Monday, August 15, 2022

"ဗုဒ္ဓနှင့်တွေ့ဆုံခြင်း"

"ဗုဒ္ဓနှင့်တွေ့ဆုံခြင်း"

ဘာမဟုတ် ညာမဟုတ်နဲ့
ငါဗုဒ္ဓဘုရားကိုတောင်မှ
ရှေးဟောင်းပစ္စည်းတွေကြားမှာ
ရောင်းစားခံရ
စီးပွားရေးမျက်စိစူးရှတဲ့
ဒီလို ဥရောပမှာ
မင်းက ဘာလာလုပ်သလဲ တဲ့
ဗုဒ္ဓက မေးတော်မူတယ်။

အရှင်ဘုရား မသိလို့​နော်
ကိုယ်တော်သာ မြန်မာနိုင်ငံမှာရှိရင်
ပူဇေမိ အမျိုးမျိုးနဲ့
ရှိခိုးခံရမှာတော့ အမှန်ပါပဲ။
ဒါပေမယ့်
မမှန်တာတွေပြော 
မမှန်တာတွေ ဟောနေရ
ကိုယ်တော်က ဗုဒ္ဓေါ တ,မိပြီး
ပြေးကြွချင်မှာ သေချာတယ်။
မမှန်တာတွေ ပြောတော့လည်း
သံသရာတစ်ကြောမှာ
အဖန်တရာ မောနေဦးမှာကိုး ဘုရာ့။

လက်နက်ကိုင် အစိုးရက
အရပ်ရပ် နေပြည်တော်
ကြားလို့မှ မလျော်အောင်
အော်ဒါတွေထုတ် 
မတော်တာတွေ လုပ်နေတော့
ဗုဒ္ဓကိုကြိုးတုပ်
အချုပ်ထဲ ထည့်ရင် မခက်ပါလား။

ဒီကောင်တွေက
ဉာဏ်လည်းမရှိ
အမှန်လည်း မသိ
ကတိလည်း မတည်
အပလီ အမျိုးမျိုးနဲ့
အဝီစိအိုးကလည်း ပုပ်စော်နံ
နိုင်ငံကိုလည်း မလေးစား
ကလေးကလားစိတ်ဓာတ်နဲ့
သိပ်ပြီးညစ်ပတ်ကြပါတယ်။

စစ်တပ်ဆိုတာ
ပြည်သူကိုအနိုင်ကျင့်ဖို့
မြှောက်ပင့်အားပေး ဓားသွေးခိုင်းထားတဲ့
အရိုင်းများရဲ့ခိုလှုံရာ
ဗိုလ်တကာတို့ရဲ့ ဘုရင်ပါ ဘုရား။
ဗိုလ်နေဝင်းစစ်တပ်ဆိုတာ
ပစ်ခတ်ဖို့နဲ့ ညစ်ပတ်ဖို့ပဲ သိတာမဟုတ်လား။

ပြည်သူတွေကတော့ တက်တက်မွဲ
ရဟန်းကောင်းတွေက ခွက်လက်စွဲ
ဒင်းတို့တတွေက သဘက်သရဲ
လက်နက်ပဲ အဓိက
လက်နက်ပဲ ပဓာန
လက်နက်စိုးမိုးတဲ့ စစ်ဝါဒပါ ဘုရား။

အရှင်မြတ်ဘုရားအဖို့ကတော့
ဥရောပ စူပါမားကတ်မှာ
ငြိမ်သက်စွာ စံပယ်တာကမှ
အန္တရာယ်ခပ်သိမ်း ကင်းပျောက်ငြိမ်းပြီး
သိန်းသန်းမက တန်ဖိုးတက်
ဗုဒ္ဓ ဗုဒ္ဓ ဆိုပြီး
နှုတ်ဟလို့ အမြွက်ခံရဦးမယ်
စိတ်လက်မသာ ရှိတော်မမူပါနဲ့ဘုရား။

မြန်မာစစ်ဗိုလ်တွေ လုပ်သမျှနဲ့တော့
ဗုဒ္ဓ ဗုဒ္ဓ 
အချုပ်က မတက်
ဒုက္ခဖက်ရရင်
မုချမသက်မသာ ဖြစ်နေရမှာပါ။

တပည့်တော် ငပါမွှားက
တရားချတယ် မထင်ပါနဲ့
တိုင်းပြည်က ဒကာဒကာမအပေါင်း
အထောင်းခံရတာ များလွန်းလို့
ပြားပြားမှောက်နေရင်းက
တရားပေါက်ရခြင်းဖြစ်ပါတယ်
ခွင့်လွှတ်တော်မူပါ အရှင်ဘုရား။   ။

-တင်မိုး

3 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...