်အာဖရိက ကဓာတ်ပုံတွေက ငါ့ဘုရားကိုရိုက်ခတ်ခဲ့
ပူလစ်ဇာဆုရပြီး တစ်နှစ်အတွင်း
သူကိုယ်တိုင်ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့အတူ
သေကြောင်းကြံစည်သွားခဲ့တာကိုလဲ ငါမအံ့သြတော့ဘူး
ဗင်းဆင့်ရဲ့ သေကြောင်းကြံစည်မှုဟာလဲ သူ့ဘဝလောက်တော့ ကြေကွဲစရာမကောင်းခဲ့
မြို့မငြိမ်းကတော့ ဗိုက်ဆာလို့ အုတ်ကားအောက်ဝင်ခဲ့တာတော့ မဖြစ်နိုင်လောက်ပါဘူး
ကတ်ကိုဘိန်းနဲ့ ဂျက်လန်ဒန်ကကော 
သေချာတာတော့ ထမင်းမဆာခဲ့ပေမယ့် သူတို့အားလုံး တစ်ခုခုကိုတော့ ဆာလောင်နေခဲ့ကြတယ်
ငါကကော ဘာကိုဆာလောင်နေခဲ့သလဲ မသိသေးပေမယ့်
မိဘမဲ့ကျောင်းက ကလေးတွေ ဘာကိုဆာလောင်နေသလဲဆိုတာကိုတော့ ငါအသေချာသိတယ်
ကလေးတွေဆာလောင်နေချိန်
ရွှေအထပ်ထပ်နဲ့ ရုပ်ထုတွေက ထလာပြီးမျက်ရည်သုတ်မပေးဘူး
ဗုဒ္ဓ ဟာမရှိတော့ဘူး
ဆာလောင်နေတဲ့ ကလေးတွေကတော့မနက်ဖြန်တွေထိရှိနေဦးမှာ 
မနက်ဖြန်ဆိုတာတွေ ဒီနေ့ဖြစ်လာသည်အထိဝမ်းထဲမှာ ထမင်းတစေ့မဝင်သေးဘူး
ဗုဒ္ဓကို ငါမစော်ကား
ဗုဒ္ဓကို ငါလေးစားတယ်
ဒါပေမယ့် ဗုဒ္ဓကိုငါမကြောက်
အကြောက်တရားဟာ သက်ဝင်မှုမဟုတ်
ရွှေထီးနန်းစွန့်ခဲ့တဲ့ ဗုဒ္ဓကို ရွှေတွေချနေတာတာမြင်တိုင်း ငါ့ရင်ထဲကအလိုလိုမွန်းကြပ်
မိဘစကားနားမထောင်တိုင်း ငရဲကြီးမယ်ဆိုတဲ့စကားကြားရင် ဗုဒ္ဓ ဟာနေရထိုင်ရခက်နေမလား
ဆုတောင်းတွေတစ်ဝကြီးနဲ့ ဗုဒ္ဓ ဟာဖန်ဆင်းရှင်အလား
 ဗုဒ္ဓဒဿနတွေကို ငါသဘောကျတယ်
လောကမှာငါစိတ်ဝင်စားတဲ့အဘိဓမ္မာနှစ်မျိုးဘဲရှိတယ် 
ဗုဒ္ဓအဘိဓမ္မာနဲ့ အနုပဋိလောမအဘိဓမ္မာ
ဆာလောင်နေတဲ့ကလေးတွေအတွက် 
ဗုဒ္ဓရုပ်ထုက ရွှေတွေခွာကျွေးမိရင် ငါအဝီစိရောက်လေမလား
ဗုဒ္ဓ ဟာရွှေတွေအထပ်ထပ်နဲ့ လူတွေရဲ့အတ္တတွေနဲ့ ဘယ်လောက်များမွန်းကြပ်နေလိမ့် 
တရုတ်အမွှေးတိုင်တွေနဲ့ မီးခိုးပါမွှန်အောင်လုပ်တော့ 
ဗုဒ္ဓ သာတကယ်ရှိရင် ပလ္လင်ပေါ်ကထွက်ပြေးမလားဘဲ
ဗုဒ္ဓ ဟာမရှိတော့လို့သာ 
ဗုဒ္ဓ သာရှိနေသေးရင် ဆာလောင်နေတဲ့ကလေးတွေအတွက် မြသပိတ်နဲ့ဆွမ်းခံကျွေးလေမလား
ရယ်ဖို့ကောင်းတာကတော့ ဒီနေ့ခေတ်သူ့နောက်လိုက်ဆိုသူတွေနဲ့ကိုးကွယ်သူတွေ ဆာလောင်စွာငိုယိုသံတွေကိုနားမစွင့် ဂေါပကရဲ့အလှူခံဗုန်းထဲဘဲ စက္ကူတွေထည့်ရင်ကုသိုလ်ရသတဲ့
ဗုဒ္ဓ ဟာမရှိတော့ဘူး
ဆာလောင်နေတဲ့ကလေးတွေနဲ့ ဘေးဒုက္ခသည်တွေကတော့ နောင်နှစ်ပေါင်းများစွာထိ ဒီကမ္ဘာမှာသက်ဆိုးရှည်နေ........။

