Tuesday, August 30, 2022

ကျွန်တော်တို့ နိုင်ငံရဲ့ရုပ်သံအစီအစဉ်မှာ




ကျွန်တော်တို့ နိုင်ငံရဲ့ရုပ်သံအစီအစဉ်မှာ
_____________________________

ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ချစ်သူနှစ်ယောက်နှုတ်ခမ်းချင်းနမ်းနေတာ မပါဘူး

ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဝစ်လစ်စလစ်မိန်းကလေးတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လမ်းသရဲစကားနဲ့ ဆဲရေးတိုင်းထွာသံတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ချစ်သူချင်း/လင်မယားချင်း ကိုယ်လက်နှီးနှောတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ယောက်ျားချင်း ချစ်ပြတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ အမျိုးသမီးချင်း ချစ်ပြတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဘာသာမတူတဲ့နှစ်ယောက် ချစ်ကြိုက်လက်ထပ်သွားတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ပါရာဖီလင်ရာ(သုတ်ကြောင်)ဖြစ်နေတဲ့ကောင်တွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဘိန်းရှူတာ၊ ဖိုးထိုးတာ၊ အိုဗာဒို့စ်ဖြစ်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဂန်ဂျာရှိုက်တာ၊ ယာမားရှူတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ များပြားတဲ့ အေ့စ်ရောဂါသည်တွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လက်ကောက်ဝတ်ကို ဘရိတ်ဓါးနဲ့လှီးတာ၊
လည်ပင်းကိုကြိုးကွင်းစွပ်တွဲလောင်းချတာ၊ မြစ်ထဲခုန်ချတာ၊ ကားဘီးအကြီးကြီးအောက်
ခေါင်းထိုးဝင်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ မွေးစကလေးကို အမှိုက်ပုံးထဲလာစွန့်ပစ်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ရဲ၊ ရှေ့နေ၊ တရားသူကြီးတွေကိုယ်တိုင် ဒုစရိုက်မှုပြုတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ မုဒိမ်းကျင့်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ညစ်ပတ်နံစော်ပြီး အိပ်ယာကထလာတဲ့ မင်းသားမင်းသမီးတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ သားသတ်ရုံမှာ အလုပ်လုပ်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ မိန်းကလေးတစ်ယောက် ညလုံးပေါက် ယောက်ျားတွေနဲ့အလုပ်လုပ်ရတဲ့အခန်း မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ မိန်းကလေးတွေ လူကုန်ကူးခံရတာ လိင်လုပ်ငန်းမှာအသုံးခံရတာ သားမယားပြုကျင့်ခံရတာ အနိုင်ကျင့်စော်ကားခံရတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ အရွယ်မရောက်သေးတဲ့ကလေးလေးတွေ အစေခံလုပ်နေတာ အလုပ်ကြမ်းလုပ်နေတာတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဆေးကုမှားတဲ့ ဆေးရုံဆေးခန်းတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ မအောင်မြင်တဲ့ အားကစားသမားတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ အရူးထောင်၊ လူအိုရုံ၊ မိဘမဲ့ဂေဟာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လက်အောက်ငယ်သားဝန်ထမ်းကို အနိုင်ကျင့်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လူစည်ကားရာ ဗုံးပေါက်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ အရာရှိကြီးတွေ လိုက်ပါလာတဲ့ ရဟတ်ယာဉ်ပျက်ကျသွားတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံဇာတ်လမ်းမှာ ကုန်သည်ပွဲစားတစ်အိမ်သားလုံး သေနပ်နဲ့ဦးခေါင်းတေ့ ပစ်သတ်ခံရတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လူငယ်တွေ ချိန်းပြီး ရိုက်ပွဲဖြစ်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လူငယ်တွေ လမ်းဘေးနံရံတွေပေါ်
ဂရပ်ဖတီဆွဲတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ခရီးသည်ကို အရာရှိဆိုသူတွေ
အကြီးအကျယ်စစ်ဆေးမေးမြန်းတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လေယာဉ်ပျက်ကျတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ သင်္ဘောနစ်မြုပ်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ရထားမှောက်တာ တံတားကျိုးတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ သဘာဝဘေးအန္တရာယ် ဒုက္ခသည်တွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဗီလိန်/လူဆိုး/
လူယုတ်မာ/ရာဇဝတ်ကောင် လွတ်မြောက်သွားတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လူထုအုံကြွတာ၊ ဆူပူဆန္ဒပြတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဆူပူဆန္ဒပြသူတွေကို စစ်တပ်နဲ့သက်ဆိုင်ရာက အင်အားသုံးဖြိုခွင်းတာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ တော်လှန်ရေးသမားတွေ အာဇာနည်ခေါင်းဆောင်တွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ အလင်းမဝင်လက်နက်မချနိုင်တဲ့ တောတွင်းလက်နက်ကိုင်တွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ အကျဉ်းထောင်ထဲက အဖြစ်အပျက်တွေမပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ရဲဘက်က ပြန်လွှတ်လာသူတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ရွာတွေ မီးရှို့တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဘာသာမဲ့တွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ BigBang, Qunatum Theory, Evoluation တွေမပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဦးနှောက်အလုပ်ပေးစရာ
ဇာတ်လမ်းဇာတ်ကွက်မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ မကောင်းတာလုပ်ပေမယ့် မကောင်းတာ မဖြစ်တဲ့သူတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ကောင်းတာလုပ်ပေမယ့် ကောင်းတာ မဖြစ်တဲ့သူတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ လွမ်းမိုးကြီးစိုးထားတဲ့ ရိုးရာယဉ်ကျေးမှုကို မေးခွန်းထုတ်တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဇာတ်လမ်းအဖြေရှာမရဖြစ်အောင် ခင်းထားတဲ့ ဇာတ်လမ်းမပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဘဝမှာ မတော်တဆပါလာတတ်တာတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ဇာတ်လိုက်နဲ့ဗီလိန်၊ လူဆိုးနဲ့လူကောင်း ခွဲခြားမရတဲ့ လူတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ကျွန်တော်တို့နိုင်ငံ ရုပ်သံဇာတ်လမ်းတစ်ခုထဲက
သရုပ်ဆောင်တစ်ယောက် အိမ်ထောင်ရေးဖေါက်ပြန်/ခိုးဝှက်/မုဒိန်းမှုဖြစ်/ဆေးစွဲ/
ထောင်ကျ/ဘဝပျက် တာ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်တွေကို
မကြိုက်မနှစ်သက်သူတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ကျွန်တော်တို့နိုင်ငံက မော်ဒန်နဲ့ပို့စ်မော်ဒန်ကဗျာတွေ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ကျွန်တော်တို့ မပါဘူး
ကျွန်တော်တို့နိုင်ငံက ရုပ်သံအစီအစဉ်မှာ ကျွန်တော်တို့နိုင်ငံ မပါဘူး။ ။

-မောင်ယုပိုင်

Collage By Poetry Of Life

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...