Tuesday, August 30, 2022

ငါ့ခေါင်းထဲမှာ အရေးပေါ်ဥသြဆွဲသံတွေ ဆူညံလို့



ငါ့ခေါင်းထဲမှာ အရေးပေါ်ဥသြဆွဲသံတွေ ဆူညံလို့ 
ငါ့နှလုံးသားထဲ မျက်ရည်ယိုဗုံးတွေ ယိုစိမ့်လို့  

မီးခိုးမဲမဲတွေ အလိပ်လိပ် ထိုးတက်လာနေတာ 
ငါတို့ နိုင်ငံဆီကပေါ့  

ငါမြင်နေရတယ် 
နွေဦးရဲ့တံလျှပ်တွေနဲ့ တုန်ခါနေတဲ့ ကောင်းကင်ဆီ 
တစ်ယောက်ပြီးတစ်ယောက် လွှင့်စင်ပျံတက်လာတဲ့ ဝိညာဉ်တွေ 
ကြယ်အဖြစ် ဘ၀ကူးပြီး မြေပြင်ပေါ်က ဆက်လက်တိုက်ပွဲ၀င်နေတဲ့ပြည်သူတွေအပေါ်  အလင်းပြန်ပေးနေပုံတွေ  

အခုက ဘာတွေဖြစ်နေတာလဲကွယ် 
ငါတို့က ပိုးမွှားတွေခိုးယူသွားခဲ့တဲ့ နှစ်ဟောင်းကို မေ့ပစ် 
နွေဦးပွဲတော်တွေကို ဆင်နွဲဖို့ လျှောက်လာကြသူတွေပါ  
စစ်မြေပြင်ထဲ ဘယ်လိုလုပ် ရောက်နေရတာလဲကွယ်  

ဘယ်လိုဖြစ်ပြီး ၁၉၈၈က သီချင်းတွေကို ပြန်ဆိုနေကြရတာလဲ 
ဘယ်လိုလုပ်ပြီး ၁၉၈၈က ကာဖျူးညတွေ ပြန်ရောက်လာတာလဲ 
အို.. ဒီတခါ ကျည်ဆန်ထိပြီး ခေါင်းပွင့်သွားတဲ့တစ်ယောက်က  ငါ့မိတ်ဆွေဖြစ်နေပါရော့လား

ရက်ပေါင်းသုံးဆယ်အတွင်းမှာ 
လူငယ်တွေရဲ့ အသက်ပေါင်းသုံးဆယ်မက ပေးလိုက်ရပြီပဲ
မယုံနိုင်စရာ
ဒီနေ့ ကမ္ဘာပေါ်မှာ ဖက်ဆစ်ဘီလူးသဘက်တွေ ပြန်ထွက်လာတဲ့ မြေဟာ 
ငါတို့နိုင်ငံ ဖြစ်နေရတယ်လို့ကွာ 
ဒါပေမယ့် တကယ်အံ့သြတုန်လှုပ်စရာကောင်းတာက ဓမ္မဖက်က ရပ်တည်ကြတဲ့ မြန်မာပြည်က အိန်ဂျယ်တွေပါ
 
သင်တို့ရဲ့ သံပုံးတီးသံတွေ 
သင်တို့ရဲ့ ရဲရင့်တဲ့ ဆဲဆိုသံတွေ 
သင်တို့ရဲ့ ခေါက်သိမ်းလိုက်တဲ့ ၀န်ထမ်းယူနီဖေါင်းတွေ 
သင်တို့ရဲ့ ကီးဘုတ်တွေနဲ့ သူတို့ဦးနှောက်ထဲ ဗိုင်းရပ်စ်လွတ်ထည့်ခဲ့ပုံတွေ 
သင်တို့ရဲ့ ဆွဲဆောင်မှုကောင်းလှတဲ့ ဆန္ဒပြဖက်ရှင်တွေ 
သင်တို့ရဲ့ မေတ္တာတရွှမ်းရွှမ်း ဖရဲသီးတွေ 
သင်တို့ရဲ့ စေတနာပူပူနွေးနွေးနဲ့ ဗရာကြော်တွေ 
သင်တို့ရဲ့ တာဝန်သိစိတ်နဲ့ အမှိုက်အိပ်ကြီးတွေ 
သင်တို့ရဲ့ ပရဟိတသွေးနဲ့ အဆင်သင့်ဖြစ်နေတဲ့ လူနာတင်ယာဉ်တွေ 
သင်တို့ရဲ့ အချုပ်ကားထဲက လက်သုံးချောင်းထောင်ပုံတွေ 
သင်တို့ရဲ့ လမ်းပေါ်မှာ ကန့်လန့်ကြီး ပျက်ပလိုက်တဲ့ကားတွေ
သင်တို့ ရာဘာကျည်ကို ကျောပေးခံလိုက်ပုံတွေ 
သင်တို့ ထရပ်ကားကြီးကို မ ရွေ့ပစ်လိုက်ပုံတွေ 
သင်တို့ နှလုံးသားကို လက်တွန်းလှည်းပေါ်တင်ပြီး ဆွဲပြေးလာပုံတွေ 
သင်တို့ရဲ့ လမ်းပေါ်မှာ ကျွတ်ကျန်ခဲ့တဲ့ ဖိနပ်တွေ 
သင်တို့ရဲ့ စစ်ဖိနပ်ကို ဘယ်တော့မှ အညံ့မခံတဲ့ ကင်းဗတ်ဖိနပ်တွေ 
သင်တို့ရဲ့ ကြောက်ရွံ့မှုနဲ့ ပိတ်ထားတဲ့ အိမ်တံခါးကို စာနာမှုနဲ့ ဖွင့်ပေးခဲ့ပုံတွေ  
တော်လှန်ရေး မပြီးသေးသရွေ့ ထပ်မံဖြည့်စွက်ရအုံးမယ့် သင်တို့ရဲ့ လက်ဖျားခါလောက်စရာ 
တော်လှန်ရေးထဲပါ၀င် ဆင်နွဲပုံတွေလေ

ကမ္ဘာကြီးရဲ့နောက်ဆုံးနားမှာ ကျန်နေခဲ့တဲ့ 
စုတ်ချာချာ နိုင်ငံငယ်လေးတစ်ခုပေါ့
ဒီနှစ်နွေဦးရဲ့ သမိုင်းလမ်းမကြီးပေါ်မှာ 
သူဖြတ်ကျော်လာပုံကို အားလုံး ငေးကြည့်နေရပြီ

ကမ္ဘာကြီးတစ်ခုလုံး သက်သေရှိပါတယ် 
ငါတို့ဟာ အထိအခိုက် အကျအရှုံးများပေမယ့် 
ဓမ္မဖက်က ရပ်တည်ခဲ့သူတွေဖြစ်ကြောင်း ။ 

-မောင်ယုပိုင်

Collage By Poetry of Life

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...