မလင်းပြာသို့
🔹🔹🔹🔹🔹🔹🔹
မောင်သိင်္ဂါ🔹ဆိုရှယ်ဒီမိုကရက်စာစဥ္
မလင်းပြာ
မင်းဘာကြောင့် မိုက်ချင်တာလဲ
မလင်းပြာ
မင်းဘာကြောင့်စိမ်းရတယ်
မလင်းပြာ
ငါ့လက်တံ လက်မောင်းတွေဟာ
ဒလကြမ်း ချီတက်လာနေတဲ့
သံချပ်ကာ တင့်ကားကြီးကို
ကာဆီးဟန့်တား
ဆွဲကိုင်ရပ်ထားနိုင်အောင် သန်မာရမယ်
မလင်းပြာ
ငါ့ရင်ကိုခွဲ
ငါ့အသဲနှလုံးကိုထုတ်
နောက်တစ်လှမ်းဆုတ် ရှေ့တအားပစ်သွင်းလိုက်ရင်
မရင်းတပ်သားတွေ အတုံးအရုံး
ဗုံးကနဲ ဗုံးကနဲ့
လဲသေစေနိုင်ရမယ်။
မလင်းပြာ
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး
မလင်းပြာ
ငါမပျော့ချင်ဘူးကွယ်
မလင်းပြာ
ငါ ဗီယက်နမ်ကိုသွားရမယ်။
အဲဒီမှာ
ရွှံ့ရည်ညစ်ညစ်
သလုံးသားနစ်တဲ့ လယ်တရိုးမှာ
ပျိုးနှုတ်နေသူလုံမရဲ့
ကျောက ရိုင်ဖယ်ကိုယူ
ကျူးလာသူ လေယာဉ်မှန်သမျှ
ငါ စောင့်ပစ်ပေးရမယ်။
မလင်းပြာ
ငါ ရိုဒီးရှားကိုသွားရမယ်။
အဲဒီမှာ
လူဖြူ လက်ဆုပ်စာက
ငါတကော မင်းလုပ်
ပြည်သူကို ချယ်လှယ်သွေးစုပ်ပြီး
ကျွန်လုပ်ညှဉ်းဆဲနေကြရာ
ရရာလက်နက်ကို ကိုင်စွဲ
ပြည်သူတွေ
တော်လှန်စစ်ကိုဆင်နွှဲနေကြရာ
အသားမဲတွေဖက်က
ငါ ဝင်ကူတိုက်ပေးမယ်။
မလင်းပြာ
မိုဇမ်ဗစ် အန်ဂိုးလာ
ဇန်ဘာဗွေ ကွန်ဂိုး
အာဖရိက တရိုးမယ်
နိုးကြား လက်နက်စွဲ
တိုက်ပွဲဝင်နေသူ လူမဲတွေရဲ့
ခြိမ့်ခြိမ့်သဲ စစ်ဗုံးသံ
ဘဝဂ်သို့ ညံနေရာ
ငါ စစ်ချီတေးတွေ သွားဆိုမယ်။
မလင်းပြာ
ငါ လက်တင်အမေရိကကို သွားရမယ်။
အဲဒီမှာ
ဗင်နီဇွေးလား ကင်ယွန်
ရေတံခွန် ရှိုအကြား
ပြောက်ကျားစခန်းတခုကနေ
လှုပ်ရှားမှုရေးရာများနဲ့ပတ်သက်လို့
ရဲဘော် ‘ချေ’ ဂွေဗားရားရဲ့
ညွှန်ကြားချက်တစောင်ကို
တောင်တွေဖြတ်သန်း
မြိုင်တန်းတွေရှိုးဝင်
လွင်ပြင်မှာ ဝပ်တွား
ပြေးလွှားပို့ပေးမယ့်
တော်လှန်ရေးဆက်သားတွေ
လိုနေသတဲ့ကွယ်။
မလင်းပြာ
ငါနယူးယောက်ကိုသွားရမယ်။
အဲဒီမှာ
‘ဗီယက်နမ် စစ်ညစ် ရပ်စဲပစ်’
တို့လူငယ်တွေမသေချင်ဘူး
ရင့်ကျူး ဟစ်ဆို
‘အင်ပါယာ’
အဆောက်အဦးကြီးပြိုမတတ်
ဖြိုမရ ခွဲမရ
ဆန္ဒပြတပ်ကြီးတွေ
ဒီရေလှိုင်းအိ
တတိတိ ချီတက်နေရာ
ငါ ပိုစတာတခုဆွဲပြီး လိုက်အုံးမယ်။
မလင်းပြာ
မင်းဘာကြောင့် မိုက်ချင်တယ်
မလင်းပြာ
မင်းဘာကြောင့်စိမ်းချင်တယ်
မလင်းပြာ
မင်းပြည်သူတွေကို ချစ်တယ်ဆိုရင်
မလင်းပြာ
မင်းပြည်သူတွေကို သနားတယ်ဆိုရင်
ပြည်သူ့တပ်ဖျားက
စစ်သားကြီးတစ်ယောက်ရဲ့
တောက်ပတဲ့ သံမဏိနှလုံးသားကိုမှ
အားယိမွကျေ
နှင်းဆီပန်းနုနုလေးကို မင်းချေချင်ရသလဲ။
မလင်းပြာ
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး
မလင်းပြာ
ငါမပျော့ချင်ဘူးကွယ်
မလင်းပြာ
ငါ ခုပဲစစ်ထွက်ရတော့မယ်။
( ဗီယက်နမ်စစ်ပွဲကာလက မောင်သိင်္ဂါ ကလောင်အမည်ဖြင့် ဆရာမောင်သာနိုး ရေးခဲ့သော
စစ်ဆန့်ကျင်ရေး ကဗျာဖြစ်ပါသည်။ )
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

No comments:
Post a Comment