ကိုယ့်လမ်းကိုယ်ဆိုတာတွေ
တိမ်ကွဲများနှင့်တူသော
ကျောင်းပြောင်းဖို့
စာရွက်စာတမ်းတွေ ။
ရာသီဥတုက
ညကို ပေါက်ပြဲအောင်
နှင်းခဲတွေနဲ့ တရကြမ်းပစ်ခတ်ကြတယ် ။
တစ်စုံတစ်ယောက်ဟာ
လမ်းဘေးဖုန်းရုံကလေးထဲမှာ
အချိန်အတော်ကြာအောင်
ငိုကြွေးခဲ့တာကြောင့်ပါ ။
အနွေးထည်မဝတ်ထားတဲ့
ရထားတွေကလည်း
နှင်းကိုက်ခံထား ဘီးလုံးတွေနဲ့
အသက်လု ခုတ်မောင်းနေရတယ် ၊
အဲ့ဒါကြောင့် သူ့ဆီရောက်ဖို့
အဆင့်ဆင့်နောက်ကျခဲ့ရ ။
ဘယ်လောက်နောက်ကျနောက်ကျ
စောင့်နေတဲ့သူရှိသေးရင်
အဲ့ဒါကို နောက်ကျတယ်လို့ သိပ်မခေါ်တော့ဘူး ။
တစ်စစီပြုတ်နေတဲ့ ညကို
သူတို့ ပြန်တပ်ဆင်ကြ
အနမ်းကို စတင်ဖွင့်သုံးကြ
ပြီးတော့
နောက်ထပ် နွေဦးအတွက်
ကတိထားလို့ ခွဲခွာခဲ့ကြ ။
အဝေးက
မှုန်ဝါးသော လေညွှန်တိုင်များ
သူတို့လက်တံတွေမှာ
နှစ်တွေကို ချည်ပြီး လည်ပတ်နေခဲ့ ။
ခေတ်တွေပြောင်းလာ
ချယ်ရီပင်မှာ သစ်ကိုင်းတွေ
အသစ်ထွက်နေမလား ။
သူ့ဆီက စာလာမလားလို့
သွားဖွင့်ကြည့်တိုင်း
စာတိုက်ပုံးဟာ ချောင်ဆိုးသွေးအန်ပြတယ် ။
ဒီကြားထဲမှာ အဖြစ်အပျက်တွေ အများကြီးပေါ့
ကိုယ့်ကို ဖြတ်သန်းသွားတာကော
ကိုယ်က ဖြတ်သန်းခဲ့တာတွေကော
ကိုယ့်အပေါ်ကောင်းမှန်းသိသာသူကို
အေးစက်မှုပဲ ပေးနိုင်တာမျိုးတွေပေါ့ ၊
အရာရာ
စိတ်မကောင်းစရာတွေ ။
အလုပ်စားပွဲမှာ ထိုင်လိုက်တိုင်း
ပြီးပြည့်စုံတဲ့ အထီးကျန်ခြင်းဟာ
ဂုတ်ပေါ်ကို ခုန်ချ
အင်္ကျီထဲဝင်ပြီး တစ်ကိုယ်လုံး လျှောက်သွားတော့တယ် ။
ကော်ဖီသောက်လိုက် ဆေးလိပ်သောက်လိုက်
အလုပ်တွေ ဖိလုပ်လိုက်
လေယာဉ်တွေ ပျံသန်းသွားရင်
ပြတင်းပေါက်က အမှတ်တမဲ့ငေးလိုက်
အဓိပ္ပါယ်ရှိခြင်းနဲ့ ခပ်ဆင်ဆင်တွေ ။
လူစည်ကားရာတွေ
သူနဲ့ အရပ်တူတဲ့ မိန်းကလေးတွေ
သူနဲ့ ဆံပင်ပုံစံတူတဲ့ မိန်းကလေးတွေ
မှတ်ဥာဏ်ထဲက နှင်းတွေ ။
ဆုတောင်းတာနဲ့
ကိုယ့်ကိုကိုယ်လိမ်တာ
သိပ်မကွာမှန်းလည်း သိလာ ။
နောက်တော့ သေတယ်ဆိုတာကိုလည်း
တခြားတစ်မျိုးနဲ့ သဘောပေါက်လာ
နေ့စဉ် အလုပ်တွေလုပ်နေရင်းနဲ့လည်း
နေ့စဉ် အစားတွေ စားနေရင်းနဲ့လည်း
ရထားဖြတ်မှာမို့ လမ်းခဏပိတ်တားတဲ့ မောင်းတံရှေ့မှာ
ခြေစုံရပ်ရင်းနဲ့လည်း
သေလို့ရနေတာပဲ ။
နွမ်းဖျော့စရာ မတ်လဆန်းပေါ့
နွေဦးရောက်တိုင်း
တစ်စက္ကန့်ကို (၅) စင်တီမီတာနှုန်းနဲ့
နှစ်စဉ်သေဆုံးလျှက်ရှိသူ ... ။
- သူဝေး
🤗🤗🤗
ReplyDelete