Wednesday, July 27, 2022

လှိုင်သာယာ

လှိုင်သာယာ

ရန်ကုန်မြို့နဲ့နှိုင်းရင်
လှိုင်သာယာဆိုတာ  မြိုင်ရာဇာပဲ
ကဗျာမဆန်တဲ့ တာဇံတွေနေတဲ့အရပ်။
ကမ္ဘာစစ်ကိုမကြုံဖူးပေမဲ့
နာဂစ်ကိုဆုံဖူးတဲ့  မြစ်ဝကျွန်းပေါ်ပျံကျတွေ၊
ရေကြည် မြက်နုရာ  .....
လယ်ကိုပစ်လို့ စက်ရုံရှာတဲ့   အညာမွန်ဂိုတွေ၊
ရွှေ့ပြောင်းအခြေချသူတွေစုဝေးရာ  လှိုင်သာယာဆိုတာ
မြန်မာပြည်ရဲ့ ထောပတ်စော်မနံတဲ့ နယူးအဂ်လန်ပေါ့။
လှိုင်သာယာမှာ  ကြယ်ငါးပွင့်ဟိုတယ်မလို
အသီးအရွက်ကလေးနဲ့ မီးခွက်စျေးပဲလိုတယ်။
ရိုးစင်းပုံက ....
မလိုင်မပါတဲ့ အသင့်သောက်လဘက်ရည်လိုမြို့၊
လူမိုက်ပေါတယ်လို့လဲ
ဒူးရင်းသီးအခွံလို နာမည်ပျက်တဲ့မြို့၊
တခါတလေ သူ့ကိုယ်ပေါ်က ဒုစရိုက်တွေကို
အလုပ်သမားသပိတ်တွေနဲ့ဆေးကြောတတ်သေးတယ်။
ကျူးကျော်ရပ်ကွက်နဲ့  ချွေးစက်တွေ
မသေရုံထမင်းတနပ်နဲ့  ချက်အရက်အနံ့တွေ
စက်ရုံမီးခိုးနဲ့ သွေးထွက်သံယိုရန်ပွဲတွေဟာ
လူယဥ်ကျေးတို့ဒေသမှာ မရနိုင်တဲ့
လှိုင်သာယာရဲ့ စပါယ်ရှယ်မီနူးတွေပါပဲ။
ရွှံ့စင်မှာစိုးသူတွေ ခြေမချတဲ့အရပ်ကို
ကမ္ဘာကျော်မင်းသမီး ဂျိုလီလာတယ်
ဒေါ်အောင်ဆန်းစုကြည်လာတယ်။
အဲသလိုမြို့ဟာ ......
မြန်မာ့နွေဦးတော်လှန်ရေးမှာ
"သားရေကြိုးတင်းအောင်ကိုင်"
မိန်းမတွေက နှုတ်စကားကြမ်းကြမ်း
ယောကျ်ားတွေက တုတ်ဓါး တရမ်းရမ်းနဲ့
ကလေးလူကြီးအကုန် သွေးအတူနီးပုံက
"ဖိရင်ကြွမယ်  ထိရင်ချမယ်"တဲ့
ပထမဆုံးခုခံစစ်ဟာ  အဲဒီမှာ ကန့်လန့်ကာဖွင့်ခဲ့တယ်။
အစွန်းထွက်တန်ဘိုးသီအိုရီကို အနံ့မခံဖူးပေမဲ့
သေမထူးနေမထူး ဒသနဆိုတာ သူတို့ကွမ်းတံထွေး။
အင်အားကြီးတိုင်းသာ အရှုံးပေးရရင်
သမ္မာကျမ်းထဲမှာ စစ်ဘီလူးကြီးဂိုလိယက်ကို
သိုးကျောင်းသားဒေးဗစ်နိုင်စရာမရှိ။
အခြေခံလူတန်းစား မပါတဲ့တော်လှန်ရေးဆိုတာ
အတောင်ပန်မပါတဲ့ငှက်ပဲ။
"ငါသေရင်
ငါ့အနောက်ကကောင်
မင်းကိုခုတ်မယ်"(ပိုစတာ)
အလံနက်လွှင့်လိုက်ပြီ
အမှန်ဘက်ကအသင့်။
ပြောမဆုံးပေ အမောဆုံးနွေမှာ
တတောလုံးဝေမယ့်သူတွေ။
သေလဲအဆန်းမဟုတ်
မကြွေရဲပဲ ပန်းမလုပ်။

-သစ္စာနီ 
(10.6.21)

9 comments:

  1. ရင်ထဲမှာ ခွန်အားစာပေ နွေဦးတော်လှန်ရေး အတွက် လှိုင်သာယာက သူရဲကောင်းများနယ်မြေပဲ

    ReplyDelete
  2. သူရဲ​ကောင်းများအားလုံးကို ဦးညွှတ်ပါ၏

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...