Saturday, October 1, 2022



ကိုယ့်ရဲ့ ဒုက္ခကိုပဲ ဗဟိုပြုပြီး
စိတ်ဆင်းရဲမပျော်ရွှင်နိုင် ဖြစ်နေတာထက်စာရင်
ကိုယ့်ထက်ပိုပြီး ဆင်းရဲဒုက္ခ ရောက်နေသူတွေကို
ကူညီဖြည့်ဆည်းပေးကြည့်ပါ

ကိုယ့်ရဲ့သောကတွေ တစ်စထက်တစ်စ
လျော့ပါးလာမှာ သေချာပါတယ်



San Zuren 🌸

#အမှန်တရားပေါ်ကကဗျာများ

#အမှန်တရားပေါ်ကကဗျာများ

တခါတရံ လမ်းစပျောက်သူတွေကို
ယုံကြည်မှုနဲ့တွဲထူ
ချစ်ခြင်းတရားနဲ့ အလင်းပေး
မျှော်လင့်ချက်တွေနဲ့ ရှေ့ဆက်နိုင်စေဖို့ရာ
အပြန်အလှန်နားလည်ပေးနိုင်တဲ့
လူသားဆန်ဆန် ကဗျာတွေ
ဒီတစ်မိုးအောက်မှာရှိတယ်။

မတရားမှုကို တော်လှန်
ရဲရဲတောက် တိုက်ပွဲ​ဝင်​နေတဲ့
သူရဲကောင်းတွေကို 
စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်
ကဗျာတွေရှိသလို
အာဇာနည်တွေအားလုံးရဲ့
သမိုင်းမော်ကွန်းကို ကမ္မည်းထိုး
ဘယ်တော့မှ 
အမေ့ပျောက်ခံ မဖြစ်​ရလေအောင် 
အမှတ်ရနေစေမယ့် ကဗျာတွေဟာလည်း 
ငါတို့နှလုံးသားထဲမယ် ရှိသေးတယ်။

အာဏာရှင်စနစ်ဆိုးကို ဇီဝိန်ချွေဖို့အရေး
တရားမျှတမှုအတွက် တော်လှန်နေတဲ့
ကဗျာတွေဟာလည်း ဒီကာလဆိုးကြီးထဲ
ကျည်အပြည့်ဖြည့်ထားတဲ့ လက်နက်တွေအလား 
ဘယ်တော့မှ လက်လျော့မသွား 
တရားမျှတပြီး လွတ်လပ်ခွင့်ရဖို့ 
တိုက်ပွဲဝင်နေကြဆဲ။

ခေတ်အဆက်ဆက်
အမှန်တရားအတွက် ကဗျာရေး
ထောင်အကျခံ အသက်ပေးခဲ့တဲ့
ကဗျာဆရာတွေနဲ့ ကဗျာတွေဟာ
အမှန်တရားနဲ့ ကဗျာတွေကို 
မြတ်နိုးသူတွေတိုင်းရဲ့
ရင်ထဲမှာရော သမိုင်းမှာပါ 
ရှင်သန်နေဆဲဖြစ်သလို 
"အဆုံးထိတိုက်မယ် 
ငါတို့နိုင်ကိုနိုင်မှာလို့" ယုံကြည်ထားတဲ့
ငါတို့အယောက်စီတိုင်းဟာ
ဒီကဗျာဆရာတွေရေးထားခဲ့တဲ့ 
အမှန်တရားရဲ့ လမ်းပေါ်မှာ
တိုက်ပွဲဝင်နေတဲ့ ကဗျာတွေသာဖြစ်တယ်။

#POSEIDON

Thursday, September 29, 2022

"ခေါင်မိုးထက်က မိုးသံ"



"ခေါင်မိုးထက်က မိုးသံ"

