Wednesday, August 10, 2022

၈၈ ဆိုတာ ဒီလိုရှိတယ် ငါ့ညီ

၈၈ ဆိုတာ ဒီလိုရှိတယ် ငါ့ညီ 

၈၈ဆိုတာ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာပြီး 
အလွယ်တကူကောက်ကပ် ကောက်ခွာလုပ်လို့ရတဲ့ 
အဝါရောင်ဒေါင်းရုပ်စတေကာလေးကို 
ပြောတာမဟုတ်ဘူး...ငါ့ညီ

၈၈ ဆိုတာ ဒီမိုကရေစီတိုက်ပွဲ၀င်ရင်း
ကျခဲ့တဲ့ ကျောင်းသားသွေးနဲ့
ကျန်ရစ်သူကျောင်းသားတွေရဲ့ ရင်ဘတ်မှာ 
သေရာပါ ရိုက်နှိပ်ထားတဲ့ အသားတံဆိပ်ပဲ။
     

၈၈ ဆိုတာ ရာသီဥတုအခြေအနေကောင်းမှ 
အခန့်သားထုတ်၀တ်ရဲတဲ့ 
လည်ကတုံးအင်္ကျီဖြူဖြူကို 
ပြောတာ မဟုတ်ဘူး ငါ့ညီ

၈၈ ဆိုတာ မိုးပေါ်ထောင်မပစ်ဘဲ 
လူအုပ်ကြားထဲ တည့်တည့်ရွာချလာတဲ့ 
ကျည်ဆန်မိုးတွေကြားထဲ
သွေးသံတရဲရဲဖြစ်သွားဖူးတဲ့ 
နီရဲရဲအင်္ကျီတွေပဲ။

၈၈ ဆိုတာ လိုင်စင်ခွင့်ပြုချက်ရတော့မှ 
ကိုယ့်နာမည်ကိုယ့်အဖွဲ့ ရောင်းအားမြင့်အောင် 
အော်ဟစ်ကြော်ငြာနေရတဲ့ 
လော်စပီကာကထွက်လာတဲ့အသံ မဟုတ်ဘူး ငါ့ညီ

၈၈ ဆိုတာ စစ်အစိုးရက 
ပြည်သူတွေ အမှန်ကို မသိနိုင် မကြားနိုင်အောင်
ကတ်ကြေးနဲ့ဖြတ် ငွေမင်နဲ့သုတ် 
ဖုံးဖိအမှောင်ချခဲ့တဲ့ကြားက 
ယိုစိမ့်ထွက်လာတဲ့ 
ရဲရဲတောက်သွေးစွန်းအမည်နာမတွေပဲ။

၈၈ ဆိုတာ ဟိုးရှေးရှေးတုန်းက
 ဗာရဏသီပြည်ကြီးမှာ ဖြစ်ခဲ့တာမဟုတ်ဘူး ငါ့ညီ

၈၈ ဆိုတာ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က 
မင့်အိမ်ရှေ့ လမ်းမထက်မှာ အမှန်တကယ်ဖြစ်ခဲ့တာ။

၈၈ ဆိုတာ ဆင်သေကို ဆိတ်သရေနဲ့ဖုံး၊ 
သူခိုးကလူဟစ်ထားတဲ့ 
အစိုးရသတင်းဆောင်းပါးတွေထဲက
 စာသားတွေမဟုတ်ဘူး ငါ့ညီ

၈၈ ဆိုတာ နိုင်ငံတကာမဂ္ဂဇင်းဂျာနယ်တွေမှာ 
အထင်အရှား အလေးထား ဖေါ်ပြခံရတဲ့ 
သမိုင်းဓါတ်ပုံတွေပဲ။

၈၈ ဆိုတာ ထုံးဖြူဖြူတွေအသုပ်ခံထားရတဲ့ 
အကောင်းပကတိနံရံဖွေးဖွေးကြီးမဟုတ်ဘူး ငါ့ညီ

၈၈ ဆိုတာ ကျည်ဆန်ရာတွေ 
သွေးစင်ပေကျံရာတွေနဲ့
 အတွင်းသားအုတ်ကွက်တွေကိုမြင်နိုင်တဲ့ 
အက်ကွဲနေတဲ့ အတိတ်နံရံဟောင်းတစ်ချပ်ပဲ။

