ကျွန်တော်ဟာဒီလိုကောင်
ငါဟာခေါင်းမာတယ်ဂျစ်ကန်ကန်တယ်
အရစ်ရှည်တယ် စပ်စုတယ် တုံးအတယ်
လူတွေနဲ့အမြဲပြောင်းပြန်ဆန့်ကျင့်တဲ့ဘက်
လူဖြစ်လာတာကကံကောင်းလွန်းတယ်လို့
လူအဖွဲ့အစည်းကသတ်မှတ်ထားတာကို
လူဖြစ်လာတာကငရဲဘဲဆိုပြီး
ငါဟာအတ္တကြီးစွာထင်နေတယ်
နိဗ္ဗာန်ဟာအေးချမ်းတယ်ဆိုတာကိုသိရက်နဲ့
နိဗ္ဗာန်ကိုဖြိုလို့ရမလားတွေးနေတဲ့ကောင်
ငါဟာကံကံ၏အကျိုးကိုယုံကြည်ပါတယ်
ဒါပေမယ့် အဲ့ဒီယုံကြည်မှုကိုဘဲ
သံသယစိတ်များပြီးမယုံကြည်နေတာ
ကြိုးစားရင်ဘာမဆိုဖြစ်ပါတယ်ဆိုတာကို
အရှေ့မှာဒီလောက်ပညာရှင်ပေါင်းများစွာက
သက်သေပြထားတာတောင်
အဲ့ဒီကြိုးစားတာကို အရှုံးပေးချင်နေတာ
ကမ္ဘာကြီးကသတ်မှတ်ထားတဲ့
စည်းတွေ ဘောင်တွေကို
ကိုယ်တိုင် လက်ခံပေမယ့်
အဲ့ဟာတွေကြားထဲမှာကိုမနေချင်တဲ့ကောင်
လွတ်လပ်မှုဆိုတာကို
ငှက်မွေးလို ပေါ့ပေါ့ပါးပါး
လွတ်လွတ်လပ်လပ် ခံစားချင်နေတဲ့ကောင်
ငြိမ်းချမ်းရေးကို
စစ်တိုက်ပြီးယူချင်နေတဲ့ကောင်
လူတွေကိုတတ်နိုင်သလောက်ကူညီတယ်
မတရားမှုကိုတရားစေချင်တယ်
မေတ္တာတရားကိုရင်မှာပိုးထားတယ်
ထူးဆန်းတဲ့ကဗျာတွေရေးတယ်
ကော်ဖီကိုနှစ်ခြိုက်တယ်
စီးကရက်ကိုစွဲလန်းတယ်
ပန်းတွေကိုမြတ်နိုးတယ်
နေကြာတွေကိုချစ်တဲ့အမျိုးသမီးလေးကို
ရူးရူးမူးမူးချစ်တယ် နောက်ပြီး
ကျွန်တော်ဟာအမြဲကွဲထွက်နေတဲ့ကောင်
တစ်နည်းအားဖြင့် ဆန့်ကျင်ရေးသမား
တစ်ခွန်းတည်းပြောရရင်
သေခြင်းတရားကိုသေစေချင်နေတဲ့ကောင်
-ကျွန်တော်
No comments:
Post a Comment