ပြောလက်စကားတွေ တစ်ပိုင်းတစ်စနဲ့ပဲ 
ရပ်လိုက်တော့ တစ်နေရာရာ သွားစရာရှိသေးရင်လည်း မေ့လိုက်တော့ 
ဘာသတင်းပဲ လာနေနေ ဘာသီချင်းပဲ လွှင့်နေနေ 
ရေဒီယိုကိုလည်း ပိတ်လိုက်တော့ 
အပြင်က ပြန်လာသူဆိုရင်လည်း ရေစိုနေတဲ့ခေါင်းကို သုတ်ပြီး 
ဗီဒိုထဲက ခြောက်သွေ့တဲ့ ဝတ်စုံတစ်စုံ လဲဝတ်
ငြိမ်ငြိမ်လေးသာ ထိုင်နေလိုက်တော့

ကွန်ကရစ်နံရံတစ်ခုလိုထူတဲ့ မိုးသံက 
ပထမတော့ နံဘေးအိမ်တွေကို 
နောက်တော့ အိမ်အပြင်လောကတစ်ခုလုံးကို ကာဆီးပစ်လိမ့်မယ် 
လက်ခုပ်သံတွေ အများကြီးရခဲ့တဲ့နေ့ပဲ ဖြစ်ဖြစ် မနက်ကတည်းက
ကခုန်မြူးထူးနေရတဲ့ ပွဲတော်တစ်ခုပဲဖြစ်ဖြစ် အိမ်အပြင်မှာကျန်ခဲ့ပြီ 
မှတ်ဉာဏ်ထဲက အနှစ်နှစ်အလလ ပုံရိပ်တွေတောင်မှ 
သတင်းစာတစ်စောင်လို ဖရိုဖရဲလွင့်ပါနေလို့ နောက်ဆုံးတော့ ပြင်းထန်တဲ့ မိုးသံကိုပဲ နားထောင်နေရပြီ
ဒီလိုအချိန်မှာတော့ 
ပြတင်းပေါက်တွေ လိုက်ပိတ်
ပခုံးတွန့် လက်ပိုက်လျက် မငြိမ်သက်တဲ့ မီးသီးတွေကိုပဲ 
လိုက်ကြည့်နေရုံရှိတော့တယ် မဟုတ်လား
မနက်ဖြန်ရောက်ဖို့လည်း အဝေးကြီးလိုသေးရဲ့

ခေါင်မိုးပေါ်က တဝုန်းဝုန်း မိုးသံဟာ 
အမိုးတစ်ခုတည်းအောက်မှာ အတူတူရှိနေတဲ့ လူတွေကိုတောင် 
တစ်ယောက်စီဖြစ်သွားတဲ့အထိ ခွဲထုတ်လိမ့်ဦးမယ် 
သိပ်မြဲမြံစွာ ဆုပ်ကိုင်ထားတဲ့လက်တွေ မဟုတ်ဘူးဆိုရင်ပေါ့။  ။

-မောင်ယုပိုင်

Collage By Poetry Cafe

ကျနော်က တော်လှန်ရေးသမား

ကျနော်က တော်လှန်ရေးသမား 

ကျနော်က တော်လှန်ရေးသမား 
ကျနော်က တော်လှန်ရေးသမား 
ကျနော်က တော်လှန်ရေးသမား 
သုံးကြိမ် ရွတ်ဆိုပါတယ် ။ 

ကျနော်က တော်လှန်ရေးသမား 

ကျနော့်ကို လက်ဆွဲနှုတ်ဆက်လာတဲ့ သူတွေကို 
ပြန်ပြီး လက်ဆွဲနှုတ်ဆက်မယ် 
ကျနော့်လက်ကိုဆွဲပြီး လက်ထိပ်လာခတ်ရင်တော့
အဲ့ဒိသူရဲ့ ခေါင်းထဲ ကျည်တစ်တောင့် ပစ်သွင်းလိုက်မယ် ။ 

လက်ထိပ်ဆိုတာ 
ဖမ်းချင်ချုပ်ချင်နေတဲ့ သူတွေဆီမှာပဲရှိတာ 
ကျနော်တို့ဆီမှာ ကြိုးတွေပဲ ရှိတယ် 
အဲ့ဒါ နှောင်ကြိုးတွေပဲ 
နှောင်ကြိုးတွေဟာလည်း ပြတ်တောက်ခဲ့တာ ကြာပေါ့ ... 

