Sunday, June 26, 2022

ထောင်ထဲက စာ

သို့/
       အဖေ

လူတချို့ကြောင့်
ဝမ်းဗိုက် ပေါက်ထွက်သွားတဲ့ မြစ်ဟာ
ကမ်းနဖူးက အိမ်ကလေးကို
ရန်ရှာနေပြီမဟုတ်လား အဖေ...။

အိမ်ကလေးရဲ့ရှေ့နားက
မြစ်ကမ်းပါးမှာ
မျောတိုင်စိုက်ဖို့
ရေစာဖြည့်ဖို့
သဲအိတ်ချဖို့
တစ်ယောက်ယောက်ကို
အဖေ မျှော်နေမှာပဲ။

ဝါးလုံးထိုး တကႅာတဲ့
မြစ်ရေညစ်ညစ်မှာ
ပျစ်ခဲနေအောင် လဲကျနေမယ့်
ရိတ်သိမ်းရလုနီး
ရေသွင်းနှမ်းခင်းတွေကို ငေးကြည့်ပြီး
ဝါးနေဆဲ ထမင်းလုတ်ကို
ကလော်အထုတ်ခံရသလို ဖြစ်နေမလား
ရန်သူမျိုးငါးပါးအကြောင်းကို ဆင်ခြင်ပြီး
အဖေမြတ်နိုးရာဘာသာတရားနဲ့ 
ဖြေတွေးနေမလား
လစ်ဟာနေတဲ့ တစ်ယောက်စာလုပ်အားကိုပဲ
တောင့်တများ တောင့်တနေမလား။

သား ၁၊ သမီး ၂၊ သား ၁ မှာ
သား ၁-က အချုပ်ကျ ကဗျာဆရာ
သမီး ၂-က
ကျောင်းဆရာမ နဲ့ ဘွဲ့ရထမင်းချက်
နောက်ထပ် သား ၁-က ကျောင်းသား
အဖေ့လက်ထဲက ကိုင်းခုတ်ဓားလောက်မှ
အဖေ့သားကြီးကဗျာဆရာက
"အား"ဖြစ်စေပါရဲ့လား အဖေ...။

ဘာကိုမှ
မခွင့်လွှတ်ပါနဲ့ အဖေရေ
"သားရေ.. ဖိုးချမ်း
နောက်က လူသံတွေ ဆူညံလှချေလား"
ဖုန်းထဲက အဖေ့မေးခွန်းကို
"စာမူပို့ရင်း
ကားမှတ်တိုင်မှာ ရောက်နေလို့" လို့
လိမ်ညာမိတဲ့
တရားရုံးထဲက အဖေ့သားက အစ
"ကျေးဇူးရှင်တောင်သူဦးကြီးများ"လို့
လျှာဖျားကလေးနဲ့ မြှူမြှူပြီးမှ
ကျောကို ချချသွားတဲ့
ခေတ်အဆက်ဆက်ရဲ့ 
ဓားပြကောင်တွေအဆုံး
အားလုံးကို မုန်းပစ်လိုက်ပါ အဖေ...။

လက်နက် မပါဘဲ
ပြည်သူ့ဥစ္စာကို ခိုးဝှက်တော့ သူခိုး
လက်နက်ကိုင်ထားပြီး
ပြည်သူ့ဥစ္စာကို လုယက်တော့ ဓားပြ
သူခိုး အစိုးမရ
ဓားပြ အစိုးမရ-နဲ့
အဖေတို့မှာ ဘယ်မလဲ အစိုးရ။

တောတွေ ဘာဖြစ်ဖြစ်
တောင်တွေ ဘာဖြစ်ဖြစ်
မြစ်တွေ ဘာဖြစ်ဖြစ်
အုန်းသီးခြစ်သလို
တိုင်းပြည်ကို ချစ်ပြပြီး
အဆီအနှစ်ကို ခိုးစုပ်တဲ့လူတန်းစားတွေ
သူတို့ပလ္လင်ကို တရစ်ချင်းမြှင့်ဖို့ဆို
ဗုဒ္ဓသင်းကျစ်မှာတောင် 
သေနတ်ပြောင်းနဲ့ထစ်မှတ်ပြီး
ညစ်ပတ်ခဲ့ကြ လူတန်းစားတွေ..
အဲဒီလူတန်းစားတွေကို ဆဲရေးဖို့
အဖေ့ဘာသာတရားက 
အဖေ့ကို ခွင့်မပြုရင်
အဲဒီဘာသာတရားကနေ ကျောခိုင်းပြီး
အဖေ့အစား
သား ဆဲရေးပါရစေ အဖေ...။

အခုထိ
အဖေမသိသေးပေမယ့်
အဖေ့သားကြီးဟာ
လူကောင်းသူကောင်းတွေအပေါ် 
အကြမ်းမဖက်ဖို့
ရဲတပ်ဖွဲ့ဆိုတာကြီးကို တောင်းဆိုရင်းက
မတရားတဲ့ လံကြုတ်ပုဒ်မတွေနဲ့
ထောင်ထဲမှာ အချုပ်ကျနေလေရဲ့။

တစ်နေ့မတော့
သူခိုးမဟုတ်တဲ့ အဖေ့သားက
ဓားပြမဟုတ်တဲ့ အဖေ့သားက
အဖေ့အတွက်
အားလည်း ဖြစ်ရပါစေမယ် အဖေ
ဓားလည်း ဖြစ်ရပါစေမယ် အဖေ...။

အခုနေမတော့
အဖေ့ပခုံးနဲ့ ထွန်ယက်ထားပြီး
ရေလွှမ်းသွားတဲ့ ယာမြေပြင်တွေကို
ငေးရီကြည့်မောရင်း
တောင်သူလယ်သမားသမဂ္ဂသီချင်းကိုပဲ
ဆိုနေရစ်ပါဦး အဖေရေ...။   ။

မှ/

      သား - ကေဇဝင်း
      သာယာဝတီဗဟိုအကျဉ်းထောင်
      ဆောင် ၁၀ / ခန်း ၁

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...