စကစ်ဇိုဖရီးနီးယားရန်ကုန်
မြို့ရဲ့နံရံတွေမှာ
ငါတို့ဘ၀ဆီက ခြစ်ယူထားတဲ့အင်္ဂတေတွေ
ဘယ်လိုအကောင်းမြင်စိတ်နဲ့ ချစ်ကြည့်ချင်လို့မှ
အဆင်မပြေတော့ဘူး
ညကြီးမင်းကြီး ကြယ်တွေကို
စကားလှမ်းပြောချင်တော့
မီးထွန်းရှာရ
ဒီမှာ အစစ်အမှန်ရနိုင်သမျှက အတုတွေချည်းပဲ
ချစ်ခြင်းမေတ္တာအတု
ဥာဏ်ပညာအတု
အနုပညာအတု
လူအတု
ရန်ကုန်ဟာ သစ္စာရှိသောရန်သူ
ရန်ကုန်ဟာ နေသင့်နေအပ်သောရပ်ပြစ်တစ်ပါး
ဘယ်လိုကြီးလဲ
သူ့အလိုလိုဖြူနေပြီးသားစံပယ်ပွင့်တွေကို
ဘာကြောင့်လျှော်ဖွပ်ပြချင်တာလဲ
ဘယ်လိုကြီးလဲ
ယန္တရားတစ်ခုလို လည်ပတ်နေမှုမှာ
ငါတို့အသက်တွေဟာ ချောဆီလား
ခြေထောက်ကို အင်ဂျင်တပ်ထား
ဘဝတွေကို အင်ဂျင်တပ်ထား
စိတ်ဆိုတဲ့စကားကို စက်နဲ့ အစားထိုးသုံးစွဲရပါတယ်
အရသာတွေဟာ ထပ်လာ
အနက်အဓိပ္ပာယ်တွေဟာ ထပ်လာ
ဒီနေ့ဟာ မနေ့ကလို ထပ်ထပ်လာ
မနက်ဖြန်ဟာ ဒီနေ့လို ထပ်ထပ်လာ
ရှုပ်ယှက်ခတ်မှုတွေ ထပ်ထပ်လာ
ရိုးရိုးလေးပြောရရင်
ရောဂါသည်တွေနဲ့တူတဲ့ငါတို့ဟာ
ဆက်ဆံရေးကြမ်းတဲ့ဆေးရုံနဲ့တူတဲ့ရန်ကုန်မှာ
အားလုံးဟာ ငါ့အတွက် သူစိမ်းတွေပဲ
ငါဟာ အားလုံးအတွက် ထူးမခြားနားသူစိမ်းတစ်ယောက်ပဲ
တစ်ယောက်တည်းတတွတ်တွတ်ရေရွတ်နေမိတဲ့
တီးတိုးသံတွေအကြား
နံရံတွေ လန့်တုန်ကွဲအက်
အဲဒီနံရံတွေကို ငါတို့ဘ၀ဆီက ခြစ်ယူထားတဲ့အင်္ဂတေတွေနဲ့ လုပ်ထားတာ
#ကိုသျှား
#SchizophreniaYangon
No comments:
Post a Comment