ကျနော်ဟာ တော်လှန်ရေးသမား 
ကျနော်ဟာ တော်လှန်ရေးသမား 
ကျနော်ဟာ တော်လှန်ရေးသမား 
သုံးကြိမ်ရွတ်ဆိုတယ် ။ 
                                                                #ဗာဂို

ငါ့စျာပနမှာ ကဗျာဖတ်ပါ

ငါ့စျာပနမှာ ကဗျာဖတ်ပါ
____

ဘဝဟာ
ဘာမှမဟုတ်တဲ့ ဗလာကြီးပဲ
ဘယ်အရာမှလည်း မမြဲခဲ့ ၊

ငါ့စျာပနာမှာ ကဗျာဖတ်ပါ
ငါ့သက်မဲ့ခန္ဓာကိုယ်ကြီးကို မလွမ်းဆွတ်စေချင် ။

သက်ရှိသတ္တဝါတွေဟာအားလုံး
သေချာကြည့်လိုက်ရင် ဘယ်တွေများကွာခြားသွားသလဲ
ဖြစ်ပြီးပျက်တဲ့ ခရီးသွားတွေပဲ ၊

နာရီတွေကသူ့ဘာသာသူ အလုပ်လုပ်တယ်
သဘာဝတရားကြီးက သူ့ဘာသာသူ လည်ပတ်တယ်
ရှေ့ကိုနှစ်တစ်သန်းလောက်ခဏပြေးပြီး
လက်ရှိဘဝကြီးကို ကြည့်လိုက်ရင်
သွေးရူးသွေးတန်းနဲ့ဘဝကြီးဟာ
မြေကြီးပဲဖြစ်နေမှာ အသေချာ ။

ဒီတော့ ချမ်းသာခြင်းဟာ နတ္ထိ
ဆင်းရဲခြင်းဟာ နတ္ထိ
မာန်မာနတွေဟာ နတ္ထိ
အဆင့်အတန်းတွေဟာ နတ္ထိ
ပိုင်ဆိုင်သမျှအရာတွေဟာ 
တစ်ချိန်ချိန်တော့ ထားခဲ့ရရိုး အမှန် ၊

လောကဓံတရားအားလုံးကို
ကဗျာနဲ့‌ ပေါင်းစပ်ခံစားစေချင်တယ်
ဒါဟာ...ငါ့‌သေတမ်းစာ
နောက်ဆုံးနာရီများရဲ့အခြားဘက်မှာ
ငါ့သက်မဲ့ခန္ဓာကိုယ်ကြီးနားမှာ ကဗျာတွေဖတ်ပါ ။

-ကောင်းထက်


လျှို့ဝှက်စာ



လျှို့ဝှက်စာ 

ခွေးသေဝက်သေ သေကြရတာတွေ
ခွေးလိုဝက်လို နေကြရတာတွေ

ဒါဟာ ဘဝပဲ
ဒါဟာ လောကဓံပဲ
ဒါဟာ အတိတ်ကံပဲ 
ဒါဟာ ပယောဂပဲ လို့

ရွာခေါင်ခေါင်က ရွှေကျောင်းပြောင်ပြောင်မှာ အိုင်ဖုန်းလေးပွတ်ရင်း
ဟောကြားသွားတဲ့ ဆရာတော်ဘုရားရဲ့သင်္ခါရတရားမှာ
နေတတ် ကျေနပ် အသေမြတ်လိုက်ကြတယ်

