2021 နွေဦးရာသီမြင်ကွင်းများ (၁၁၁)
(ငြိမ်သက်ခြင်းဖြင့် မကြုံကြိုက်လိုကြသူများအကြောင်း)
……..
NUG ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က သင်တန်းဆင်းပြီး၊ ငုတ်တုတ်ထိုင်နေကြရတဲ့ PDF တွေ၊ အောင်ပွဲရမှ ဘင်ခရာတီးပြီး မြို့ထဲ ဝင်လာကြမှာလားလို့ အားမလိုအားမရ ခနဲ့တဲ့တဲ့ပြောသံတွေကြားနေရပါတယ်။
တော်လှန်ရေးဟာ အဲကွန်းအခန်းလေးထဲထိုင်၊ လိုင်းပေါ်တက် ကိုယ်ထင်ရာ ဘလာဘလာပြောသလောက် မလွယ်လောက်ဘူးဆိုတာတော့ ခေါင်းလေး နည်းနည်းပါရင် တွေးတတ်မှာပါ။ (ကျွန်တော်လည်း အခန်းထဲထိုင်ပြီး ကိုယ်ထင်ရာ ဘလာဘလာပြောသူ ဂီလာန တစ်ယောက်ဖြစ်ကြောင်း ဝန်ခံပါတယ်။) ဒါပေမယ့် အပြစ်မတင်ရက်ပါဘူး။ သူတို့ကို နားလည်နိုင်အောင်ဘဲ ကိုယ်စွမ်းသမျှ ချဉ်းကပ်ပါတယ်။ အဲသလိုချဉ်းကပ်ရင်း နားလည်ပေးရင်းနဲ့ သူတို့ကို ခွန်အားတွေ ပေးကြရအောင်လား။ ခင်ဗျားရဲ့ အပြစ်တင် ဝါကျ တစ်ကြောင်းဟာ တစ်ဘဝလုံးပစ်ပြီး စတေးနေရသူတွေအတွက် တော်တော်နာကျင်လှစေကြောင်းသိရင်ပဲ ကောင်းလှပါပြီ။
LDF အင်အား ၁၀၀လောက်က NUG လက်အောက်က တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဆီ ပူးပေါင်းလိုက်ပြီလို့ အစဦးပိုင်းသတင်းတွေမှာပါလာတော့ လူတွေကလည်း အခြားဒေသလို စစ်ပွဲတွေဆာလောင်၊ အောင်ပွဲတွေ ဆာလောင်လာတာကြောင့် အားမလို အားမရဖြစ်နေတာလည်း ပါဝင်နိုင်ပါတယ်။
…….
ထားဝယ်ဟာ သပိတ်စစ်ကြောင်းတွေ စထွက်ကတည်းက အင်အားကောင်းကောင်းနဲ့ ပါဝင်ခဲ့တဲ့မြို့ပါ။ ခုချိန်ထိ၊ ထားဝယ် မြို့ပေါ်မှာသာ မယ်မယ်ရရ မလှုပ်ရှားနိုင်တာ (လှုပ်ရှားမှု မရှိတာတော့ မဟုတ်ဘူး) လောင်းလုံး၊ သရက်ချောင်းဘက်က ဆန္ဒပြပွဲတွေ နေ့စဉ်ရက်ဆက်မြင်/ကြားနေရတာပါပဲ။ ရွာတွေကို ဝင်စီးတဲ့သတင်း၊ ကိုရင်လေးပစ်သတ်ခံရတဲ့သတင်း။ ရွာတွေကို မီးရှို့ တောနင်းနေတဲ့ သတင်းတွေလည်း မြင်/ကြားနေရတာပါပဲ။ ဆိုလိုတာက တော်လှန်ရေးအရှိန်လျော့ကျနေတဲ့ နေရာတွေ မဟုတ်ဘူးလို့ ပြောချင်တာ။ ချင်း၊ ကချင်၊ ကယား၊ စစ်ကိုင်း၊ မကွေးတွေလို တိုက်ပွဲကြီးတွေနဲ့ ပြောင်မြောက်စွာ မတိုက်ခိုက်နိုင်ပေမယ့် သူ့အထွာနဲ့သူကတော့ တိုက်ပွဲ ဝင်လျက်ပါပဲ။
