-ငါတို့ ပြောရင် သီချင်း ငါတို့ ရေးရင် ကဗျာ
ငါတို့ဟာ မင်းသားယောင်ဆောင်ထားတဲ့မင်းသားတွေ ၇
လူငယ်တွေ အုပ်စုဖွဲ့မိရင် ကြောက်ဖို့ကောင်းတယ်
လူငယ်ဟာ တစ်ယောက်တည်းဖြစ်နေပြီဆိုရင်
ပိုပြီးကြောက်ဖို့ကောင်းတယ်
သစ်သားထဲ စိုက်၀င်နေတဲ့သံကို နှုတ်လို့ရရင် ရမယ်
လူငယ်စိတ်ထဲက မာကျောမှုကိုတော့
ဘယ်လိုမှ နှုတ်လို့ မရဘူး
ဘ၀မှာ အများကြီးလိုချင်တယ်
ဘ၀မှာ အများကြီးရချင်တယ်
ဘ၀မှာ အများကြီးရောက်ချင်တယ်
အလိုချင်ဆုံးက တရားမျှတမှု
အရချင်ဆုံးက လွတ်မြောက်မှု
အရောက်ချင်ဆုံးက တရားမျှတပြီးလွတ်လပ်တဲ့နိုင်ငံတော်
စစ်အစိုးရရဲ့ခေါင်းကို ချိန်ကိုက်ဗုံးလို ကိုက်ခဲထားမယ်
အဲဒါ လူငယ် . . .
အာဏာရှင်ရဲ့နံကြားကို နီးရာတရားနဲ့ ထိုးထောက်ထားမယ်
အဲဒါ လူငယ်
ဂစ်တာလို ကျင့်ကြံသူတွေဆီ သီချင်းလို ရောက်အောင် လာခဲ့မယ်
မြေခွေးလို ချောင်းမြောင်းနေသူတွေဆီ အဆိပ်လူးမြားလို ရအောင်စိုက်၀င်ခဲ့မယ်
သမိုင်းစာမျက်နှာတွေကို အမှောင်ချပစ်ချင်တာတစ်ခုတည်းအတွက်
လူငယ်တွေကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မဖြတ်ချင်စမ်းပါနဲ့
ငါတို့သွေးကြောတစ်မျှင်ချင်းစီကို ဝိုင်ယာကြိုးလို ချိတ်ဆက်
အနာဂတ်ကို လင်းလက်စေချင်ရုံသက်သက်
ငါတို့ လာခဲ့တယ်
လူငယ်ဆိုတာ ဘယ်တော့မှ မပြီးဆုံးဘူး
ခင်ဗျားတို့ခေါင်းထဲ မချိမဆန့်ထိုးထည့်ထားတဲ့
မတရားမှုတွေကို ပစ်ချဖို့
ငါတို့ အတိအကျ လာခဲ့တယ် ။
-ကိုသျှား
No comments:
Post a Comment