"ရန်ကုန်မုန့်ဟင်းခါး"
ဖိနပ်ရှိတဲ့ကောင်ကလျှောက်သွားတယ်
သေနတ်ရှိတဲ့ကောင်က လျှောက်ပစ်တယ်
နောက်ဆုံးတော့လမ်းပေါ်မှာ
ဖိနပ်ရယ် သေနတ်ရယ်ပဲကျန်ခဲ့တယ်
ဘယ်မှာလဲ လူဆိုတာလို့
ဒိုင်နိုဆောတွေကပြန်မေးနေကြပြီ
အဲ့မျက်မှန်နဲ့ကောင်ကလူပေါ့
အဲ့ဆံပင်အနက်နဲ့ကောင်ကလူပေါ့
အဲ့ယူနီဖောင်းနဲ့ကောင်ကလူပေါ့
အဲ့ရွှေသွားနဲ့ကောင်ကလူပေါ့
အဲ့မိုက်ခဲပြီးအော်နေတဲ့ကောင်ကလူပေါ့
အဲ့အသည်းကွဲနေတဲ့ကောင်က လူမဟုတ်ဘူး
အဲ့ခုခံနေတဲ့ကောင်က လူမဟုတ်ဘူး
အဲ့ချစ်စရာကောင်းတဲ့ကောင်က လူမဟုတ်ဘူး
ဘယ်သူကမှ ပြန်ဖြေနေတာတော့
မဟုတ်ဘူး
ဪ….စတုတ္ထလှိုင်းတောင်ရောက်လာပြီလားလို့
ဆေးဆိုင်လေးတစ်ဆိုင်က မေးနေရှာတယ်
ဝါးပင်တစ်ပင်ကတော့ ထင်ထင်ပေါ်ပေါ်ကြွားတယ်
စက္ကူတွေထဲမှာ ငွေစက္ကူဟာ စျေးအကြီးဆုံးပဲတဲ့
ကိုယ်ကစက္ကူပန်းဆိုတော့
မလွမ်းလည်းမတတ်နိုင်ဘူး
စက္ကူပန်းလေးက
ဆက်ကူရင်း ညည်းနေတယ်
ရေနွေးကိုအရင်ငှဲ့ထား
ဟင်းရည်နည်းနည်းအဆစ်ထပ်တောင်းပြီး
အကြော်တစ်ချက်ထည့်
ပြီးရင် အားပါးတရ မတ်တပ်ထရပ်ပြီး
ဘတ်စ်ကားပေါ်ကနေ
ရန်ကုန်ကိုထိုင်ငေးခဲ့မိတယ် ။ ။
-အောင်ခိုင်မြတ်
💀💀
ReplyDelete