"ခေါင်မိုးထက်က မိုးသံ"
ပြောလက်စကားတွေ တစ်ပိုင်းတစ်စနဲ့ပဲ
ရပ်လိုက်တော့ တစ်နေရာရာ သွားစရာရှိသေးရင်လည်း မေ့လိုက်တော့
ဘာသတင်းပဲ လာနေနေ ဘာသီချင်းပဲ လွှင့်နေနေ
ရေဒီယိုကိုလည်း ပိတ်လိုက်တော့
အပြင်က ပြန်လာသူဆိုရင်လည်း ရေစိုနေတဲ့ခေါင်းကို သုတ်ပြီး
ဗီဒိုထဲက ခြောက်သွေ့တဲ့ ဝတ်စုံတစ်စုံ လဲဝတ်
ငြိမ်ငြိမ်လေးသာ ထိုင်နေလိုက်တော့
ကွန်ကရစ်နံရံတစ်ခုလိုထူတဲ့ မိုးသံက
ပထမတော့ နံဘေးအိမ်တွေကို
နောက်တော့ အိမ်အပြင်လောကတစ်ခုလုံးကို ကာဆီးပစ်လိမ့်မယ်
လက်ခုပ်သံတွေ အများကြီးရခဲ့တဲ့နေ့ပဲ ဖြစ်ဖြစ် မနက်ကတည်းက
ကခုန်မြူးထူးနေရတဲ့ ပွဲတော်တစ်ခုပဲဖြစ်ဖြစ် အိမ်အပြင်မှာကျန်ခဲ့ပြီ
မှတ်ဉာဏ်ထဲက အနှစ်နှစ်အလလ ပုံရိပ်တွေတောင်မှ
သတင်းစာတစ်စောင်လို ဖရိုဖရဲလွင့်ပါနေလို့ နောက်ဆုံးတော့ ပြင်းထန်တဲ့ မိုးသံကိုပဲ နားထောင်နေရပြီ
ဒီလိုအချိန်မှာတော့
ပြတင်းပေါက်တွေ လိုက်ပိတ်
ပခုံးတွန့် လက်ပိုက်လျက် မငြိမ်သက်တဲ့ မီးသီးတွေကိုပဲ
လိုက်ကြည့်နေရုံရှိတော့တယ် မဟုတ်လား
မနက်ဖြန်ရောက်ဖို့လည်း အဝေးကြီးလိုသေးရဲ့
ခေါင်မိုးပေါ်က တဝုန်းဝုန်း မိုးသံဟာ
အမိုးတစ်ခုတည်းအောက်မှာ အတူတူရှိနေတဲ့ လူတွေကိုတောင်
တစ်ယောက်စီဖြစ်သွားတဲ့အထိ ခွဲထုတ်လိမ့်ဦးမယ်
သိပ်မြဲမြံစွာ ဆုပ်ကိုင်ထားတဲ့လက်တွေ မဟုတ်ဘူးဆိုရင်ပေါ့။ ။
-မောင်ယုပိုင်
Collage By Poetry Cafe
No comments:
Post a Comment