Sunday, July 10, 2022

အိပ်မက်ရဲ့အခိုးအငွေ့များ

အိပ်မက်ရဲ့အခိုးအငွေ့များ
---------------------------------------

ဆယ်လမန်ရပ်ရှဒီရယ်
တာဆီလီမာနာဆရင်းရယ်
ကျွန်တော်ရယ်
ကမ္ဘာ့ ချောင်ကြိုချောင်ကြားမှာ
စကားဝိုင်းဖွဲ့ဖြစ်ကြတယ် ။

ကမ္ဘာကြီးထဲမှာ
ကဗျာရွာလေး တည်ချင်တယ်
အောက်တာဗီယိုပါ့ဇ်
ဒါမှမဟုတ် ရှေးမော့စ်ဟေနီကို
သူကြီး တင်မြှောက်ရင် ကောင်းမလား ။

လူ့ဘဝဆိုတာ
အနက်ရောင်နဲ့ ပုံနှိပ်ခံရတဲ့ နေ့တွေချည်းပဲ မဟုတ်ပါဘူး
တစ်ပတ်တစ်ခါ အနီရောင်နဲ့ ပုံနှိပ်ခံရပါသေးတယ်
ကျွန်တော်တို့ မှားချင်လည်း မှားမယ်
အဲဒီလို ကြားထဲက
တစ်ယောက်ဘဝကို တစ်ယောက် ငှားကြည့်မိကြတယ် ။

အရှိန်ရနေတဲ့ သီချင်းတစ်ပုဒ်ကို
ဇာတ်ကြိုးနဲ့ မတုံ့လိုက်ပါနဲ့
ကိတ်မုန့်ကို လှီးတဲ့ ဓားဟာ
ကိတ်မုန့်အရသာကို သိစရာ မလိုပေမဲ့
လူဖြစ်ခဲ့ရလို့ လူ့ဘဝ အရသာကို မြည်းကြည့်ချင်ပါတယ် ။

နွားနို့တောင်မှ ချဥ်သွားရင်
ဒိန်ချဥ် ဖြစ်သွားသေးတာပဲ
လူ့ဘဝကို ရိုးရိုးသားသား ခုံမင်တယ် ။

အမြိုက်ရေကြည် နှစ်ပက်လောက်နဲ့
ဟောဒီ နေ့တွေကို စွဲချက်မတင်လို
ကျွန်တော် မိခင်တွေကို ကြည်ညိုတယ်
ကလေးတွေကို လေးစားတယ်
စာလုံးပေါင်း အမှားတွေကို ဒီအတိုင်း ထားလိုက်ပါတော့ ။

ရထားတွေ အော်ကုန်ပြီ
ငှက်တွေ အော်ကုန်ပြီ
စျေးသည်တွေ အော်ကုန်ပြီ
မနက်တစ်ခွက် ဖျော်သောက်ဖို့
အိပ်ရာက ငေါက်ခနဲ ထထိုင်မိပြန်ပေါ့။         ။

#လှသန်း

5 comments:

  1. ကလစ်ခြင်းဖြင့်တော်လှန်ရေးတွင်ပါဝင်ကြပါ။

    ReplyDelete
  2. Tanintharyi နန်းထိုက်အောင် စစ်ဆင်ရေးစပြီ များများကလစ်ကြရအောင်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...