Saturday, February 26, 2022

"ဖရဲသီးဦးထုပ်"

လူကြီးတွေမဆောင်းဘူး
ကလေးတွေပဲ ဆောင်းတယ် 
ကမ္ဘာပေါ်ရှိ ဦးထုပ်အမျိုးမျိုးအနက် 
လူဆောင်း အနည်းဆုံး။

ကြက်ပေါင်ဖိနပ်ဟာ
စားလို့မရဘူး စီးလို့ပဲရတယ်
ဖရဲသီးဦးထုပ်ကတော့
စားလို့လည်းရတယ် ဆောင်းလို့လည်းရတယ် 
ပြုလုပ်ပုံ--
အရွယ်တော် ဖရဲသီးတစ်လုံးဝယ်ပါ 
အလယ်ကနေ ဓားထက်ထက်နဲ့ပိုင်းပါ 
အတွင်းသား နီရဲရဲများကို ဇွန်းနဲ့ခြစ်စားပါ 
ပြီးလျှင် အနည်းငယ်အခြောက်ခံပြီး
အသင့်ဆောင်းသုံးနိုင်ပါပြီ။

ဖရဲသီးတစ်လုံးကို ဖရဲသီးဦးထုပ်နှစ်လုံးရတယ် 
အေးတယ်
ကလေးကလားမို့ ကလေးတွေပဲဆောင်းတယ် 
စစ်ဦးထုပ်နဲ့တူလို့ စစ်တိုက်တမ်းကစားရင်
ခန့်တယ်။

ညဉ့်နက်ပြီ
ဖိုးခွားမအိပ်သေး
ဦးထုပ်ထိပ်မှာ ကြယ်ပုံထွင်းနေ
တန်ဖိုးနည်း စစ်ဗိုလ်ချုပ်လုပ်မလို့
ဖိုးခွားအဖေလည်း မအိပ်သေး 
ရွာပြင်ဝေးဝေးက အသံတွေကို 
နားစွင့်ရင်း ပုတီးစိပ်။

နံနက်လင်းတယ်
ရွာအနောက်ဘက်မှာ ဖိုးခွားတို့
အချင်းချင်းနှစ်ဘက်ခွဲပြီး
စစ်တိုက်တမ်းကစားကြတယ် 
အောင်အောင်သေသွားတယ် 
အောင်အောင်တကယ်သေသွားတာ 
ဘယ်ကလွင့်လာပြီး စိုက်ဝင်သွားတာလဲ။

ဖရဲသီးဦးထုပ်ကို ဖောက်ပြီးနားထင်ထဲကျည်ဆန်အစစ်က။

-သူဝေး

7 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...