ကြိုးတန်းပေါ်က အသံထွက်
====================
အမှောင်ထဲ
မျက်စိ မှေးမှေးဖွင့်ပြီး
ခိုးမကြည့်နဲ့
အရာရာဟာ
ရက်စက်ဖို့ အဆင်သင့်
ရာသီသွေးမမှန်တဲ့ ဓာတ်တိုင်မီးသီးလေးတောင်
အဖျားရှိန်နဲ့
ကြောက်လို့ ကွေးပြီ ။
ခုတော့
ညီရင်းအစ်ကို လျပ်စီးမဝင်ဘူး
ဆွေမျိုးသား ချင်း ကြေးနန်းမဝင်ဘူး
မြစ်ကူးချောင်းခြား
ရုပ်ချည်းသက်သက် သွားရတယ်
နာမ်ချည်းသက်သက် သွားရတယ်
ငယ်ထိပ်မှာ အစာအိမ်ရှိပြီး
ဦးနှောက်က အူလမ်းကြောင်းမှာ ပိတ်နေတယ်
ကိုယ့်ကိုယ်ကို ဘာတံဆိပ်ကပ်ထားမှန်း သိဖို့လိုတယ်။
နံရံကပ်တွေ
လမ်းညွှန်ဆိုင်းဘုတ်တွေ
ထွင်လုံး ဖြီးလုံးကြော်ငြာတွေ
နေ့စဉ်သုံး အသံထွက်တွေနဲ့ အခေါ်အပြောမရှိ
ကြိုးတန်းပေါ် ကြည့်လျောက်နေရတယ် ။
လူတစ်ချို့
အဝတ်အစားတွေ လဲဝတ်ကြ
ဦးထုပ်အမျိုးမျိုး ပြောင်းဆောင်းကြ
ငါတို့မှာတော့
အဝတ်အစားတွေ လောင်မီးကျ
မွန်းတည့်နေ ခေါင်းပေါ်ရွက်ထားရ
ဘူတာကူးမြန်ဖို့သာ သန္နိဌာန်ပြင်းတယ် ။
မိုက်ရူးရဲလား
သူရဲကောင်းလား
စကားအသွားအလာကြည့်ရင် သိနိုင်ပါတယ် ။
ရှူး တိုးတိုး
လေထုဟာ မီးလောင်လွယ်တယ်
မင်းတို့လျှာဟာ စနက်တံပဲ
ခဏ ခဏ
အထုတ်အသွင်း ...မလုပ်နဲ့ ။ ။
#ခက်သီ
No comments:
Post a Comment