နွေဦးစာ
ပန်းတွေဟာကြွေပြီးရင်အသစ်ပြန်ဝေတယ်
ငါတို့တွေကတော့အပိုမပါတဲ့အသက်နဲ့
အကြောက်တရားကိုရင်ခွဲကြည့်ကြတယ်
နှင်းဆီပန်းတွေကိုကိုယ်စီပန်ဆင်လို့
သေခြင်းတရားဟာဘာလည်းဆိုပြီး
အသီးသီးDiaryရေးသားကြတယ်
လမ်းချင်းတူလို့တွေ့ကြရတဲ့
မိတ်ဆွေတွေဟာအများသား
ဘောင်းဘီအိပ်ကပ်ထဲဟိုစမ်းဒီစမ်း
နှိုက်ကြည့်တော့ထွက်လာတာက
ငွေနဂါးတစ်လိပ်နဲ့ပီကေတစ်ခု
ကဗျာဆရာဟာကဗျာနဲ့ဘဲလိုက်ဖက်တာပါ
ငြိမ်းချမ်းခြင်းဟာတူတူပုန်းတမ်းဆော့ရင်း
နတ်ဖွတ်တဲ့အလင်းဖုံးသွားခံရတာလား
ကမ္ဘာကြီးဟာလည်းသူအနာနဲ့သူ
ပျော်ရွှင်မှုကိုမပျော်နိုင်တာပါ
နွေဦးဟာသစ်ရွက်တွေနဲ့အတူ
ကြယ်တွေကိုပါဖဲ့ခြွေနေတယ်
တို့ပြည်ဟာလူငယ်တွေဟာ သမိုင်းရဲ့
စာမျက်နှာတွေပေါ်မှာမှင်စက်တွေဖြစ်ရ
ရှင်သန်နေရတာ ငြီးငွေ့နေပြီ
တောထဲကရဲဘော်တွေကိုအားနာရတယ်
စစ်ဘေးရှောင်တွေကိုအားနာရတယ်
သံတိုင်ကြားကသူတွေကိုအားနာရတယ်
ကျဆုံးသူရဲကောင်းတွေကိုအားနာရတယ်
နွေဦးရေ ခြောက်သွေ့နွေးထွေးမှုကို
အိမ်အပေါက်ဝရှေ့ပြန်ထားပေးပါတော့
-ကျွန်တော်
No comments:
Post a Comment