ပလက်ဖေါင်းခေါင်းအုံးနေတဲ့ ဗေဒင်ဆရာဆီမှာ 
ဘဝရှေ့ရေး အဖြေရှာလိုက်ကြတယ်

အရက်ဝိုင်းမှာ ဇက်ကျိုးနေတဲ့ဆရာကြီးကို သွားပင့်
သူ့ဆေးကြိမ်လုံးရှေ့မှောက် ပြုစားမိတဲ့ ကျွန်တော် ကျွန်မတို့ နောင်တရလိုက်ကြတယ်

ကမ္ဘာကြီး လုံးသလား ပြားသလားတောင် ကောင်းကောင်းမသိတဲ့
ရှေးလူကြီးနဲ့တိုင်တိုင်ပင်ပင် ခေါပတောင်းပစ်/အုန်းပွဲဆက်
ကောင်းသောအိပ်မက် မြင်မက်လိုက်ကြတယ်

ကွမ်းတံတွေးပေနေတဲ့ပါးစပ်ကို လက်ဖနောင့်နဲ့ဆွဲသုတ်
လက်ကို ထမီမှာပြန်သုတ်ပြီး
အိမ်ရှေ့နတ်ကနား ရှိရာ ထွက်လာတဲ့ အမေ့ဆီမှာ
အဖြစ်ဆိုးတွေ မေ့ပျောက် ပူးဝင်ကခုန်ပစ်လိုက်ကြတယ်

ပက်လက်ကုလားထိုင်မှာ ကျောခင်းလိုက် ခြေဆင်းလိုက်နဲ့
အလုပ်အကိုင်နဲ့ဝင်ငွေအတွက် ရွှေအိုးပုံတွေ ရွှေလိပ်ပုံတွေ ရှယ်ပစ်လိုက်တယ်

ကာကွယ်ဆေးအစား
သူငယ်နာကျမ်း

အသက်ကယ်အင်္ကျီအစား
လှေဦးမှာ ပိတ်စအနီသာချည်ထား

ရှေးဦးသူနာပြုအစား
ဆေးကြိမ်လုံး

ဆေးပေးခန်းအစား
နတ်ခန်း

မိုက်ခရိုစကုတ်အစား
အကြားအမြင်ဆရာ

ဆန်ဂမန်ဖရွိုက်အစား
ပုဂ္ဂိုလ်ထူးတွေပေးတဲ့အိပ်မက်

အိုင်းစတိုင်းအစား
နတ်ရထား

ချားစ်ဒါဝင်အစား
လူဟာ ဗြဟ္မာက ဆင်းသက် ဝက်စားကျင်းထဲက ပြန်လာ

ကိုယ်ချင်းစာတရားအစား
ရွှေပြည်အေးတရား

ကယ်တင်ရှင်နဲ့ ဝိညာဉ်လောကကို မယုံလို့
သရဲအခြောက်ခံရတာတို့ ဝဋ်လည်တာတို့
မလေးရှားစုန်းကားနဲ့ စတီဖင်ကင်းဝတ္ထုထဲမှာပဲ ရှိတယ်

တကယ့်ဘဝမှာတော့
ဆရာတွေများ
ခွေးသေဝက်သေ သေကြ
တစ်ကျောင်းတစ်ဂါထာနဲ့
ခွေးလိုဝက်လိုနေကြ
ဒါဘဝပဲလို့
သူတို့လက်ခံထားကြတာ
မင်းတို့လက်ခံလား 

အနှစ်သုံးဆယ်အတွင်း ဦးနှောက်တွေသေနေတဲ့ ဇွမ်ဘီတွေ
ဆိုရှယ်နက်ဝက်ခ်တွေက သိဒ္ဓိတင်ပေးပြီး
လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်လမ်းကနေ အလုအယက်ဝင်လာကြတယ်

စင်ပေါ်မှာ ဇွမ်ဘီတွေ
ဗုဒ္ဓပြန်ကြွလာရင်တောင် ဝင်းခိုင်ဦးလောက် ကိုးကွယ်သူရှိမှာမဟုတ်

