၈၈ ဆိုတာ ဒီလိုရှိတယ် ငါ့ညီ
__________________________________
မောင်ယုပိုင်
၈၈ဆိုတာ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာပြီး
အလွယ်တကူကောက်ကပ် ကောက်ခွာလုပ်လို့ရတဲ့
အဝါရောင်ဒေါင်းရုပ်စတေကာလေးကို
ပြောတာမဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ ဒီမိုကရေစီတိုက်ပွဲ၀င်ရင်း
ကျခဲ့တဲ့ကျောင်းသားသွေးနဲ့
ကျန်ရစ်သူကျောင်းသားတွေ ရင်ဘတ်မှာ
သေရာပါ ရိုက်နှိပ်ထားတဲ့ အသားတံဆိပ်ပဲ ။
၈၈ ဆိုတာ ရာသီဥတုအခြေအနေကောင်းမှ
အခန့်သားထုတ်၀တ်ရဲတဲ့
လည်ကတုံးအင်္ကျီဖြူဖြူကို
ပြောတာ မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ မိုးပေါ်ထောင်မပစ်ဘဲ လူအုပ်ကြားထဲ
တည့်တည့်ရွာချလာတဲ့ ကျည်ဆန်မိုးတွေကြားထဲ
သွေးသံတရဲရဲဖြစ်သွားဖူးတဲ့ နီရဲရဲအင်္ကျီတွေပဲ ။
၈၈ ဆိုတာ လိုင်စင်ခွင့်ပြုချက်ရတော့မှ
ကိုယ့်နာမည်ကိုယ့်အဖွဲ့
ရောင်းအားမြင့်အောင် အော်ဟစ်ကြော်ငြာနေရတဲ့
လော်စပီကာကထွက်လာတဲ့အသံ မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ စစ်အစိုးရက
ပြည်သူတွေ အမှန်ကိုမသိနိုင် မကြားနိုင်အောင်
ကတ်ကြေးနဲ့ဖြတ် ငွေမင်နဲ့သုတ်
ဖုံးဖိအမှောင်ချခဲ့တဲ့ကြားက
ယိုစိမ့်ထွက်လာတဲ့
ရဲရဲတောက်သွေးစွန်းအမည်နာမတွေပဲ ။
၈၈ ဆိုတာ ဟိုးရှေးရှေးတုန်းက
ဗာရဏသီပြည်ကြီးမှာ ဖြစ်ခဲ့တာမဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က
မင့်အိမ်ရှေ့ လမ်းမထက်မှာ အမှန်တကယ်ဖြစ်ခဲ့တာ ။
၈၈ ဆိုတာ ဆင်သေကို ဆိတ်သရေနဲ့ဖုံး၊
သူခိုးကလူဟစ်ထားတဲ့
အစိုးရသတင်းဆောင်းပါးတွေထဲက
စာသားတွေမဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ နိုင်ငံတကာမဂ္ဂဇင်းဂျာနယ်တွေမှာ
အထင်အရှား
အလေးထား ဖေါ်ပြခံရတဲ့ သမိုင်းဓါတ်ပုံတွေပဲ ။
၈၈ ဆိုတာ ထုံးဖြူဖြူတွေအသုပ်ခံထားရတဲ့
အကောင်းပကတိနံရံဖွေးဖွေးကြီးမဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ ကျည်ဆန်ရာတွေ သွေးစင်ပေကျံရာတွေနဲ့
အတွင်းသားအုတ်ကွက်တွေကိုမြင်နိုင်တဲ့
အက်ကွဲနေတဲ့ အတိတ်နံရံဟောင်းတစ်ချပ်ပဲ ။
၈၈ ဆိုတာ မနားတမ်းအက်ရှင် စိတ်ကူးယဉ်
စစ်ရုပ်ရှင်ဇာတ်လမ်းတစ်ခု မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ ဘရင်းကယ်ရီယာတွေ၊ လုံထိန်းတွေ၊
နံပါတ်တုတ်တွေ၊ ဒိုင်းတွေ၊ မျက်ရည်ယိုဗုံးတွေ၊
