Friday, July 8, 2022

ငါတို့ကျောင်းသားဘဝ

ကျောင်းပြီးရင် ကျူရှင်
ကျူရှင်ပြီးရင် ကျောင်း
ဂိုက်ပါ ထပ်ဆောင်း ထည့်ပေးမယ်။

ရယ်စရာ မကောင်းဘူးလား
စာမှန်သမျှ အကုန်ကျက်
မှတ်မိသလောက် ပြန်ချရေး
ဒါဟာ ပညာရေးတဲ့။

ငါတို့ရဲ့ တွေးခေါ်နိုင်စွမ်းတွေပျောက်ဆုံး
ကျပျောက်သွားတဲ့ လောက်စာလုံးတွေလို
စိတ်ဓာတ်တွေ အစရှာမရ။

ငါ့အဖေဟာ ဦးဘ ဖြစ်သလို
မင်းအဖေဟာ ဦးဘ ဖြစ်တယ်
ငယ်ဘဝရဲ့ ဆယ်နှစ်ဆယ်မိုးပေါ့
ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးခဲ့ကြ
အဓိပ္ပာယ်မသိသော စာများ။

ဟေ့ တွေ့လား
ကာယအချိန်တိုင်း ငါတို့နုတ်ခဲ့ရတဲ့မြက်တွေ
စာမရရင် အဖေကရိုက်ပြီး
ဘောလုံးကန်‌တော့ အ‌မေကမကြိုက်ခဲ့
ဒီလိုနဲ့ မြန်မာ့အားကစား 
ဘာကိုလွှမ်းရမည် ညာကိုလွှမ်းရမည် 
သီကျူးကြတာပေါ့။

သေချာသလောက်တော့
ပုံဆွဲစာအုပ်ထဲ ဘာပုံမှမရှိခဲ့ဘူး
ဘဝတွက်တာ နဲ့ စာရိတ္တ
ဘယ်တော့မှမသင်ရတဲ့ ဘာသာတွေ
ဒါနဲ့များ 
ပညာရေးဖြင့် ဘာနိုင်ငံတော်ကြီး တည်ဆောက်မည် ဆိုလား
ငါတို့အားလုံးဖတ်စာအုပ်ထဲကစာတွေ ကူးရေးခဲ့ကြတယ်။

ဖောက်ထွက်လို့မရတဲ့ ဥခွံတွေပါ
မေးခွန်းတွေ တိမ်မြုပ်သွားတဲ့အခါ
စာသင်ခန်းဟာ အသက်မရှူတော့
အကြီးဆုံး သော့ခလောက်ဟာ
ကျောင်းစာကြည့်တိုက်ကို ခတ်လျှက်ပေါ့။

ခေတ်ရဲ့ကလေးများက မေးကြတယ်
သိပ္ပံခန်းက သရဲ နဲ့ 
ကွန်ပျူတာခန်းက သရဲ
ဘယ်သူ ဝါရင့်မလဲ တဲ့
နင့်နင့်နဲနဲ ပျက်လုံးလေးပါ
ကျက်စရာ ကုန်သွားတဲ့အခါ
စာစီစာကုံး ထိုင်ကျက်ရတာမျိုး။

မင်း သိဖို့က
ဂီတအချိန်ဆိုပေမယ့် သီချင်းဆိုခွင့်မရှိဘူး
မလိုချင်လည်း ယူ
လိုချင်လည်း ယူ
အကုန်လုံးယူပါ အိမ်စာ
သင့်အမြင်ကိုရေးပါ ဆိုတော့
ကျက်ထားတာတွေ ချရေးကြရ
စာတွေ အလွတ်ရသလောက်
ငါတို့ရင်ထဲ မရောက်ခဲ့ပုံများ
မိဘတွေက အဆင့် (၁) ကို 
မက်မက်မောမော နမ်းကြရဲ့။

အချိန်တခု ရောက်တဲ့အခါ
မင်းလည်း ဆရာဝန်ကြီး ဖြစ်လာမှာပါ
ဖောက်ပြီးသား လမ်းမှာ
ငါတို့အားလုံး ဆက်လျှောက်ကြမယ်
ဝါသနာပါဖို့ မလို
အသပြာရှာဖို့ပဲ လိုသတဲ့
ကျောင်းတော်ကြီးဟာ
အသင့်သုံး စက်ရုပ်များကို မွေးထုတ်ပေးခဲ့တယ်။

ဒီမယ် သူငယ်ချင်း
ဆယ်တန်းဟာ ဘဝ တဆစ်ချိုး မဟုတ်ဘူး
ငါတို့ ဘဝတွေ
အစိတ်စိတ် အမွှာမွှာ ကျိုးနေတာ
ကြာခဲ့ပြီ ။    ။

#လူလတ်

11 comments:

  1. စာမှန်သမျှအကုန်ကျက်
    မှတ်မိသမျှပြန်ချရေး ။

    ReplyDelete
  2. အဲလိုပညာရေးမျိုး မလိုခြင်တော့ဘူး

    ReplyDelete
  3. အလွတ်ကျက်ပညာရေးစနစ်

    ReplyDelete
  4. ဒါနဲ့ စာရော ခိုးချကြသေးလား😜

    ReplyDelete
  5. ဆရာမကျူရှင်မှာမတက်နိုင်ခဲ့တဲ့အခါ အတန်းထဲမှာ ဘာစာမှမရဘူး

    ReplyDelete
  6. မသိဘူး ကစားမယ်

    ReplyDelete
  7. သင်္ချာတွေပါ အလွတ်မှတ်

    ReplyDelete
  8. ခေါက်ရိုးကျိုးနေသောပညာရေး

    ReplyDelete
  9. အင်းဟုတ်တယ်

    ReplyDelete
  10. 🙏🙏🇲🇲🤝🇲🇲👍👍👍👍

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...