ဆန္ဒပြပွဲအပြီး လက်နက်ကိုင်တော်လှန်ရေးကိုရွေးချယ်သွားသူတွေဟာ KNLA တပ်မဟာ၄ ထိန်းချုပ်ဧရိယာကိုပဲ ပြေးလွှားပုံးခို အားကိုးရမှာပါ။ အဲ့ဒီက မွေးမြူလေ့ကျင့်ပေးမှုအောက်မှာ ရပ်တည်ကြရမှာပါ။ ဒါပေမယ့် မြေပြင်မှာ အားလုံးဟာ ဒီဖေါ်မြူလာအောက်မှာလားဆိုတာတော့ ကျွန်တော်တို့ မသိမြင်နိုင်ပါ။ ကိုယ့်သေနတ်ကိုယ်ဝယ်ကိုင်၊ ကိုယ့်ဒေသ ကိုယ်စိုးမိုးကာကွယ်ဖို့ ကြိုးစားရှင်သန်နေရသူတွေရှိကြောင်း၊ သတင်းတွေကနေ သိရပါတယ်။ KNLA တပ်မဟာ၄ဟာ တပ်မဟာ၅နဲ့ မတူပါဘူး။ တောက်လျှောက်အေးအေးငြိမ်ငြိမ်နေတဲ့ ဒေသပါ။ ABSDF ခေတ်မတိုင်ခင်ကတည်းက သစ်တောနဲ့ သယံဇာတတွေထုတ်ယူပြီး ရပ်တည်နေရတယ်ဆိုတာ စာအုပ်စာတန်းတွေထဲမှာ ဖတ်ရပါတယ်။ ဒီတော့ သူတို့ ရင်ထဲမှာ တပ်မဟာ ၅လို တိုက်ပွဲသွေးတွေ ဆူပွက်မနေပါဘူး။ အေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး စီးဆင်းချင်၊ စီးဆင်းနေပုံပါပဲ။ ဒီအနေအထားတွေမှာ သွေးပွက်ပွက်ဆူနေတဲ့ လိုကယ်ပီဒီအက်ဖ်တွေရဲ့ အားမလို အားမရမှုတွေနဲ့၊ သူတို့ဆီက လိုတဲ့အကူ လိုသလောက်မရနိုင်တဲ့ ပဋိပက္ခတွေရှိနေနိုင်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။
…..
သတင်းတွေက ပေးလာတဲ့ဒေသတွေကို ခုလိုခွဲမြင်ပါတယ်။
အပေါ်ဆုံးမှာ ဟာမြင်းကြီး သတ္တုမိုင်းနေရာ၊ ကျောက်မဲတောင်ရွာနေရာပါ။ လွန်ခဲ့တဲ့ စက်တင်ဘာ၁၇ လောက်မှာ စစ်တပ်က အဲ့ဒီဒေသတစ်ခွင်ရွာတွေကို ဝင်မွှေပါတယ်။ (ခမောင်းသွယ်ဒေသ၊ ရေဝိုင်း၊ မြေးခန္တီ၊ သစ်ကတိုး၊ ထန်းတစ်လုံး၊ တောင်ဖီလာ၊ သပြုချောင်း၊ ပျဉ်းသားတောရွာတွေပါ)။ ဒီရွာတွေဟာ KNLA တပ်မဟာလေ ထိန်းချုပ်နယ်မြေနဲ့ ထားဝယ်မြို့ဧရိယာကြားမှာရှိပါတယ်။ သူ့နယ်မြေ အပြင်ဘက်လို့ ပြောလို့လည်း ရပါတယ်။ ဒီလိုမွှေနှောက်မှုမှာ KNLA တပ်မဟာ၄ ရဲ့ ကားတွေကို အသုံးပြုသွားတယ်ဆိုတဲ့ သတင်းအချက်အလက်တစ်ခုလည်း တွေ့ရပါတယ်။ ငါ့ဒေသအပြင်ဘက်မှာ ဘာဖြစ်ဖြစ်ကွာလို့များ သဘောထားသလား မသိပါ။ အဲ့ဒီရွာစဉ်တွေမှာ လက်နက်အင်အား မပြည့်စုံသေးတဲ့ LPDF တွေရှိပါတယ်။ (ဒီသတင်းအချက်အလက်ဟာ ဘယ်လောက်မှန်နိုင်သလဲဆိုတာကတော့ မြေပြင်ကလူတွေ ပိုသိနိုင်မှာပါ။) ၀၃၁၁၂၁ နေ့မှာမှ မြေးခန္တီနဲ့ ဟာမြင်းကြီးရွာကြားမှာ မိုင်းခွဲတိုက်ခိုက်မှုတစ်ခုပြုလုပ်နိုင်ခဲ့တာတွေ့ရပါတယ်။ ဆိုတော့ အဲ့ဒီဝန်းကျင်မှာ တော်လှန်ရေးတပ်သားတွေရှိနေသေးတဲ့သတင်းကို အတည်ပြုနိုင်တာပါပဲ။
