" အာဏာရှင်ရဲ့နာရေး "
#ခက်သီ
-ဇာတိရှိတော့
မရဏကိုသွားရတယ်
ကျန်နေသူတွေရဲ့ တုန့်ပြန်ပုံက စိတ်ဝင်စားဖွယ်
သခင်အောင်ဆန်းအစ
သခင်ကိုယ်တော်မှိုင်းအလယ်
ဦးဝင်းတင်အဆုံး
လူတွေ အုန်းအုန်းကျွက်ကျွက်
ဝမ်းနည်းတသလို့ မဆုံးကြ ။
-ဟို အဘိုးကြီးသေတော့
ဓားလည်းမပါတော့
လှံလည်း မပါတော့
သူ့စစ်တပ်ကြီးလည်း မပါတော့
လူ လေးငါးခြောက်ယောက်နဲ့
သမိုင်းဖျောက်သလို မီးရှို့လိုက်ရတယ်
လူတွေဟာ ကြိတ်ပျော်ကြလို့ ။
-ရှင်စဉ်က လွန်ကျွံခဲ့သမျှတွေ
အဖတ်ဆယ်လို့ မရတော့
အနေမကောင်းလို့
အလောင်းမလှခဲ့ကြသူတွေ
ကမ္ဘာကြီးမှာ လက်ညိုးထိုးမလွဲ
ကာဒါဖီသေစဉ်က လူရုပ်တောင်မပီတော့ ။
-တဘဝစံတွေရဲ့နာရေးဟာ
ကျော့ကော့နေအောင် ပူခဲ့ရသူတွေရဲ့
ပျော်ပွဲရွှင်ပွဲဖြစ်တယ်
ပညာရှိမျက်စိထဲက
အမှိုက်ဖတ်ထွက်ကျခြင်းဖြစ်တယ်
ကလေးသူငယ်တွေရဲ့
လှပတဲ့ အနာဂတ်မုဒ်ဦး
စစ်ပြေးဒုက္ခသည်တွေရဲ့
အိမ်အပြန်လမ်းဖြစ်တယ်။
-လောကကြီးသာ
တရားမျှတမယ်ဆိုရင်
မသေသင့်တဲ့သူတွေ သေခဲ့ကြပြီးပြီ
သေသင့်တဲ့သူတွေ သေတဲ့တနေ့ရှိရမှာပေါ့။
-အဲလို တနေ့ကျရင်
ကျွန်တော်ဟာ
မျက်ရည်ကျမိပါလိမ့်မယ်။
-သမ္မတကမ်းခြေမှာ
ပြန်လည်ဆုံစည်းကြပြီး
ညာသံတချက်ပေး
ဟေးခနဲ ပြိုင်တူအော်ရင်း
ဖန်ခွက်ချင်းတိုက်လိုက်ကြတဲ့အခါ
ဒီလိုနေ့ကို စောင့်ရင်းထွက်သွားခဲ့တဲ့
လက်မရွံ့ကဗျာဆရာတယောက်ကို သတိတရနဲ့
ကျွန်တော် မျက်ရည်ကျမိဦးမှာပါ ။ ။
#ခက်သီ
No comments:
Post a Comment