လူငယ်လေးတစ်စု
ခေတ်တိုင်းမှာ သူတို့ရှိတယ်
ဆေးလိပ်ကြိုက်တယ်
ကဗျာကြိုက်တယ်
လက်ဖက်ရည်ကြိုက်တယ်
စာအုပ်ကြိုက်တယ်
ဂန္တဝင်ဂီတကြိုက်တယ်
နောက်ပြီး
နိုင်ငံရေးကြိုက်တယ် ။
လူတွေက သူတို့ကို အရူးလို့ထင်ကြတယ် ။
ကျောက်တောင်ကို
ကြက်ဥ နဲ့ပေါက်တဲ့အကောင်တွေတဲ့ ။
တချို့ကလည်း သူပုန်လောင်းလေးတွေတဲ့ ။
ဟိုလူကြီးကတော့ ဆူပူသူကျောင်းသားဆိုးတွေတဲ့ ။
ရွယ်တူတွေက အပေါင်းအသင်းမလုပ်ချင်ကြဘူး
လူကြောင်တွေတဲ့
ဝေးဝေးကရှောင် အမှုပတ်မယ်တဲ့ ။
မာက့်စ်ဝါဒကို သည်းခြေကြိုက်တယ်
ဖောက်ပြန်ရေးသမားတွေကို မုန်းတယ်
မူးလာရင် အင်တာနေရှယ်နယ် ဆိုတယ်
အချစ်ရေးတော့ကံခေကြတယ်ဗျ ။
အချိန်တန်တော့သူတို့တွေဟာ
သံတိုင်တွေ နောက်မှာ
တောတောင်လျှိုမြောင်တွေကြားမှာ
ဘာဆုလာဒ်မှမရဘဲ
ပျောက်ဆုံးကုန်ကြတယ် ။
လူမသိသူမသိ ပျောက်ကွယ်သွားတဲ့
လူငယ်လေးတစ်စုဟာ
ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ် ။ ။
-မောင်ငြိမ်းချမ်း
No comments:
Post a Comment