အလယ်က အိုးကြီးမှာ ရေတွေလျှံထွက်
ဘေးအိုးတွေ ရေတစ်စက်မထည့်
ကောသလဟာ မေးငေါ့နေမလား
အို လူတွေ အသိဥာဏ်မဲ့
ဒီနိုင်ငံ ဗုဒ္ဓသာသနာထွန်းကားသတဲ့
ငါလှောင်ချင် ဒီလူမျိုးကို
ဒီနိုင်ငံ ဗုဒ္ဓနဲ့ ဝေးဆဲ......။ 

- Empty

Photo-ကယ်ဗင်ကာတာ(Kevin Carter)၏ တောင်အာဖရိကမှ ပူလစ်ဇာဆုရဓာတ်ပုံ


#ငါသိတဲ့ကဗျာဆိုတာဒီလိုမျိုးကွ

3 comments:

  1. ဆရာအောင်သင်း ပြောသလိုပဲ

    ကိုယ့်နိုင်ငံမို့လို့သာ ချစ်နေရတာ
    အတော်စိတ်ပျက်ဖို့ ကောင်းတဲ့နိုင်ငံ....

    ဘာသာမဲ့ မာဖီးယားလို လူဆိုးဂိုဏ်းတောင်
    အရက်နဲ့ စီးကရက်ကို မှောင်ခိုပဲသွင်းတယ်၊
    အတု မလုပ်ဘူး။

    ဘာသာရှိတဲ့ ကောင်တွေက ဆေးတောင်
    အတုလုပ်တယ်။

    အင်မတန် စာနာစိတ်မရှိတဲ့ကောင်တွေဆီမှာ
    ဥပဒေရဲ့ကျေးဇူးကို ဖာသည်တောင် ခံစားရချိန်
    မေတ္တာသုတ်ရွတ်နေတဲ့ ကောင်တွေက
    ဖာသည်ဆီက လိုင်းကြေးတောင်းတယ်။

    ဖရီးကစ်တယ်၊ပါးတောင်၂ချက် ရိုက်သွားသေး.
    ထိုင်းလို ဖာသည်ကို လိုင်စင်ပေးထားတဲ့ နေရာမှာ
    လေဘေး ရေဘေး ငလျင်ဘေးကြုံရပြီဆို
    နောက်တနေ့ အခြေခံစားကုန်တွေ ဖြစ်တဲ့
    ဆန် ဆီ ဆား ငြုတ် ကြက်သွန်ကို စျေးထဲသွားဝယ်ရင်
    တဝက်နှုံးနဲ့ လျှော့ရောင်းပေးတယ်။

    ဒီမှာ နာဂစ်အလှူသွားကြတဲ့လူတွေကို
    ကျေးဇူးတင်ပါတယ်ဆိုပြီး
    ဒေသခံစက်လှေတွေက ၂ဆတောင်းတယ်။