လက်ပစ်ဗုံးတွေ၊ ရိုင်ဖယ်သေနတ်တွေ၊
မောင်းပြန်သေနတ်တွေ၊ ဘက်နက်တွေ၊
အပြာရောင်အချုပ်ကားတွေ၊ သံဆူးကြိုးတွေ၊
ဓာတ်ဆီဗုံးတွေ၊ ဂျင်ဂလိတွေ၊ ဓားရှည်တွေ၊
ဝါးချွန်တွေ၊ လှံတွေနဲ့
လူတွေထောင်နဲ့ချီ သေသွားတဲ့
ဒီနိုင်ငံရဲ့ ဖြစ်ရပ်မှန်တိုက်ပွဲတွေပဲ ။
၈၈ ဆိုတာ စိတ်ရူးပေါက်ပြီး
နေ့ချင်းညချင်း ထဖြစ်ခဲ့တဲ့
လူတစ်စုရဲ့ ရန်ပွဲမဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ
အုပ်ချုပ်သူအဆက်ဆက်ပြောင်းပေမယ့်
အာဏာရှင်စနစ်မပြောင်းတဲ့ စစ်ဖိနပ်အောက်
နာကျည်းခါးသီးမှုတွေ
နှစ်လကြာရှည် စုဆောင်းမိလာပြီး
မြို့ရဲ့လမ်းမတွေပေါ် တပြိုင်နက်
ပေါက်ကွဲလျှံထွက်ကျလာတဲ့
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့
စိတ်ဓါတ်လှိုင်းလုံးတွေပဲ ။
၈၈ ဆိုတာ အသုံးမကျလို့ ပျောက်ကွယ်သွားရတဲ့
တောင်းဆိုးပလုံးဆိုးတွေ မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ တပ်မတော်ထက် အင်အားကြီးမားပြီး
အုပ်ချုပ်သူအာဏာရှင်တွေအတွက်
ကြောက်လန့်စရာကောင်းလွန်းလို့
ကျူငုတ်မကျန် အမြစ်လှန်
ဖျောက်ဖျက်ခံရတဲ့ သူရဲကောင်းတွေပဲ ။
၈၈ ဆိုတာ မလိုအပ်တော့တဲ့
သက်တမ်းလွန်စိတ်ကူးအကြံအစီတစ်ခု မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ စစ်အစိုးရရဲ့စွန့်ကျဲသမျှ တ၀တပြဲစားပြီး
သခင်အားရကျွန်ပါးဝနေတဲ့
အရင်းရှင်နဲ့ခရိုနီတွေရဲ့ အိပ်မက်ထဲက
ထမင်းလုံးတစ္ဆေပဲ ။
၈၈ ဆိုတာ မမြင်အံ့ မကြားအံ့ ရွံကြောက်စရာ
အတိတ်တစ္ဆေတစ်ကောင်မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ ညံ့ဖျင်းတဲ့ပညာရေးနဲ့ နိမ့်ကျတဲ့စီးပွားရေးကို
ရခဲ့သူတွေရဲ့ ပုံစံခွက်ထဲက ဦးနှောက်နဲ့
ရင်ဘတ်ထဲက အကြောက်တရားပဲ ။
၈၈ ဆိုတာ ကျောင်းပြဌာန်းစာအုပ်တွေမှာ အဖြုတ်ခံရတဲ့
သမိုင်းဖတ်စာ မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ မြန်မာပြည်သူတွေအားလုံး
အလွတ်ရနေတဲ့ ကျောက်စာပဲ ။
၈၈ ဆိုတာ ငါ့ညီနဲ့ မဆိုင်တာ မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ ငါ့ညီ ကျေညက်အောင် သင်ယူမှတ်သား
ကျင့်ကြံပွားများရမယ့်
ဘ၀တစ်သက်တာ အိမ်စာပဲ ။
၈၈ ဆိုတာ ဒီလိုရှိခဲ့တယ်
၈၈ ဆိုတာ ဒီလိုရှိနေတယ်
၈၈ ဆိုတာ ဒီလိုရှိလိမ့်အုံးမယ် ငါ့ညီ ။ ။
#မောင်ယုပိုင်
No comments:
Post a Comment