လောကဧည့်သည်
------------------------
တစ်ကိုယ်ရေစာ အတ္တတွေနဲ့
ဘဝအမောတွေနောက်
မျောနေအောင် လိုက်နေရပုံများ...
"ငါ့ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး
သက်တန့်ဖြစ်သွား ငါ့ကိုပြန်မျှားခဲ့ပေါ့"
ချိုလိုက်တာ ဆရာမောင်ချောနွယ်ရယ်
ဂန္တဝင်တွေပါပဲ ...
ကြောက်တယ်ဆိုပြီး လွယ်လွယ်နဲ့
လှည့်ပြန်မရတဲ့ ဘဝဆိုတာကြီးကို
ဆုပ်ကိုင်မိတဲ့အခါ သုံးမရတဲ့
ခေါင်းထဲကနေ နှစ်ချို့နေတဲ့
ဒဿန တွေနဲ့ ကျွန်တော့်အချိန်တွေ
လေလွင့်ဖူးတယ်...
ရှုံးမှာကြောက်လို့ သုံညလေး
တစ်လုံးရှေ့က ဖြတ်မလျှောက်ရတဲ့
တစ်ကောင်လိုပေါ့...
သိမ်ငယ်စိတ်တွေနဲ့ပဲ
နှလုံးသားနဲ့ ကဗျာတွေကို
လိုက်ရှာမိတဲ့အခါ
ကိုယ့်ရင်ဘက်ကပဲ ထွန်သွား
ကိုယ့်ရင်ဘက်ကိုပဲ လယ်ပြန်ထွန်...
ဒီလိုနဲ့ပဲ လူတွေမျက်နှာပေါ်က
ကမ္ဘာကြီးကို
ကျွန်တော်လည်းလေ
မယုံကြည်တက်တော့ဘူး...
မာယာတွေ ရစ်သိုင်းထားတဲ့
လောကဓံ တရားအောက်မှာ
ဘယ်လူသားမှ
ဒဏ်ရာ မကင်းခဲ့ပါဘူးတဲ့
ကိုတာရာမင်းဝေလည်း ပြောဖူးတယ်...
အဲ့ဒီလိုပါပဲ
ဒဏ်ရာတွေကို လိမ်းကျံရင်းနဲ့
အဇ္ဈတ္တမှာ အတ္တတွေကလည်း
အစွန်းတွေ ထွက်နေစမြဲ ...
တကယ်တော့ ဘဝ ဆိုတာ
ကောင်းကင်နဲ့ ငရဲ ကြားမှာ
"ဝိဝါဒ" အမျိုးမျိုးတွေနဲ့
ကွဲပြား နေစရာလည်း မလိုအပ်...
ဗန်ဂိုး ရဲ့ စကားအတိုင်းပါပဲ
သစ်ပင် မဟုတ်ဘူး
ဒါပေမယ့် စိမ်းလန်းရှင်သန်နေရမယ်
ပန်းပွင့် မဟုတ်ဘူး
ဒါပေမယ့်
ဖူးပွင့် ဝေဆာနေရမယ်
အဲ့ဒီလိုပဲ
ဆောက်တည်လိုက်တယ်
*လူ့ဘုံခန်းဝါ လူ့ပြည်ရွာမှာ
လာတုန်းခဏ ဧည့်သည်မျှ *
အတ္တသမ္မာ ပဏီဒိ
အတ္တာဟိ အတ္တာနော နာထော
/ငရာ/
No comments:
Post a Comment