၈၈ ဆိုတာ မနားတမ်းအက်ရှင်
 စိတ်ကူးယဉ် စစ်ရုပ်ရှင်ဇာတ်လမ်းတစ်ခု 
မဟုတ်ဘူး ငါ့ညီ

၈၈ ဆိုတာ ဘရင်းကယ်ရီယာတွေ၊
 လုံထိန်းတွေ၊ နံပါတ်တုတ်တွေ၊ ဒိုင်းတွေ၊ 
မျက်ရည်ယိုဗုံးတွေ၊ လက်ပစ်ဗုံးတွေ၊ ရိုင်ဖယ်သေနတ်တွေ၊
 မောင်းပြန်သေနတ်တွေ၊ ဘက်နက်တွေ၊ 
အပြာရောင်အချုပ်ကားတွေ၊ သံဆူးကြိုးတွေ၊ 
ဓာတ်ဆီဗုံးတွေ၊ ဂျင်ဂလိတွေ၊ ဓားရှည်တွေ၊ ဝါးချွန်တွေ၊ 
လှံတွေနဲ့ လူတွေထောင်နဲ့ချီ သေသွားတဲ့ 
ဒီနိုင်ငံရဲ့ ဖြစ်ရပ်မှန်တိုက်ပွဲတွေပဲ။

၈၈ ဆိုတာ စိတ်ရူးပေါက်ပြီး
 နေ့ချင်းညချင်း ထဖြစ်ခဲ့တဲ့ 
လူတစ်စုရဲ့ ရန်ပွဲမဟုတ်ဘူး ငါ့ညီ

၈၈ ဆိုတာ အုပ်ချုပ်သူအဆက်ဆက်ပြောင်းပေမယ့် 
အာဏာရှင်စနစ်မပြောင်းတဲ့ 
စစ်ဖိနပ်အောက် နာကျည်းခါးသီးမှုတွေ 
နှစ်လကြာရှည် စုဆောင်းမိလာပြီး
 မြို့ရဲ့လမ်းမတွေပေါ် တပြိုင်နက်
 ပေါက်ကွဲလျှံထွက်ကျလာတဲ့ 
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ စိတ်ဓါတ်လှိုင်းလုံးတွေပဲ။

၈၈ ဆိုတာ အသုံးမကျလို့ ပျောက်ကွယ်သွားရတဲ့ 
တောင်းဆိုးပလုံးဆိုးတွေ မဟုတ်ဘူး ငါ့ညီ

၈၈ ဆိုတာ တပ်မတော်ထက် အင်အားကြီးမားပြီး 
အုပ်ချုပ်သူအာဏာရှင်တွေအတွက် ကြောက်လန့်စရာကောင်းလွန်းလို့
 ကျူငုတ်မကျန် အမြစ်လှန် ဖျောက်ဖျက်ခံရတဲ့ 
သူရဲကောင်းတွေပဲ။

၈၈ ဆိုတာ မလိုအပ်တော့တဲ့
 သက်တမ်းလွန်စိတ်ကူးအကြံအစည်တစ်ခု မဟုတ်ဘူး ငါ့ညီ

၈၈ ဆိုတာ စစ်အစိုးရရဲ့စွန့်ကျဲသမျှ တ၀တပြဲစားပြီး 
သခင်အားရကျွန်ပါးဝနေတဲ့
အရင်းရှင်နဲ့ခရိုနီတွေရဲ့ အိပ်မက်ထဲက 
ထမင်းလုံးတစ္ဆေပဲ။

၈၈ ဆိုတာ မမြင်အံ့ မကြားအံ့
 ရွံကြောက်စရာ အတိတ်တစ္ဆေတစ်ကောင်မဟုတ်ဘူး ငါ့ညီ

၈၈ ဆိုတာ ညံ့ဖျင်းတဲ့ပညာရေးနဲ့ 
နိမ့်ကျတဲ့စီးပွားရေးကို ရခဲ့သူတွေရဲ့
ပုံစံခွက်ထဲက ဦးနှောက်နဲ့ ရင်ဘတ်ထဲက အကြောက်တရားပဲ။

၈၈ ဆိုတာ ကျောင်းပြဌာန်းစာအုပ်တွေမှာ 
အဖြုတ်ခံရတဲ့ သမိုင်းဖတ်စာ မဟုတ်ဘူး ငါ့ညီ

၈၈ ဆိုတာ မြန်မာပြည်သူတွေအားလုံး 
အလွတ်ရနေတဲ့ ကျောက်စာပဲ။

၈၈ ဆိုတာ ငါ့ညီနဲ့ မဆိုင်တာ မဟုတ်ဘူး ငါ့ညီ

၈၈ ဆိုတာ ငါ့ညီ ကျေညက်အောင်
 သင်ယူမှတ်သား ကျင့်ကြံပွားများရမယ့်
ဘ၀တစ်သက်တာ အိမ်စာပဲ။

၈၈ ဆိုတာ ဒီလိုရှိခဲ့တယ်
၈၈ ဆိုတာ ဒီလိုရှိနေတယ်
၈၈ ဆိုတာ ဒီလိုရှိလိမ့်အုံးမယ် ငါ့ညီ။ ။

-မောင်ယုပိုင်

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...