    လူမသေတဲ့ မြို့ကြီးတွေပေါ်မှာတော့
    လိုအပ်ချက်ကိုသိပြီး အခြေခံစားကုန်တွေကို
    စျေးအဆမတန် တင်ပလိုက်ကြတယ်။
    ဆိုင်တွေကို ပိတ်လိုက်တယ်
    ဒီတော့ အလုခံရတယ်။
    ကားခတွေ တထောင်လမ်းကို တသောင်းနဲ့ဆွဲတယ်။

    စင်္ကာပူလိုနိုင်ငံမှာ မိုးတွင်းလိုအချိန် အများပြည်သူ
    ထီး မိုးကာ လိုအပ်ချက် များလာလိမ့်မယ်ဆိုတာ
    သိတော့ discount ချရောင်းတယ်။
    ဒီမှာက မိုးတွင်းမှ စျေးတင်တယ်။

    ဘာမှ မကိုးကွယ်တဲ့ ကွန်မြူနစ် အရိုင်းကောင်တွေဆီမှာ
    ``ထမင်းစားနေတဲ့လူကို မိုးကြိုးမပစ်ဘူးဆိုတဲ့စကား
    ပြောလေ့ရှိကြတယ်။

    အပြစ်ရှိလို့ အရေးယူရမဲ့ မိုးကြိုးတောင်
    ထမင်းစားနေတုန်း မပစ်သေးဘူး၊ ရှောင်ပေးတယ်
    လူလူချင်း ဘာလို့မရှောင်ရမလဲလို့ ပြောချင်တာ..

    မင်္ဂလသုတ် အာဂုံဆောင်ထားတဲ့ လူတွေက
    သားသမီး ထမင်းစားနေတဲ့ အချိန်ကို
    ချောင်းမှာ ရေလာသောက်တဲ့နွား စောင့်ဖမ်းသလို
    ထိုင်စောင့်ပြီး ဆူတယ် ရိုက်တယ်။

    သိပ်ရိုင်းတဲ့ ဘာသာမဲ့မိဘတွေက
    သူတို့သားသမီးကိုမရိုက်ဘုး
    စာသင်ကျောင်းတွေမှာလဲ မရိုက်ဘူး။
    ကိုးကွယ်မှု စုံစီနဖာစေ့နေတဲ့ ကောင်တွေဆီမှာ
    ဘုရားက ရိုက်မယ်လို့ပြောတယ်။
    ကလေးကို မကျည်းပင်မှာ ဇောက်ထိုးဆွဲထားတယ်။

    ``ဘာမှမမြဲဘူး ကိုယ့်ကိုယ်ကိုယ်တောင် မပိုင်ဘူး
    ဆိုတဲ့ တရားကို ၄၁ ကြိမ်မြောက် နာထားတဲ့
    အဖွားကြီးဟာ သူ မပိုင်တဲ့ အိမ်ရှေ့မြေကွက်လပ်မှာ
    စည်ပင်ပိုင်မှန်းလဲ သိပါရက်နဲ့ ကားခနရပ်ဖို့
    သဘော မတူဘူး။

    မကြိုက်ဘူး လာမရပ်နဲ့...တဲ့

    ပုတီးကို စလွယ်သိုင်းပြီး ပြောလိုက်တယ်။

    ဒါနဲ့ပဲ
    ကမ္ဘာမှာ ဘယ်လိုတရားမဲ့တဲ့ နေရာမှာမှ
    မဖြစ်ဖူးတဲ့ ကားရပ်တဲ့ နေရာအတွက်
    လူသတ်မှုတွေ လုပ်ကြတယ်။

    အဲဒီယဉ်ကျေးမှုမျိုးနဲ့
    လူလူချင်း အားရအောင်ယုတ်မာ ကုန်းတိုက်
    ဆဲဆိုလို့ ဝပြီဆိုတော့မှ ဘုရားရှေ့သွားပြီး
    ပွစိပွစိနဲ့ ငါးပါးသီလခံကြတယ်

    Credit : Original Writer

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...