ဒီတစ်ခါ
မြန်မာလူငယ်မျိုးဆက်တွေရဲ့ နော်မန်ဒီကမ်းအတက်မှာ တိုက်ရမှာက
အထက်စီးကနေရာယူထားတဲ့ Hypocrite တွေ 

Enter the Drangon ထဲက ဘရုစလီလို
ရန်သူစခန်းမှာ ပထမဆုံးရင်ဆိုင်ရမှာ 
မှန်ခန်းထဲမှ မင်းတို့ကိုယ်ပွားများစွာ

ငါက အခု ကြောင်သူတော်တွေရဲ့ သုံ့ပန်းစခန်းမှာ
လွတ်လမ်းရှာနေတယ်
ခွေးလှောင်အိမ်ထဲမှာ ဘာသာရေးဘိန်းအထိုးခံထားရတဲ့ အပြစ်မဲ့ပြည်သူတွေနဲ့အတူ
မင်းတို့ရဲ့ရဟတ်ယာဉ်ကို ငါမျှော်နေတယ် 
ဒီစာကို ဖတ်ပြီး ချက်ချင်းမီးရှို့လိုက်။

#မောင်ယုပိုင် 

#Collage Byကဗျာဖတ်ရင်းလှူ


ကျနော်တို့ တစ်ယောက်ကိုတစ်ယောက်က
မေ့လျော့သွားခဲ့ကြရင် ဘယ်လိုလုပ်မလဲ။
အထူးသဖြင့် အစ်မက ကျနော့်ကို။
ဒါမှမဟုတ် ကျနော်က အစ်မကို။ 
မေ့လျော့သွားကြတဲ့အခါ ဘယ်လိုလုပ်ကြမလဲ။ အက်စစ်မိုးတွေ ရွာသွားမှာလား။
စကားလုံးတွေတိုင်းဟာလည်း 
တစ်ယောက်ဆီကနေ ကျန်တစ်ယောက်ဆီကို 
မရောက်ရှိသေးခင်မှာပဲ အငွေ့ပျံ 
ပျက်သုဉ်းသွားကြမှာလား။ 
အတိတ်ကာလတုန်းက ကျနော်တို့ 
ဖွင့်ကြည့်ဝင်ရောက်လို့မရခဲ့တဲ့ ဦးနှောက်ရဲ့ 
အခန်းတစ်ခန်းထဲ လွင့်ပျံ့နေမယ့် ခန္ဓာကိုယ်နှစ်ခုရဲ့ ပူနွေးတဲ့ အငွေ့အသက်နဲ့ တိုးတိတ်ညင်သာစွာ 
ကြားနေရမယ့် John Lennon ရဲ့ Oh My Love ဆိုတဲ့ သီချင်းသံ။ 
Oh my lover, for the first time in my life ပါပဲ အစ်မ။ 
ဒီသတ္တလောကကြီးထဲက ရှိရှိသမျှ 
ရန်သူတွေ အကုန်လုံးကို မေ့ထားနိုင်ခဲ့ကြပြီးမှ 
တစ်ယောက်နဲ့တစ်ယောက် ကုတ်ခြစ်တွန်းထိုးမိသွားကြတဲ့ အချစ်ရဲ့ အံ့ဩဆန်းကြယ်တဲ့ ကျိန်စာကို 
ကျနော်တို့ ရရှိခဲ့ကြတယ်။ 
စိတ်တွေဟာ သိပ်တုန်ရီလွယ်ကြတာပဲ။ 
'ကျေးဇူးပြုပြီး ကားတံခါးကို အကျယ်ကြီးမြည်အောင် မပိတ်ပစ်ပါနဲ့ အစ်မရယ်'လို့ ဒက်ရ်ှဘုတ်ပေါ်က 
ပြုံးတော်မူနေတဲ့ ဘုရားရုပ်တုလေးကို 
