Thursday, September 15, 2022

သင်တို့ဘုရား ငါ မဖူး

သင်တို့ဘုရား ငါ မဖူး
___________________

ဓာတ်လား နတ်လား
ပညတ်လား ပရမတ်လား ဘာဘာညာညာ မကွဲပြား
သင်တို့ယောင်ခြောက်ဆယ်ဘုရား ငါ မဖူး

မင်းတဆက် တက်ရင်
နန်းမြို့ အသစ်ပြုမယ် နေပြည်တော် ရွှေ့မယ်
ဟူးရားတို့ဝါဒနဲ့ ယတြာဘုရားတည်မယ်
သင်တို့ဂြိုဟ်သိမ်ဂြိုဟ်ပဲ့ဘုရား ငါ မဖူး

မြင့်မြတ်သော အတုမရှိဗုဒ္ဓရှေ့
နာမဝိသေသနပေါက်လွှတ်ပဲစားတွေ တပ်ဆင်ထားပုံ
ဆုတောင်းပြည့် ဝဋ်ကြွေးကျေ အရူးပျောက်
စော်ကြည် ထီပေါက် နိဗ္ဗာန်ရောက်
အခု ငြိမ်းချမ်းရေးတဲ့လား
သင်တို့ကလေးကင်ပွန်းတပ်ဘုရား ငါ မဖူး

ဗုဒ္ဓကို မတွေ့ရှိလိုက်တဲ့
တီကောင်တွေ အထွေးလိုက် ရူးခါနေကြပုံ
အောက်တန်းစားဆန်တယ် ဆူညံတယ်
သမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပ ကင်းတယ်
သင်တို့ဖွဲအဖျဉ်းဘုရား ငါ မဖူး

မင်းခမ်းမင်းနားသဘင်ထဲက
ရွှေရောင်စူးကျင့်နေတဲ့ အာရာမ် ဆင်းတု စေတီ 
နတ်ကွန်းများ
ပလွှားဂုဏ်မောက်သော အရပ်၌ ဗုဒ္ဓ နေတော်မမူ
သင်တို့ဂုဏ်သရေရှိဘုရား ငါ မဖူး

ငြူစူတယ် ဝန်တိုတယ်
အပျော်အပါးကို လောက်တဖွားဖွား ရေအိမ်လို တပ်မက်တယ်
အချင်းချင်း ဆန့်ကျင်တယ် ခြေထိုး ဆွဲငင်တယ်
ဖိနပ်ကို လျှပ်တိုက်စီးသလို အတွေးအခေါ်ပါးလျားတယ်
သင်တို့ပညာမဲ့ဘုရား ငါ မဖူး

ဗုဒ္ဓ မိန့်တဲ့ မောဃပုရိသတွေ
ဗုဒ္ဓ စက်ဆုပ်တဲ့ တုစ္ဆပုဂ္ဂလတွေ
ဒီမိုကရေစီထက် ပိုစောတဲ့ ဂဏစနစ်အကြောင်း ပြောရင်း
နှစ်ယောက်ရှိ သုံးဂိုဏ်းခွဲကြည့်ချင်တဲ့ သူရဲကောင်းရူးတွေ
သင်တို့အယောနိသောမနသိကာရဘုရား ငါ မဖူး

မမြင်ဖူး မူးမြစ်ထင်သလို
ဗုဒ္ဓကို မသိမြင်လေလေ ဘုရား တ လေလေ
ချစ်သားတို့ရေ.. ဝေလေလေ
သပ္ပုရိသအပေါင်း မျောက်လောင်းတို့ရေ.. ဝေလေလေ
အေ.. သင်တို့ဝေလေလေဘုရား ငါ မဖူး

တရားဦးဓမ္မစကြာရဲ့အမှတ်အသား
စက္က(တရားစက်ဝန်း)အစား 
လော်စပီကာအပေါက်ဝိုင်းကြီးအား
အရှက်တရားမဲ့ ရွံ့ဖွယ်လိလိ တပ်ဆင်လဲလှယ်ကြ
သင်တို့အမနာပဘုရား ငါ မဖူး

ဗုဒ္ဓက လွတ်လပ်တော်မူလို့
ဗုဒ္ဓကို သင်တို့အလေအလွင့်ဘုရားက ကွယ်ပလို့

ဓမ္မက သဘာဝကျယ်ပြောလို့
ဓမ္မကို သင်တို့ကျဉ်းကျပ်ကျုံ့ဝင်သောတရားက ကွယ်ပလို့

အို ဆူညံသော အသုရကာယတို့
သင်တို့ ချီးပသောဘုရား ငါ ငြင်းဆန်ပါရဲ့
သင်တို့ ထိုးကျင့်သောတရား ငါ ငြင်းဆန်ပါရဲ့

အို ပိန်ဖျင်းသော ပေတတိရစ္ဆာန်တို့
ငါ့မှာ တဆူတည်းသော တိတ်ဆိတ်သူ ဗုဒ္ဓဟာ ရှိပြီးဖြစ်ရဲ့
ထို့ကြောင့် သင်တို့ဘုရား ငါ မဖူးလိုလို့။

-ကေဇဝင်း
(1982-2021)

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...