“ဗုဒ္ဓနဲ့ငါ ...ဘယ်မှာ လွဲတာလဲ”
_____________________
ထီးနန်းစည်းစိမ် အာဏာစွန့်သူဟာ
၃၅ နှစ်မှာ ဘုရားဖြစ်လာတယ်။
အကျင့်တရားမရှိဘဲ
သင်ကြားမိဆဲ သစ္စာဓမ္မနဲ့
လာဘ်လာဘ အာဏာ နေရာအတွက်
ဘွဲ့တွေကို ငါတို့ယူကြတယ်။
ဗုဒ္ဓနဲ့ ငါ ........ ဘယ်မှာလွဲတာလဲ။
ဗုဒ္ဓဟာ......... ဗုဒ္ဓဘာသာကိုမဟောဘူး
သစ္စာကိုပဲ ဟောပြတယ်တဲ့။
ဗုဒ္ဓသားမြေးတွေက
ဥပဒေနဲ့ခြောက် အာဏာရှင်ကိုမြှောက်
သေနတ်ဖောက်ပြီး
သာသနာပြုချင်တယ်။
ဗုဒ္ဓနဲ့ ငါ ........... ဘယ်မှာလွဲတာလဲ။
တရားမရှိပေမယ့်
ဘုရားတွေပိနေတဲ့ တိုင်းပြည်မှာ
ရွှေခေါင်းပြောင်သလောက်
၀မ်းတွေက ခေါင်လွန်းတယ်။
အ၀တ်တွေရဲသလောက်
သတ္တိက ခြောက်လွန်းတယ်။
ပြောင်း၀က ကျည်ဆန်မှာ
သာသနာတည်ရိုးမှန်ရင်
ပိဋကတ်သုံးပုံအစား
သေနတ်တွေ ထားခဲ့မှာပေါ့။
ဗုဒ္ဓရဲ့ ခြေသံမှာ .......
ယမ်းနံ့တွေ မပါတာကိုတော့
ငါ ........... သစ္စာဆိုဝံ့ပါတယ်။
အမြင်မှန်ဆိုတာ .........
အသွင်သဏ္ဍာန်တွေကို ခွါကြည့်ရတာမျိုးပါ။
သာမန် ကရုဏာလေးရှိရင်တောင်
နဖူးရောင်သည့်အထိ ကြည်ညိုမိပါတယ်။
သမိုင်းဟာ ...သက်သေပဲ။
သူတော်စင်တို့ ကျောက်စာမှာ
လိပ်ပြာ လုံလုံနေချင်တယ်။
နှောင်းလူတို့မှတ်တမ်းမှာ......
ငါ့...... အမည်ကို မှင်နီ မဖြတ်သန်းပါစေနဲ့။
လူထဲက ...လူတွေပါပဲ။
ကျဆုံးသူတွေအတွက် အမျှမဝေနိုင်ရင်တောင်
ပြုံးယောင်တော့ မပြကြေး။
ငါတို့ဟာ... ဗုဒ္ဓရင်သွေးတွေဖြစ်တယ်။
ဒါပေမယ့်...
ဘယ်မှာ လမ်းလွဲသွားတာလဲ။
-မှော်နတ်ပျို
14-5-2021
#Collage By Poemency
No comments:
Post a Comment