ကျနော် ငိုရှိုက်ရင်း တဖွဖွပြောခဲ့။ 
ပြီး၊ ငရဲကို တစ်ယောက်တည်း မောင်းထွက်ခဲ့မိတယ်။ ကျနော့်ရဲ့ စိတ္တဇကို တားဆီးနိုင်တဲ့ ယာဉ်ထိန်းရဲ မရှိဘူး။ ကျနော့်ရဲ့ ဒဏ်ရာထက် ပိုနက်ရှိုင်းတဲ့ 
ချောက်ကမ်းပါး မရှိဘူး။ 
ကျနော့်ရဲ့ နှလုံးသားထက် ပိုမာကျောတဲ့ 
လမ်းမီးတိုင် မရှိဘူး။ 
နောက်ပြီး ကျနော့်ရဲ့ အလွမ်းထက် ပိုကျယ်ပြန့်တဲ့ လမ်းမတွေလည်း မရှိခဲ့ဘူး။ 
ဝန်ခံပါတယ် အစ်မ။ 
ဒီထက်ပိုပြီး မူးယစ်ဆေးဝါးဒဏ်တွေ 
ကျနော် မခံနိုင်တော့ပါဘူး။ 
အစ်မကို မေ့ရတာဟာ ကိုယ့်နာမည်ကိုယ် 
မေ့ရတာထက် နာကျင်ခံခက်ခဲ့တယ်။ 
ကောင်းကင်၊ ပင်လယ်၊ အသက်ခပ်လတ်လတ်အရွယ် မိန်းမတစ်ယောက်ရဲ့ ဂျင်းပင်န်၊ မီးခြစ်၊ မိုးပျံပူဖောင်း။ ကျနော် ပြောပြမယ်။ 
မှတ်ဉာဏ်ကလွဲရင် ကျန်တဲ့အရာအားလုံး 
အရောင်ပြောင်းလွယ်ကြတာချည်းပါပဲ။ 
ကျနော် ရိုးရိုးသားသားပဲ သိချင်မိတယ်။ 
လူဦးရေမွေးဖွားနှုန်း ပေါက်ကွဲထွက်နေတဲ့ 
ဒီကမ္ဘာကြီးထဲမှာတောင်မှ ကျနော်တို့ တစ်ယောက်ကိုတစ်ယောက်က ဘာကြောင့် ရှောင်လွှဲလို့ မရခဲ့ကြတာလဲ။ ဆူးလေမှာ၊ လှည်းတန်းမှာ၊ မြေနီကုန်းမှာ၊ 
ဆင်ရေတွင်းမှာ၊ စံရိပ်ငြိမ်မှာ။ 
ကျနော့်အတွက်တော့ အရာရာဟာ 
အရင်အတိုင်းရန်ကုန်ပါပဲ အစ်မ။ 
ပြည်လမ်းမကြီးဘေးက ပလက်ဖောင်းလေးတွေအကုန်လုံးကို ထွန်ယက်ခြစ်ခြပစ်လိုက်တဲ့အခါ 
တွေ့ရမှာဖြစ်တဲ့ (ဝါ) မြေအောက်ကမ္ဘာထဲက လောင်ကျွမ်းတောက်ပနေတဲ့ အလွှာတွေ၊ 
ထုံကျင်အေးစက်နေတဲ့ အလွှာတွေကို ဖြတ်ပြီး 
မြေသားထုအပေါ်ထိ ထိုးခွဲစီးဆင်းနေတဲ့ ကျနော့်ရဲ့ မှတ်ဉာဏ်အပိုင်းအစတိုင်းဟာ
 တသမတ်တည်းသောအရောင် ရှိကြပါတယ်။ 
ပြီးတော့ အဲဒီအရောင်ဟာလည်း ပြာလွင်ပြီး 
တဆစ်ဆစ် နာကျင်ကိုက်ခဲနေပါသေးတယ်။ 

#ဆစ်ခ်

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...