Saturday, June 25, 2022



"ကိုယ်ချင်းစာတရားဆီ လိပ်မူပြီး 
                                       ဒီစာကို ပို့လိုက်တယ်”

တစ်စုံတစ်ယောက်တော့ ကြားမှာပဲ ဆိုတဲ့
မျှော်လင့်ချက်လေးနဲ့
ဒီစာကို ရေးလိုက်တာပါ

ကျွန်တော့်ညီမလေးရဲ့လက်ဖဝါးက
ပြည်တည်နေတဲ့ ယားနာဆိုတာ
ဒီပြည်နယ်မှာ အာဏာတည်ဖို့
သူတို့လက်ယားလိုက်တိုင်းကြားက ပြည်သူတွေပဲနာကြရတဲ့ သင်္ကေတလေ

မြေပုံပေါ်မှာ ဒီနေရာကို မင်နီဝိုင်းပြီး
တိုက်ခိုင်းနေကြတဲ့ နှစ်ဘက်လူကြီးမင်းများကတော့
သူ့ကြောင့် ငါ့ကြောင့် ငြင်းကြလိမ့်မယ်
ဒီသတင်းကို
လွတ်လပ်ရေးအတွက်
တက်ညီလက်ညီ တိုက်ပွဲဝင်ခဲ့တဲ့
ကောင်းကင်ဘုံက ဘိုးဘွားတွေသာ 
ကြားနိုင်မယ်ဆို ရင်ကျိုးမှာပဲ

စုဆောင်းရေးထဲ ပါသွားတဲ့ 
ကျွန်တော့်အစ်ကိုရဲ့ စာမလာသတင်းမကြားခြင်းမှာ 
အမေ့ရဲ့မျက်ရည်စက်တွေ 
ခဏခဏ ကျကွဲတယ်

နားစည်ကို လာစင်တဲ့ ပေါက်ကွဲသံက
ကျွန်တော့်ရဲ့ ကျောင်းပြန်တက်နေတဲ့ အိပ်မက်လေးကို
ချွင်ခနဲ တောက်ချသွားတယ်

နေရာမှားပေါက်တဲ့ အပင်ဟာ ပေါင်းပင်ပဲ
ဆိုတဲ့ စကားလို
ကျွန်တော်တို့ နေရာမှား မွေးဖွားခဲ့လို့များ
မြေဇာပင်ဘဝ ရောက်နေရတာလားလို့
အဖေ့ကို မေးတော့
အဖေက မီးတောက်ကို ရေမရောပဲ မျိုချ
နာကြည်းမှုကို ထွီခနဲ ထွေးတယ်
မိုင်းထိထားလို့
ဘယ်လိုမှ ပြန်ဆက်မရတော့တဲ့ mind နဲ့
အိမ်ရဲ့ ရေသောက်မြစ်ကြီးပါ

အဖြစ်အပျက်တစ်ခုလုံးကို ကြည့်ရင်လည်း
တလိမ့်လိမ့်တက်နေတဲ့ မီးခိုးတွေပဲ မြင်ရမှာ
ပျော်ရွှင်ဖွယ် စာသင်ကျောင်းလေးဆီကလည်း
ဘာဆိုဘာအသံမှ မကြားရတော့သလို
ကျွန်တော်တို့ရဲ့ အနာဂတ်တွေဟာ
အညွန့်ချိုးခံထားရ အကိုင်းခုတ်ခံထားရ

ကျေးဇူးပြု့ပြီး စစ်မဖြစ်ကြပါနဲ့
စစ်မတိုက်ကြပါနဲ့လို့
တောင်းတောင်းပန်ပန်
ကျွန်တော်တို့ အော်လိုက်တဲ့အသံကို
ကျည်ဆံက လာမှန်တော့
သံလွင်ခက်လေးကိုက်ချီထားတဲ့ ချိုးဖြူငှက်လေးဆိုတာ
ကျွန်တော်တို့ မက်ခွင့်မရှိတဲ့ အိပ်မက်တစ်ခုလား

နားမလည်နိုင်ခြင်း မေးခွန်းများစွာနဲ့
ကိုယ်ချင်းစာတရား ငတ်မွတ်နေတဲ့
လူများ နေ့စွဲများ ထောင်ချီ ရှိနေပါပြီ
ဒီနေရာလေးမှာ...။   ။

                                      လင်းမာအို 
                                   (၁၅-၆-၂၀၁၄)

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဒုတိယဆုရ ကဗျာ

#collage by poemency


No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...