မင်း မျက်လုံးတွေကို မှိတ်မပစ်လိုက်နဲ့ဦး ရန်ကုန်
မင်း မျက်လုံးတွေကို မမှိတ်လိုက်နဲ့
ရန်ကုန်
မင်းက မိသားစုအယ်လ်ဘမ်ထဲ
နောက်ကျမှ အိပ်သူ
နောက်ကျ အစောအဆုံးထသူ ရန်ကုန်
မင်းမျက်လုံးတွေမို့
မင်းအာရုံခံစားမှုနီးနီး ယုံတယ် ။
မင်း မျက်ခုံးမွှေးပေါ်မှာ
ခြေလှမ်းတွေ ပြန်ဝင်စားဖို့
မင်း ပါးရိုးတွေအောက်
ဆူညံသံတွေ ပြန်ရိုက်သွင်းဖို့
စောင့်နေကြသူတွေ ရှိတယ်
မဟုတ်ပါဘူး မင်း အမှားလည်း
မဟုတ်ပါဘူး ဘယ်သူ့ အမှားမှလည်း
နှစ်ချို့ ဆားပေါက်နေတဲ့
ဦးနှောက်အသေတွေကြောင့်သာ
မင်းကိုယ်ထဲ အဖျားငွေ့ငွေ့
ခုနေခါ ဆူပွက်နေတာပါ
ဒီတော့
မင်း မျက်လုံးတွေကို မမှိတ်လိုက်နဲ့
ရန်ကုန်။
မင်း အပြုံးနဲ့အရယ်ဟာ
ညအတွက် ဘာမှမဟုတ်ပေမယ့်
ချစ်သူများအတွက်
မီးရှုးမီးပန်းတွေဖြစ်တယ်
မင်း လျှောက်ခဲ့တဲ့လမ်းတွေ
စျေးသည်တွေဖြစ်တယ်
မင်း လျှောစီးခဲ့တဲ့ ကုန်းတံတားတွေ
ကုန်တင်ကားကြီးတွေဖြစ်တယ်
မင်း ကြည့်ခဲ့တဲ့ ရုပ်ရှင်တွေနဲ့
မင်း ကြပ်ညပ်ခဲ့ရတဲ့ ဘတ်စ်တွေ
ဓာတ်မီးတိုင်ဝါဝါတွေဖြစ်တယ်
မင်းနဖူးက မင်းခြေဖျားထိကို
သူတို့တသသလွမ်းဆွတ်နေခဲ့ကြတာ
ရန်ကုန် ။
ဒီတော့ မင်းမျက်လုံးတွေ
မမှိတ်လိုက်နဲ့ဦး ရန်ကုန်
မင်း ရင်အုံက လှည်းတန်းလမ်းဆုံတက်တူးဟာ
ခေတ်အဆက်ဆက်ရဲ့ အိန္ဒြေပေါ့
တစ်နေပြီး တစ်နေ့ မင်းသတင်းကို
မေးလားမေးကြတယ်
ကျည်ဆန်ဘယ်နှစ်တောင့် ထုတ်ယူဖို့
ကျန်သေးလဲဆိုတာကအစ
ဘယ်တော့အခါများ နိုင်ငံတော်ဆီပြန်လာမလဲအဆုံး
အဆုံးမဲ့သည်အထိ
မေးလားမေးကြတယ်
ဒီတော့
မင်းမျက်လုံးတွေကို မှိတ်မပစ်လိုက်နဲ့ဦး
ရန်ကုန် ။
တိရစ္ဆာန်ရုံ
သံတံခါးပေါက်အဟောင်းကဝန်ခံတယ်
ဘယ်တိရစ္ဆာန်မှ သူ့ဆီက လွတ်ထွက်သွားခြင်းမရှိခဲ့ကြောင်း
နားလည်ရခက်တဲ့ ကရဝိက်တောင် အဲ့ဒီအကြောင်းကို
ထောက်ခံတယ်
မင်းကိုယ်ပေါ်မှာ နားနေတဲ့ ကျီးတွေကို မင်းခံစားမိလား
မင်း ကိုယ်ပေါ်မှာ နာနေတဲ့လူတွေကို မင်းခံစားမိလား ။
ရန်ကုန်
ရန်ကုန်
ရန်ကုန်
မင်းနာမည်မင်း တစ်ကျော့ပြန်နာယူဖို့
မင်း မျက်လုံးတွေကို မှိတ်မပစ်လိုက်နဲ့ဦး
ရန်ကုန် ။ ။
-ကောက်ကွေ့
No comments:
Post a Comment