သူ့တောင်ဘက် စုံစင်ဖျား ဧရိယာမှာတော့ ဇူလိုင်လ၇ရက်ကတည်းက ရောင်းမော်ရွာမှာ တိုက်ပွဲဖြစ်ထားတာတွေ့ပါတယ်။ အောက်တိုဘာ ၅ရက်နေ့မှာ စော်ဖျားမှာ တိုက်ပွဲဖြစ်ပါတယ်။ ဒီနေရာမှာလည်း LPDF နောက်တစ်ဖွဲ့များလားလို့ တွေးမိပါတယ်။
အဲ့ဒီအောက် တောင်ဘက်ကို ဆက်ဆင်းလိုက်ရင် သရက်ချောင်းမြို့နယ်ထဲက တောင်ပျောက်၊ ချောင်းဝပြင်ဒေသကို ရောက်ပါမယ်။ အဲ့ဒီဘက်မှာတော့ တိုက်ပွဲစိတ်ပါတယ်။ ၀၇၀၉၂၁ မှာ စုံစင်နဲ့ တောင်ပျောက်။ ၁၂၀၉၂၁ သဲချောင်းကြီး။ ၃၀၀၉၂၁ ဝင်းကဖေါ၊ ၀၃၁၀၁၁ ကျွဲခြံ၊ ၀၆၁၁၂၁မှာ စုံစင်ဖျားနဲ့ သဲချောင်းကြီးကြား မိုင်းခွဲလမ်းဖြတ်တိုက်ပွဲတွေလို့ တွေ့ရပါတယ်။
ကိုယ့်ဝန်နဲ့ကိုယ့်အားနဲ့ ချင့်ချိန်ပြီး လုပ်လို့ရသမျှ လုပ်နေကြတာပါပဲ။ စစ်ပြေးဒုက္ခသည်တွေလည်း မိုးထဲလေထဲမှာပဲ ထောင်ချီရှိနေပါပြီ။
……
သူ့တောင်ဘက်ပိုင်းကို ဆက်ကြည့်လိုက်ရင် သေနတ်သံမြည်တာ ပုလောမြို့ဝန်းကျင်ပါ။ မြို့နဲ့ အတော်နီးပါတယ်။ ၀၇၀၉၂၁ က တိုက်ပွဲဖြစ်သွားတဲ့ ဒူးရင်းပင်ရှောင်ရွာ၊ ပိန္နဲတောင်ရွာတွေဟာ မြို့နဲ့ သုံးမိုင်လောက်ပဲဝေးပါတယ်။ အဲ့ဒီ့နားထိ လက်နက်ကိုင်တော်လှန်ရေးအင်အားတွေ ကြီးစိုးပါတယ်။ ၂၁ကနေ ၂၄၁၀၂၁ ထိ မိချောင်းသိုက်ရွာနားမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ၂၇၁၀၂၁ ကဆို စက်တော်ရာနဲ့ တပိုရွာကြားမှာ စကစ စစ်ကား (၇)စီး မိုင်းထိအောင်ခွဲခဲ့ပါတယ်။
ပြောချင်တာက အောင်ပွဲရဖို့ မီးလျံကြား ခွန်နဲ့အားနဲ့ ကျော်ဖြတ်သွားကြမှ ရမယ်ဆိုတာကို အားလုံးက နားလည်ယုံကြည်ထားကြပြီးသားပါ။
အရာရာမှာအကန့်အသတ်တွေကြားထဲ လှုပ်ရှားရုန်းကန်နေကြရတာမို့ ကိုယ့်စိတ်ဆန္ဒနဲ့ မကိုက်ညီတိုင်း အားမလို အားမရ အပြစ်တင်မစောလိုက်ကြပါနဲ့။ တော်လှန်သူတွေရဲ့ စိတ်ခွန်အားကို ကိုယ့်စာတစ်ကြောင်းကြောင့် အားမလျော့သွားကြပါစေနဲ့လို့ပြောချင်ပါတယ်။
ငြိမ်သက်ခြင်းဖြင့် မကြုံကြိုက်လိုကြသူတွေရဲ့ ရှေ့မှာ ဓမ္မဘက်တော်သားတွေ သယ်ဆောင်ပေးလာမဲ့ အောင်ပွဲ မုချရှိနေမယ်၊ ရောက်လာမယ် ဆိုတဲ့အကြောင်းလေး နှလုံးသွင်းထားကြဖို့ပါပဲ။
ပြည်သူအပေါင်း ဘေးကင်းရန်ကွာ ကျန်းမာစွာ ရှိကြပါစေ။

done
ReplyDeleteFighting 💪💪💪
ReplyDeleteclick Done
ReplyDeleteclick done
DeleteDone
DeleteDone🍀
ReplyDeleteDone
ReplyDelete