Wednesday, July 27, 2022

ချေဂွေဗားရား

ချေဂွေဗားရား

လူတိုင်းသေရမယ်ဆိုတာသိပြီးသားမို့ ဘာဆန်းလို့တုန်း
ဘယ်လိုသေရမယ်ဆိုတာသာ ဆန်းရတယ်။

မင်းတို့ငါ့ကိုသတ်ပစ်မယ်ဆိုတာ
တော်လှန်ရေးမစခင်ကတည်းက ငါသိခဲ့တာပဲ။

လူဆိုတာ ကျည်ဆံနဲ့မသေလည်း
နောက်တစ်နည်းနဲ့ သေချာပေါက် သေရမှာသေချာ။

ဥပမာ
ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတုန်း
ခေါင်းပေါ်ပန်းအိုးတစ်အိုး ပြုတ်ကျလာပြီး သွေးအိုင်ထဲ နှင်းဆီတွေပွင့်ထွက်သွားသလိုပေါ့။

ဥပမာ
ပင်လယ်ရဲ့ညနေဆည်းဆာကို ထိုင်မျှားနေရင်း
ဧရာမလှိုင်းလုံးကြီးရဲ့ ခုန်အုပ်စားသောက်ခြင်းကိုခံလိုက်ရတဲ့ လူအုပ်ကြီးလိုပေါ့။

ဥပမာ
ဒဏ်ခတ်ခံထားရတဲ့ဒဏ်ရာတွေ ဒဏ်ခံကြိုးတစ်ချောင်းစီက ပြတ်ထွက်
ညဘက်ဒေတာတစ်ခုလုံး နံရံတစ်ခုတစ်ခုထဲပြေးဝင် ပြဲထွက်သွားသလိုပေါ့။

ရပါတယ်။
မရတာက
ခင်ဗျားတို့ဘက်ကအော်သံတွေက
ကျုပ်လက်ထဲက ဆေးထိုးအပ်ကိုလွတ်ကျစေခဲ့တာပဲ။

ဒါကြောင့်
ကြံခင်းတွေထဲမှာ ဆေးပြင်းလိပ်ကြီးခဲပြီး
အရုဏ်ဦးကိုဆွဲဖွင့်နေသူ ကိုယ့်လူကြီးဆီကျုပ်သွားခဲ့ရတာပေါ့။

လူဆိုတာ လူကိုကာကွယ်ရမယ်။

ဒီ့အတွက် ကျုပ်မှာ နိုင်ငံမရှိ။
ဒီ့အတွက် ကျုပ်မှာ သက်သေခံအထောက်အထား အိမ်ထောင်စုဇယားမရှိ။
ဒီ့အတွက် ကျုပ်မှာ ကျုပ်မရှိ။

ဒီ့နောက်မှာ ကျုပ်ဦးထုပ် ခင်ဗျားကိုခေါင်းပေါ်ရောက်နေမှာကို ကျုပ်မသိ။
ဒီ့နောက်မှာ ကျုပ်အလောင်း ခင်ဗျားတို့ပြတိုက်ထဲရောက်သွားမှာကို ကျုပ်မသိ။
ဒီ့နောက်မှာ ဒီနာမည်ဟာ တော်လှန်ရေးရဲ့သင်္ကေတဖြစ်သွားမှာကို ကျုပ်မသိ။
 
လူငယ်တို့
အရေပြားပေါ်ကျုပ်အရုပ်ကို လှီးထည့်ထားရုံနဲ့ တော်လှန်ရေးကအဆုံးမသတ်နိုင်ဘူး။
မတရားမှုဟာ
တစ်ချင်ခြင်းသွားနေတဲ့ နာရီတစ်လုံးတည်းက စက္ကန့်လက်တံ
တစ်ချောင်းလိုပဲ
အကြီးမားဆုံးခရီးသွားတစ်ဦးအဖြစ် ကမ္ဘာထဲ ဆက်သွားနေ
လိမ့်ဦးမယ်။
သတိမရှိရင် သေမယ်။
သတိရှိရင် ရှင်မယ်။ သတိရှိကြ။

ကျုပ်ဇနီး အလိုင်ဒါကိုလည်းပြောလိုက်
ကလေးတွေကို ပညာတတ်အောင်သင်
သူလည်းနောက်အိမ်ထောင်ပြုလိုက်လို့။

ကဲ တစ်ချက်တည်းနဲ့ ကြွင်းဝင်အောင် စိမ်တတ်သူကြီးတို့
တစ်ချက်တည်းနဲ့ ငါ့ကိုရအောင်ယူလိုက်တော့။
အဲ့ဒီလို ကျုပ်သူတို့ကို အော်ပြောလိုက်တဲ့အသံဟာ
ခင်ဗျားတို့ရှေ့မှာ ဒီနေ့အထိ ပြန့်ကျဲနေဆဲလေ၊
မဟုတ်ဘူးလား သေနတ်သံတွေအဖြစ်နဲ့။ ။

-ခရမ်းပြာထက်လူ

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...