"အရက်ဆိုင်"
ဝမ်းနည်းစရာကောင်းလောက်အောင်
ကမ္ဘာပေါ်မှာ
အရက်ဆိုင်တွေ လိုအပ်ခဲ့ပါတယ်
လောကကြီးမှာ
ဘုရားကျောင်းတွေ လိုအပ်သလို
ပန်းခြံတွေ ကမ်းခြေတွေ ကစားကွင်းတွေ လိုအပ်သလို
ရုပ်ရုင်ရုံတွေ ပွဲတော်တွေ လိုအပ်သလို
ဝမ်းနည်းစရာကောင်းလောက်အောင်
အရက်ဆိုင်တွေ လိုအပ်ခဲ့ပါတယ်
ဘုရားသခင်ဆီမှာ အပြစ်တွေဝန်ချရတာ လွယ်ပါတယ်
အထီးကျန်မှုကို ဘယ်လိုဝန်ချရမလဲ
သစ်ခွပင်တွေစိုက်တော့လည်း
ပန်းတွေပဲပွင့်မှာ
ဆုံးရှုံးခဲ့တာတွေက သီးပွင့်လာမှာမှမဟုတ်တာ
နာကျင်မှုဟာ ရေကူးရုံနဲ့ပျောက်မသွားဘူး
လွမ်းဆွတ်ခြင်းကို ကိုက်နေတဲ့သွားလို နှုတ်ပစ်လို့မရဘူး
ချစ်ခြင်းမေတ္တာကို ဆာလောင်တဲ့အခါ
စားနေကျထမင်းဆိုင်မှာ မှာစားလို့မှမရတာ
ဒဏ်ရာကို အမှိုက်လို တံမြက်စည်းနဲ့လှည်းလို့မှမရတာ
ဝေဒနာကို လက်ကမ်းစာစောင်လို ဝေပစ်လို့ရမလား
ပြတင်းပေါက်တွေအကုန်ဖွင့်ပြီး
အိမ်ကို ဆေးအသစ်သုတ်ရမှာလား
တရားစခန်းပဲ ဝင်ကြည့်ရမလို
ပင်လယ်ဘက်ပဲ ခရီးထွက်ရမလိုလို
ခွေးလေးတစ်ကောင်မွေးဖို့ ရည်ရွယ်ထားတယ်
အားကစားတစ်ခုခုလုပ်ဖို့လည်း တွေးထားတယ်
ဆေးလိပ်ဖြတ်ရင်ကော ဒီအမောကပြေပါ့မလား
ဆာလောင်နေတာက စားစရာတစ်ခု မဟုတ်ဘူး
လိုနေတာ ဝယ်လို့ရတဲ့ပစ္စည်း မဟုတ်ဘူး
ညတွေရောက်လာပြန်ပြီ မိတ်ဆွေတို့ရေ
ဝမ်းနည်းခြင်းတွေကို ရင်ဆိုင်ဖို့
ဝမ်းနည်းစရာကောင်းလောက်အောင်
အရက်ဆိုင်တွေ လိုအပ်လာပါပြီ။
-စိုးမိုးယံ
No comments:
Post a Comment